သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံးအကြို ပဲခူးမြို့မှာ လုံခြုံရေးတင်းကျပ်


မြန်မာနိုင်ငံမှာ ရှစ်လေးလုံးလို့ လူသိများတဲ့ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကို သွေးထွက်
သံယို နှိမ်နင်းခဲ့တာ အနှစ် ၂၀ ပြည့်မြောက်တော့မယ့်အချိန် နီးကပ်လာတာနဲ့အမျှ
မြန်မာနိုင်ငံ နေရာတချို့မှာ အာဏာပိုင်တွေက လုံခြုံရေးအစီအမံတွေ တိုးမြှင့်
လုပ်ဆောင်လာနေတာတွေ ရှိနေပါတယ်။ နိုင်ငံရေး ဆန့်ကျင်လှုပ်ရှားမှုတချို့ ရှိနေ
ချိန်မှာ အခုလို လုပ်ဆောင်လာတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြ
ပေးထားပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီတောင်းဆို လှုပ်ရှားမှုကို နှိမ်နင်းခဲ့တာ အနှစ် ၂၀ တင်းတင်း
ပြည့်တော့မှာ ဖြစ်ပေမယ့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ အနေနဲ့က မမေ့နိုင်
ဘဲ ဒါကို ပြန်ပြောင်းအမှတ်ရစေဖို့ လှုပ်ရှားမှုတချို့ ထွက်ပေါ်လာနေတဲ့ တချိန်တည်းမှာ
ပဲ အာဏာပိုင်တွေကလည်း လုံခြုံရေးတွေကို တိုးမြှင့်ချထားတာပါ။ လက်နက်ကိုင်
လုံခြုံရေးတွေအပြင်၊ မြန်မာစစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုး
ရေးအဖွဲ့ဝင်တွေ၊ စွမ်းအားရှင်တွေပါ မြို့ကြီးတချို့မှာ ဖြန့်ကြက်ချထားတယ်လို့ မြို့ခံတွေ
က ပြောပြကြပါတယ်။ ရန်ကုန်မြို့မြောက်ဘက် ပဲခူးမြို့မှာလည်း အစိုးရဆန့်ကျင်ရေး
လှုပ်ရှားမှုသတင်းတွေ ထွက်နေလို့ လုံခြုံရေးအစီအမံတွေ ရှိနေတဲ့အခြေအနေတွေနဲ့
ပတ်သက်လို့ မြို့ခံတယောက်က ပြောပြတာကတော့ …

"ပဲခူးမှာတော့ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်။ မနက်ဖြန်ဆိုရင် ပဲခူးမြို့မှာ
သွေးစွန်းတဲ့ရက်လေ။ ၆ ရက်နေ့ဆိုတာ ၁၉၈၈ ခုနှစ်က ပဲခူးမြို့မှာ သွေးစွန်းခဲ့တဲ့ရက်။
ပဲခူး အမှတ် ၃ ကျောင်းရှေ့မှာ ကျောင်းသားတွေ တော်တော်များများ ပစ်သတ်ခံခဲ့ရ
တယ်။ အဲဒီကျောင်းရှေ့မှာ ပန်းခွေချမယ်၊ ပန်းခြင်းချမယ် စသည်ဖြင့် သတင်းတွေ
ထွက်နေတယ်။ အဲလို ထွက်နေတဲ့အပေါ်မှာ လုံခြုံရေးကို တင်းတင်းကျပ်ကျပ်ချထား
တယ်။

"ပဲခူးမှာ အခုအချိန်ထိတော့ ဘာမှမဖြစ်သေးဘူး။ အာဏာပိုင်တချို့ကကျတော့လည်း
ဖြစ်မယ်ဆိုပြီး ပြောနေကြတယ်။ ဒီရက်မှာ ပန်းခွေချရင် ဖမ်းမယ်ဆီးမယ်ပေါ့။ ဒါပေမယ့်
ဘယ်သူ ပန်းခွေချမှာလဲ၊ ဘာလဲဆိုတာ အာဏာပိုင်တွေက လိုက်စုံစမ်းနေတယ်။ ပဲခူးမြို့
ယာဉ်ဝင်းထဲမှာလည်း ရဲတွေ၊ လက်နက်ကိုင်လုံခြုံရေးတွေ ချထားတာတွေ့ရတယ်။
လမ်းတွေ လမ်းတွေမှာလည်း လုံခြုံရေးတွေ ချထားတာ တွေ့ရတယ်။ လမ်းအသီးသီးမှာ
ရဲတွေ၊ ရဲတွေ။"

ဒီလို ရှစ်လေးလုံး လူထုအုံကြွမှု နှစ်ပတ်လည်ကာလ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ
တကျော့ပြန်ပေါ်လာမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုံခြုံရေးအစီအမံတွေ ရှိနေ
သလို၊ ထူးထူးခြားခြား ဆိုသလိုပဲ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်နိုင်တယ်ဆိုတဲ့
သတိပေးချက်တွေကိုလည်း အာဏာပိုင်တွေက ထုတ်ပြန်ထားတာတွေလည်း ရှိတယ်
လို့ ပြောကြပါတယ်။ ဗုံးခွဲတိုက်ခိုက်မယ့်သူတွေ ရှိနေတယ်၊ ဒီလူတွေနဲ့ပတ်သက်လို့
သတင်းပေးဖို့ ပဲခူးမြို့မှာ အာဏာပိုင်တွေက နှိုးဆော်ထားတာလို့ ဆိုပါတယ်။

"ဗုံးဖောက်ဖို့အတွက် လူလေးယောက် ဓာတ်ပုံတွေ လိုက်ကပ်ထားတယ်။ အဲဒီလူတွေ
တွေ့ရင် အကြောင်းကြားပေးဖို့ပေါ့။ ဆုငွေပါထုတ်ထားတယ်ပြောတယ်။ ဓာတ်ပုံဆိုတာ
လည်း သိပ် သဲသဲကွဲကွဲကြီး မဟုတ်ပါဘူး။ ခဲပန်းချီပုံစံမျိုး။ အဲဒါကို မိတ္တူကူးပြီးတော့
လိုက်ကပ်ထားတာ။ ယာဉ်ဝင်းတွေရော ဈေးရုံတွေမှာရော လိုက်ကပ်ထားတယ်။
တကယ့် လူအထင်ကရ နေရာတွေမှာ လိုက်ကပ်ထားတာပေ့ါ။ ဗုံးဖောက်ခွဲမယ့်လူ
လေးယောက် ရောက်နေတယ်ပေါ့။ အဲဒါကို သတင်းပေးနိုင်ရင် ဆုငွေဘယ်လောက်
ပေးမယ်ပေါ့။ အဲလိုရေးထားတယ်။"

မကြာသေးခင်လတွေကလည်း ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်း နေရာတချို့မှာ ဗုံး
ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လို့ ဒါတွေဟာ ဘယ်သူဘယ်ဝါ လက်ချက်
ဖြစ်တယ် ဆိုတာကိုတော့ အာဏာပိုင်တွေဘက်က စွပ်စွဲပြောဆိုမှု တချို့သာရှိပေမယ့်
ခိုင်ခိုင်မာမာ ထုတ်ဖော်နိုင်တာမျိုးတော့လည်း မရှိသေးပါဘူး။ ဒီလိုအခြေအနေမျိုးမှာ
လုံခြုံရေးတွေ တိုးမြှင့်ချထားတာ၊ ဗုံးခွဲတိုက်ခိုက်သူတွေ ရောက်နေတယ်ဆိုတဲ့ သတင်း
တွေနဲ့ပတ်သက်လို့ ဒေသခံတွေကြား သဘောထားတွေကတော့ အခုလိုပါလို့ ဒီမြို့ခံကပဲ
ပြောပြပါတယ်။

"ပဲခူးမြို့ခံတွေက ဒါတွေ ရိုးနေပြီ။ ဘယ်သူမှလည်း ရင်လည်းမခုန်တော့ဘူး၊ ဒီကိစ္စတွေ
က။ ဒါတွေက ဘယ်သူတွေလုပ်တယ်ဆိုတာ ပဲခူးမြို့ခံတော်တော်များများက သိနေ
တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်လည်းမခုန်တော့ဘူး၊ ဂရုလည်းမစိုက်ကြတော့ဘူး။"

ရှစ်လေးလုံး ဒီမိုကရေစီတောင်းဆိုတဲ့ လူထုအုံကြွမှု အနှစ် ၂၀ ပြည့်တော့မယ့်အချိန်
လုံခြုံရေးတွေ တိုးမြှင့်ချထားတဲ့ မြို့တမြို့ဖြစ်တဲ့ ပဲခူးမြို့က အခြေအနေတွေနဲ့ ပတ်သက်
လို့ မြို့ခံတယောက် ပြောပြသွားတာပါ။ ဒီအတောအတွင်း မြန်မာနိုင်ငံအနောက်ဘက်
ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း အာဏာပိုင်တွေက လုံခြုံရေးအစီအမံတွေ
တင်းကျပ်ထားပြီး ဒေသခံတွေကို မသင်္ကာရင် မသင်္ကာသလို စစ်ဆေးမေးမြန်းတာမျိုး
တွေလည်း ရှိနေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်အခြေစိုက် Kaladan သတင်းတပုဒ်ကလည်း
ဖော်ပြပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG