သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို ရှေ့အပတ်ထဲ ရောက်ရှိမည်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး
ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး
ကွီတာနား (Thomas Ojea Quintana) ဟာ
ရှေ့လာမယ့်အပတ် သြဂုတ်လ ၃ ရက်နေ့ကနေ
၇ ရက်နေ့အထိ မြန်မာနိုင်ငံကိုသွားမယ်လို့
ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။
အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေး
ထားပါတယ်။

မစ္စတာကွီတာနားအနေနဲ့ မြန်မာနိုင်ငံသွားဖို့
ပြင်တာကြာနေပေမယ့် အခုအချိန်ကြမှ မြန်မာ
စစ်အစိုးရက ဖိတ်ကြားခံခဲ့ရတာဖြစ်လို့ သွားမှာ
ဖြစ်တယ်လို့ ကုလသမဂ္ဂဘက်က ပြောပါတယ်။ ဒါဟာ သူ့ကို ဒီတာဝန်ပေးပြီးနောက်မှာ
ပထမဦးဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်နိုင်တာ ဖြစ်ပါတယ်။

မစ္စတာကွီတာနားအနေနဲ့ ဒီခရီးစဉ်အတွင်းမှာ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ တွေ့ဆုံ
မှာဖြစ်သလို အစိုးရအဖွဲ့အစည်းအသီးသီးက တာဝန်ရှိသူတွေ၊ အခြား တိုင်းရင်းသား
ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ၊ လွတ်လပ်တဲ့ လူထုအဖွဲ့
အစည်း အသီးသီးက ကိုယ်စားလှယ်တွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက တာဝန်ရှိသူ
တွေနဲ့လည်း တွေ့ဆုံခွင့်ရဖို့ သူကြိုးပမ်းသွားမယ်လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ
ဖော်ပြပါတယ်။

ဒါ့အပြင် ဆိုင်ကလုံးမုန်တိုင်းသင့်ခဲ့တဲ့ဒေသကိုလည်း သွားရောက်ကြည့်ရှုနိုင်ဖို့ မြန်မာ
အစိုးရ အာဏာပိုင်တွေထံကို သူခွင့်တောင်းထားတယ်လို့ သိရပါတယ်။ အခု မစ္စတာ
ကွီတာနား မြန်မာနိုင်ငံကို သွားမယ့်အချိန်ဟာ တိုက်တိုက်ဆိုင်ဆိုင်ဆိုသလို
ရှစ်လေးလုံးနှစ်ပတ်လည် နှစ် ၂၀ ပြည့်တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ရှစ်လေးလုံး
ကာလမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးအတွက် ဆန္ဒပြ လှုပ်ရှားသူ
တွေကို မြန်မာအစိုးရ အာဏာပိုင်တွေဘက်က အကြမ်းဖက် နှိမ်နင်းခဲ့တာကြောင့်
မြန်မာနိုင်ငံ လူ့အခွင့်အရေးသမိုင်းမှာတော့ ဆိုးဆိုးရွားရွား မှတ်တမ်းတင်ကျန်ခဲ့တဲ့
နေ့လို့ ပြောရမှာပါ။

အခုလိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် မစ္စတာကွီတာနားကို မြန်မာနိုင်ငံလာရောက်
ခွင့် ပေးခဲ့တာနဲ့ပတ်သက်လို့ အန်န်စီဂျီယူဘီဝန်ကြီး ဦးဘိုလှတင့်ရဲ့ အမြင်ကို
မေးကြည့်ပါတယ်။

"လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကို ကိုယ်ကြိုက်တဲ့အချိန်မှာ
လက်ခံတယ်၊ ကိုယ်မကြိုက်တဲ့အချိန်မှာ ငြင်းပယ်၊ အချိန်ဆွဲတယ်ဆိုတဲ့ နေရာကနေ
အခုလို ရှစ်လေးလုံးနှစ်ပတ်လည် နီးကပ်လာတဲ့အချိန်မျိုးမှာ လာရောက်တာကို ခွင့်ပြု
တယ်ဆိုတာကိုတော့ အပြုသဘောအနေနဲ့ သတိကြီးကြီးနဲ့ ကြိုဆိုကြရမှာဖြစ်ပါတယ်။

"ဒါပေမယ့် အဓိက အခု မစ္စတာကွီတာနားအနေနဲ့ သူ့ကို ကုလသမဂ္ဂက ပေးအပ်ထား
တဲ့ Mandate အရ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို မှန်မှန်ကန်ကန်
သိရှိနိုင်အောင် ဘယ်လောက် ပွင့်ပွင့်လင်းလင်း ဆောင်ရွက်နိုင်မှုရှိမလဲ၊ အဲဒါကို
နအဖအစိုးရကနေ ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မလဲဆိုတာ ပိုပြီးတော့
အရေးကြီးတယ်လို့ မြင်ပါတယ်။"

အခု မစ္စတာကွီတာနားရဲ့ ခရီးစဉ်ကလည်း မြန်မာနိုင်ငံကို ပထမဆုံးသွားတဲ့ခရီးစဉ်
ဖြစ်တဲ့အခါကျတော့ အများကြီးတော့ မျှော်လင့်လို့မရဘူးပေါ့။ ဒါပေမယ့် သူ့ရဲ့ ပထမဆုံး
ခရီးစဉ်မှာ အောင်မြင်တယ်လို့ ပြောလို့ရအောင် တိုင်းတာနိုင်တဲ့စံမျိုးတွေဆိုရင်
ဦးဘိုလှတင့် ဘယ်လိုယူဆမလဲ။

"ကျနော်တို့အနေနဲ့ကတော့ နအဖစစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ တဖက်က ဖိတ်ခေါ်ပြီး
တော့ ကိုယ်ပြချင်တဲ့ ရှုခင်းရှုကွက်တွေကို ပြတာမျိုးထက် တကယ့် နိုင်ငံရေးအကျဉ်း
သားတွေနဲ့ တွေ့ဆုံခွင့်ပေးမယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုက်အခံခေါင်းဆောင်
တယောက်အနေနဲ့၊ ပြည်သူလူထုရဲ့ ဒီမိုကရေစီခေါင်းဆောင် တယောက်အနေနဲ့ သူ့ရဲ့
လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေကို ပြောပိုင်ခွင့်တွေ ရှိမယ်ဆိုခဲ့
လို့ရှိရင်တော့ ဒါဟာ အားလုံးက ကြိုဆိုရမယ့် တိုးတက်ဖြစ်ပေါ်မှုတွေလို့ ကျနော်ယူဆ
ပါတယ်။"
အန်န်စီဂျီယူဘီ အဝေးရောက်ညွန့်ပေါင်းအစိုးရဝန်ကြီး ဦးဘိုလှတင့် ပြောပြသွားတာပါ။

မစ္စတာကွီတာနားအနေနဲ့ ဒီခရီးစဉ်ရဲ့ရလဒ်ကိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး
ကောင်စီကို တိုက်ရိုက် အစီရင်ခံစာတင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အခြား ကုလသမဂ္ဂကိုယ်စားလှယ် နောက်တဦးဖြစ်တဲ့ ကုလ
သမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဂမ်ဘာရီ
(Mr. Gambari) ဟာလည်း သြဂုတ်လအတွင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပါ
တယ်။ မစ္စတာဂမ်ဘာရီ အခုသွားရောက်မယ့်ခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ်ကတည်းကဆိုရင်
လေးကြိမ်မြောက်ခရီးစဉ် ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG