မြန်မာ့အရေး လှုပ်ရှားသူတွေ နဲ့ မြန်မာနိုင်ငံ က ဒုက္ခသည်၊ အလုပ်သမားတွေ အများဆုံး ရှိတဲ့ မဲဆောက်မြို့ကို သမ္မတ ကတော် လော်ရာဘုရှ် ရှေ့အပတ်ထဲ သွားရောက်ဖို့ ရှိပါတယ်။ သူ မရောက်ခင် အဲဒီဒေသမှာ ဘယ်လို ဂယက်ရိုက်မှုတွေ ရှိနေပါပြီလဲ။ မြန်မာ့အရေး လှုပ်ရှားသူတွေကရော ဘာတွေများ ပြောဆိုနေကြပါသလဲ။ လောလောဆယ်မှာတော့ မဲဆောက်မြို့မှာ ထိုင်းအာဏာပိုင်တွေက လုံခြုံရေး တိုးမြှင့်ချထားသလို အဖမ်းအဆီးတွေလည်း အတော်များများ ရှိနေပါတယ်။ မေအေးအေးမာက အပြည့်စုံကို တင်ပြထားပါတယ်။
အမေရိကန်သမ္မတ ကတော် လော်ရာဘုရှ် သြဂုတ်လ ၇ ရက်နေ့မှာ ထိုင်းကိုလာမယ်ဆိုတာကြောင့် ထိုင်း အာဏာပိုင်တွေက လုံခြုံရေး တင်းကျပ်ပြီး မြန်မာပြည်သား အများအပြားကို ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။ လက်ရှိအနေအထားအရ သမ္မတ ကတော် လာမယ့်ကိစ္စကို မြန်မာ့အရေးအတွက် မျှော်လင့်မှုတွေ ရှိပေမယ့်လည်း များများစားစား မမျှော်လင့်ထားတဲ့အကြောင်း ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ လက်ရှိမှာတော့ မြန်မာပြည်သား တော်တော်များများဟာ မဲဆောက်မြို့မှာ အဖမ်းအဆီးခံနေရကြောင်း အလုပ်သမားရေး ဆောင်ရွက်နေသူ ကိုမိုးကြိုးက အခုလို ပြောပါတယ်။
"ဒီ မဲဆောက်နဲ့ ပတ်ဝန်းကျင်မှာ ကျနော်တို့ နေ့ဆိုလည်း နေ့မိုလို့၊ ညဆိုလည်း ညမိုလို့ လုံခြုံရေးအဖွဲ့တွေကနေပြီးတော့ မြန်မာအလုပ်သမားတွေနဲ့ မြန်မာပြည်သားတွေကို ဖမ်းဆီးနေတာကို ကျနော်တို့ တွေ့ရပါတယ်။ အခုဆိုရင် ကျနော်တို့ လာမယ့် သြဂုတ်လ ၁၂ ရက်နေ့က မိဖုရားမွေးနေ့ ဖြစ်ပါတယ်။ အများသောအားဖြင့် အရင်နှစ်တွေကဆိုရင် သြဂုတ်လ ၁ ရက်နေ့ကစပြီးတော့ မိဖုရားမွေးနေ့အတွက် ဒီမှာ ကျနော်တို့ ဈေးပွဲတွေ ဘာတွေ ရှိတယ်။ အဲဒီကို သွားတဲ့သူတွေ ဖမ်းဆီးတဲ့သူတွေ မရှိဘူး။ အခုဆိုရင် အဲဒီ မိဖုရားမွေးနေ့ ဈေးပွဲကို သွားလာလည်ပတ်တဲ့သူတွေကိုတောင်မှ လမ်းခရီးမှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းတယ်။ စက်ဘီးပါရင် စက်ဘီးကို ဖမ်းထားတယ်။ ဆိုင်ကယ်ပါရင် ဆိုင်ကယ်ကို ဖမ်းထားတယ်။ လူတွေဆိုရင်လည်း ဖမ်းသွားတာကို ကျနော်တို့ တွေ့နေရတယ်။ အဲဒါက နေ့တင်မဟုတ်ဘူး။ ညဘက်လည်း အဲဒီအတိုင်းပဲ။ အဲတော့ လော်ရာဘုရှ် လာတဲ့အချိန်မှာ ကျနော်တို့အတွက် အကျိုးသက်ရောက်မှု တစုံတရာ ရှိတာမရှိတာ အပထား၊ လောလောလတ်လတ်တော့ ကျနော်တို့ မြန်မာအလုပ်သမားတွေ၊ မြန်မာပြည်သားတွေ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံနေရတာကတော့ လက်တွေ့ပဲခင်ဗျ။"
မဲဆောက်မြို့မှာ အလုပ်လုပ်ဖို့ ရောက်ရှိနေတဲ့ ကျောင်းသားတဦးကတော့ သူ့ရဲ့ မျှော်လင့်မှုကို အခုလို ပြောပါတယ်။
"သူ့ကို ကျနော်တို့ မျှော်လင့်ထားတာတော့ အနည်းနဲ့အများတော့ မျှော်လင့်ထားတာပေါ့။ ဖြစ်နိုင်ခြေ နည်းတာက တပိုင်းပေါ့။ မျှော်လင့်ထားတာက အမေရိကန်သမ္မတ ကတော် တယောက်အနေနဲ့ ဒီမှာ အတိုက်အခံတွေနဲ့ သေသေချာချာ ညှိညှိနှိုင်းနှိုင်း ဆွေးနွေးလိုက်ရင်တော့ နောက်ထပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက နိုင်ငံတကာ တရားရုံးမှာ တရားစွဲဖို့တို့၊ ဘာတို့မှာ သူ ပိုပြီးတော့ ကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီတချက်တော့ ကျနော် မျှော်လင့်ပါတယ်။ အဲဒီမှာ သူ့အနေနဲ့ ပိုပြီးတော့ လုပ်ပေးနိုင်မယ်ဆိုင်ရင် မြန်မာပြည်အတွက် ပိုကောင်းမယ်လို့ ကျနော် ထင်တယ်လေ။"
မြန်မာ့အရေးနဲ့ပတ်သက်လာရင်တော့ နိုင်ငံတကာက အဖျားရှူးသွားတဲ့ အခြေအနေတွေ ရှိခဲ့တာကြောင့် သိပ်များများစားစားကြီး အကျိုးရှိလိမ့်မယ်လို့ မထင်ကြောင်းကိုလည်း သူက ဆက်ပြောသွားပါတယ်။
"အတိုက်အခံတွေ အနေနဲ့က သေသေချာချာ ကျကျနန ရှင်းပြနိုင်ရင်တော့ မြန်မာပြည် နိုင်ငံရေးအတွက်က တိုးတက်နိုင်စရာ နည်းလမ်းတခု ပွင့်သွားနိုင်တဲ့ဟာလို့ ကျနော် မြင်တယ်လေ။ ဒါပေမယ့် အဲဒါကိုမှာမှ အတိုက်အခံတွေဘက်က ဖိဖိစီးစီး မလုပ်ပေးနိုင်ဘူးဆိုရင် လာတာက လာတာပဲ ဖြစ်မယ်။ နဂိုတုန်းက မြန်မာ့ပင်လယ်ကမ်းခြေနား စစ်သင်္ဘောတွေ ရောက်တာတောင် အနားရောက်ပြီးမှ ပြန်လှည့်သွားသေးတာ ဆိုတော့ တအားကြီးတော့ ထူးပြီး အကျိုးရှိမယ်လို့တော့ ကျနော် မထင်ဘူးပေါ့။"
သမ္မတကတော် လာမှာကြောင့် အစ္စလာမ် ဘာသာဝင် အများအပြား ဖမ်းဆီးခံရမှုတွေ ရှိနေကြောင်းကိုလည်း ကိုမိုးကြိုးက ပြောပြပါတယ်။
"အခု လောလောဆယ်အားဖြင့်တော့ ကျနော်တို့ တွေ့နေရတာကတော့ အစ္စလာမ်ဘာသာဝင် တော်တော်များများ အဖမ်းခံရတာလည်း တွေ့ရတယ်။ အဲဒါကြောင့်မိုလို့ မြန်မာပြည်သား အကုန်လုံး ဘာသာဝင်အားလုံးဟာ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရတယ်။ အခုလောလောဆယ်အားဖြင့်တော့ ကျနော်တို့ ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင် ပုံစံမျိုးစုံတို့ဟာ ကျနော်တို့ လမ်းစုံလမ်းခွတွေမှာရော၊ ရွာတွေဘက်ကို ထွက်တဲ့ လမ်းတွေမှာရောပါ ယူနီဖောင်းတွေ ဝတ်ထားတာတွေ ရှိတယ်။ ယူနီဖောင်းတွေ မဝတ်ဘဲနဲ့ မာဖီ (mufty - အရပ်ဝတ်) တွေနဲ့ ဖမ်းနေတာတွေလည်း ရှိပါတယ်။"
မြန်မာပြည်အရေးအတွက် ဘာတွေများ မျှော်လင့်ထားသလဲ ဆိုပြီး ကိုမိုးကြိုးကို ဆက်လက် မေးမြန်းကြည့်ခဲ့ရာမှာတော့ -
"ကျနော်တို့ မယ်တော်ဆေးခန်းတို့ ဘာတို့မှာ ကျနော်တို့ နယ်စပ်ဒေသ ပညာရေး ကျန်းမာရေးတို့နဲ့ပတ်သက်ပြီးတော့ အဓိကထားပြီး ဆွေးနွေးမှာ ဖြစ်တဲ့အတွက် မြန်မာပြည်နဲ့ပတ်သက်တဲ့ Message တစုံတရာကိုတော့ ပေးနိုင်တယ်လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ဒီ့ထက်ပိုပြီးတော့ တော့ ကျနော်တို့ များများကြီး မျှော်လင့်ထားတာ မရှိပါဘူး။ မြန်မာပြည်မှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တုန်းကလည်း နိုင်ငံကြီးတွေက အလျင်အမြန် အကူအညီ လိုပါတယ်။ အကူအညီ အမြန်ဆုံးပေးပါ။ ကယ်ပါလို့ ပြည်သူတွေက တစာစာ တောင်းနေတဲ့အချိန်မျိုးမှာ သူတို့တွေက သံခင်းတမန်ခင်း နည်းလမ်းတွေနဲ့ စစ်အစိုးရရဲ့ ခွင့်ပြုချက်ရမှသာလျင် သွားမယ်ဆိုပြီးတော့ Diplomacy နည်းလမ်းတွေလည်း ရှိတဲ့အခါကျတော့ သိပ်အားရစရာ မရှိတာကို တွေ့ရတယ်လေ။ အခုလို အေးအေးဆေးဆေး အခြေအနေမှာ လော်ရာဘုရှ် လာသော်လည်း ကျနော်တို့က ဘာမျှော်လင့်ချက်မှ ရှိမှာမဟုတ်ဘူး။ ကျနော်တို့ရဲ့ မျှော်လင့်ချက်က ကျနော်တို့ လက်ထဲမှာပဲ ရှိတယ်။ ကျနော်တို့ကိုယ်တိုင် အပတ်တကုတ် ကြိုးပမ်းအားထုတ်မှသာလျင် ကျနော်တို့ရဲ့ မျှော်လင့်ချက် က ရှင်သန်မှာဖြစ်တယ် လို့ ကျနော် မြင်တယ်လေ။"
သမ္မတကတော် လာမယ့်ခရီးစဉ်မှာ နယ်စပ်မှာရှိတဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးအဖွဲ့တွေကတော့ သူတို့ရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး တင်ပြနိုင်ဖို့ ပြင်ဆင်နေကြသလို ပညာရေးကျန်းမာရေးကိစ္စတွေ သာမက အမျိုးသမီးနဲ့ ကလေးတွေ ရဲ့ကိစ္စတွေကိုလည်း အလေးထား ဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်တာတွေလည်း ရှိနေကြပါတယ်။