သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အသစ် မြန်မာနိုင်ငံကိုရောက်ရှိ


ကုလသမဂ္ဂရဲ့ အသစ် ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနားဟာ ဒီကနေ့ ရန်ကုန်မြို့ကို ရောက်ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလက မစ္စတာ ကင်တာနားဟာ သူ့အရင် မြန်မာနိုင်ငံ လူ့အခွင့်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဂျီယို ပီညဲရိုးရဲ့ နေရာကို စတင် ဆက်ခံခဲ့တာပါ။ ဒါဟာ မစ္စတာ ကင်တာနားရဲ့ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ် ဖြစ်ပြီးတော့ သူဟာ မြန်မာစစ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

သူဟာ မြန်မာနိုင်ငံမှာ ကြာသာပတေးနေ့အထိ နေထိုင်မှာ ဖြစ်ပြီး သူ့ရဲ့ ခရီးစဉ်အတွင်းမှာ စစ်အစိုးရရဲ့ အရာရှိတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ တွေ့ဆုံရုံသာမက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေနဲ့ ပတ်သက်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးမယ်လို့ ဆိုပါတယ်။ သူဟာ ဗုဒ္ဓဟူးနေ့မှာ နေပြည်တော်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်း အစီရင် ခံစာဟာ မနှစ်ကနဲ့ ဘာမှ မကွာခြားဘဲ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇွန်လက မစ္စတာ ကင်တာနားက ပြောဆိုခဲ့ပါတယ်။ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီဆောင်ရွက်နေတဲ့ လူရွှင်တော် ကိုဇာဂနာနဲ့ နာဂစ် မုန်တိုင်းစောင့်ရှောက်ရေးဖို့ သံဃာတော်တွေနဲ့ တွေ့ဆုံဖို့ သွားတဲ့ ကျောင်းသားကျောင်းသူ လေးယောက်ကို စစ်အစိုးရ ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တာနားက စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန် ပြစ်တင်ခဲ့ပါတယ်။

မစ္စတာ ကင်တာနားဟာ အာဂျင်တီးနားနိုင်ငံသား၊ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေ အကျိုးဆောင်တဦးဖြစ်ပြီးတော့ အာဂျင်တီနားမှာ စစ်အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့စဉ်က အာဂျင်တီးနား စစ်တပ်က ဖမ်းဆီးသွားတဲ့ နိုင်ငံရေး လှုပ်ရှားသူတွေ ပျောက်ဆုံးနေမှုကို ပြန်လည်ဖော်ထုတ် စစ်ဆေးခဲ့တဲ့ ဥပဒေအကျိုးဆောင် တဦးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG