မြန်မာနိုင်ငံက
လူ့အခွင့်အရေး အခြေအနေ
တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရဲ့ မြန်မာ
နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စား
လှယ်သစ် တိုးမတ်(စ်) အိုဟေး ကင်တားနား
(Tomas Ojea Quintana) မြန်မာနိုင်ငံကို ၅
ရက်ကြာခရီးစဉ် ရောက်ရှိနေတဲ့ တချိန်တည်း
မှာပဲ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်း
သားတွေကို
ဆက်လက်ဖမ်းဆီးထားတာအပြင်
တခြားလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့
ပတ်သက်လို့ အနှစ်သာရမရှိတဲ့ ကတိတွေသာ
ပေးနေတာကို ကုလသမဂ္ဂဘက်က ဆက်ပြီး
လက်ခံနေဖို့ မသင့်တဲ့အကြောင်း နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty
International) က မနေ့က ကြေညာချက်
တစောင်
ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို မခင်ဖြူထွေးက တင်ပြပေး
ထားပါတယ်။
မြန်မာစစ်အစိုးရအနေနဲ့
နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးပြီးလုပ်ပါ့မယ်လို့
အမျိုးမျိုးကတိပေး ပြောဆိုနေပေမယ့်လည်း လက်တွေ့မှာတော့ နိုင်ငံရေးအကျဉ်းသား
တွေကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို
ကျူးလွန်နေဆဲဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြစ်တင်
ဝေဖန်လိုက်ပါတယ်။ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းစာဆရာကြီး
ဦးဝင်းတင် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်း
ပြန်လွှတ်ပေးဖို့ကိုလည်း အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အခုလို ကြေညာချက် ထုတ်ပြန်လိုက်တဲ့
အချိန်ဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ
ကင်တားနား မြန်မာပြည်ကို ရောက်နေတဲ့အချိန်နဲ့
တချိန်တည်းဖြစ်တာကြောင့်
အဖွဲ့ကြီးအနေနဲ့ မစ္စတာကင်တားနားရဲ့ အခုခရီးစဉ်ကနေ တစုံတရာ မျှော်လင့်မှုများ
ရှိနေလားလို့ မေးကြည့်တော့ မစ္စတာကင်တားနားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ သူ့ရဲ့
ပထမဆုံးအကြိမ် ခရီးစဉ်ဖြစ်တာကြောင့် ဒီခရီးစဉ်ကနေ ထူးထူးခြားခြား အပြောင်း
အလဲတခု လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ဖို့ဆိုတာ မလွယ်တဲ့အကြောင်း AI အဖွဲ့ရဲ့
မြန်မာ့အရေး သုတေသနမှူး ဘင်ဂျမင် ဇဝက်ကီး (Benjamin Zawacki) က ဆိုပါတယ်။
"မျှော်လင့်ဖို့
ခက်ပါလိမ့်မယ်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီခရီးစဉ်က သူ့ရဲ့ ပထမဆုံး
ခရီးစဉ်ပါ။ သူ့အနေနဲ့က မြန်မာနိုင်ငံမှာ အဖွဲ့အစည်း အသီးသီးကလူတွေ ပထမဆုံး
အကြိမ် တွေ့ဆုံမိတ်ဆက်မှာမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ခရီးစဉ်နဲ့ပတ်သက်လို့
ကျနော်တို့ရဲ့ မျှော်လင့်ချက်ကတော့ တော်တော်ကို နည်းပါတယ်။ ဒီလနှောင်းပိုင်း
မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့
မြန်မာနိုင်ငံဆိုင်ရာ
အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်ကို ကျနော်တို့က ပိုပြီးတော့ မျှော်မှန်း
တာပါ။
"ပြီးခဲ့တဲ့ ၁၀
လအတွင်း မြန်မာနိုင်ငံကို သုံးကြိမ်သွားရောက်ခဲ့တဲ့ မစ္စတာဂမ်ဘာရီ
အနေနဲ့လည်း ဘာမှ ထူးထူးခြားခြား ရလဒ်ကောင်းတစုံတရာရအောင် မလုပ်နိုင်ခဲ့ပါ
ဘူး။ ဒါကြောင့် ရှေ့တခေါက် မစ္စတာဂမ်ဘာရီ မြန်မာပြည်ကို သွားပြီးရင်တော့ တိကျ
သေချာတဲ့ ရလဒ်တစုံတရာ ရရှိအောင် လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အနည်း
ဆုံးအဆင့် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို
ပြန်လွှတ်ပေးတဲ့အထိ လုပ်နိုင်သင့်ပါတယ်။"
AI အဖွဲ့ရဲ့ မြန်မာ့အရေး သုတေသနမှူး ဘင်ဂျမင် ဇဝက်ကီး ပြောခဲ့တာပါ။
အထူးကိုယ်စားလှယ်သစ်
မစ္စတာကင်တာနားဟာ သူ့ရဲ့ အခုခရီးစဉ် ပထမဆုံးနေ့မှာ
မြန်မာနိုင်ငံက လူမှုရေး၊ ဘာသာရေး အသင်းအဖွဲ့တွေက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့
ပါတယ်။ အထူးကိုယ်စားလှယ်အနေနဲ့ ဘယ်လိုနေရာတွေကို သွားခွင့်ရမယ်၊ ဘယ်သူ
တွေနဲ့ တွေ့ခွင့်ရမယ်ဆိုတာ မသေချာပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(အန်န်အယ်လ်ဒီ) ပါတီကတော့ အထူးကိုယ်စားလှယ်နဲ့ တွေ့ခွင့်ရဖို့ မျှော်လင့်နေသလို
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်လို့ ပြောဆိုဆွေးနွေးဖို့
ပြင်ဆင်ထားတယ်လို့ အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဗွီအိုအေ
ကို ပြောပါတယ်။
"ကျနော်တို့ဘက်ကတော့
မစ္စတာပင်ညဲရိုး (Mr. Pinheiro) တုန်းကလည်း တွေ့ခဲ့ကြ
တော့ အခုလည်း တွေ့ခွင့်ရမယ်လို့ မျှော်လင့်ထားတယ်။ အဲဒါကြောင့် တွေ့လို့ရှိရင်
လူ့အခွင့်အရေး ချိုးဖောက်တဲ့ဟာတွေကတော့ အများကြီးပေါ့၊ အဲဒီအထဲကမှ
ဘယ်အချက်တွေကို ပြောသင့်တယ်ဆိုတာမျိုးတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က
ကြိုတင်စီစဉ် စဉ်းစားထားပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်တာနဲ့ပတ်သက်ပြီး
မြန်မာပြည်မှာ အများကြီးပဲ။ ဒီအထဲက အရေးကြီးတဲ့ဟာ၊ လတ်တလော ဆောင်ရွက်
သင့်တဲ့ဟာတွေကို ဦးစားပေးပြီး ဆွေးနွေးမှာပါ။"
အစိုးရလက်အောက်ခံမဟုတ်တဲ့
အစိုးရနဲ့ကင်းကွာတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့
တွေ့သင့်တယ်၊ ဒါမှသာ အထူးကိုယ်စားလှယ်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ
နဲ့ပတ်သက်တဲ့ သိချင်တာတွေကို သိခွင့်ရမှာဖြစ်တယ်လို့လည်း ဦးဉာဏ်ဝင်းက
ပြောခဲ့ပါတယ်။
အထူးကိုယ်စားလှယ်သစ်အနေနဲ့
နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်း
သားတွေကို ပြန်လွှတ်ပေးဖို့အပြင် တခြား လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်
လို့ မြန်မာစစ်အစိုးရကို တိုက်တွန်းပြောဆိုသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။