သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘုရှ် ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာအကြောင်း ပြောဆို


အမေရိကန် သမ္မတဘုရှ်ဟာ မနေ့ကပဲ အာရှ(၃) နိုင်ငံခရီးစဉ်ရဲ့ ဒုတိယမြောက် နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို ရောက်ရှိ ခဲ့ပါပြီ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်တဲ့နေ့မှာပဲ ထိုင်းဝန်ကြီးချုပ် ဆမတ်ဆွန်ထရာဝေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံ အကြောင်း အပါအဝင် အမေရိကန်ပြည်ထောင်စုနဲ့ ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးတွေနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ပါတယ်။ ဒေါ်ညိုညိုလွင်က အပြည့်အစုံကို တင်ပြပေးပါတယ်။

နှစ်နိုင်ငံ ဆက်ဆံရေး နှစ်ပေါင်း ၁၇၅ နှစ်ရှိလာပြီဖြစ်တဲ့ အထိန်းအမှတ်အနေနဲ့ အမေရိကန် သမ္မတဘုရှ် ထိုင်းနိုင်ငံကို ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ပါတယ်။

သမ္မတဘုရှ်ရဲ့ အာရှ သုံးနိုင်ငံ ခရီးစဉ်အတွင်း တောင် ကိုးရီယားနိုင်ငံ ဆိုလ်းမြို့ကို အင်္ဂါနေ့က ရောက်ရှိခဲ့ပြီး အလံ ဝှေ့ယမ်း နှုတ်ခွန်းဆက် ကြိုဆိုကြသူတွေရှိသလို ဆန္ဒပြကန့်ကွက်သူတွေလည်း ရှိခဲ့ပါတယ်။

ရှေ့နှစ် ဇန္နဝါရီလမှာ အိမ်ဖြူတော်ကနေ ထွက်ခွာရတော့မယ့် သမ္မတဘုရှ်အနေနဲ့ အာရှနိုင်ငံတွေအပေါ် အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ မျှော်လင့်ချက်တွေနဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့မှာ ထိုင်း ဝန်ကြီးချုပ် စမတ်စွန်ထရာဝေနဲ့ တွေ့ဆုံစဉ် အခုလိုပြောကြားခဲ့ပါတယ်။

“အစိုးရကောင်းများ ထွန်းကားပြီး လွတ်လပ်ခွင့် ကျယ်ပြန့်လာရေးအတွက် အမေရိကန်နဲ့ ထိုင်းတို့ ပူးတွဲ လုပ်ဆောင်နေကြတယ်။ ထိုင်းနိုင်ငံမှာ ဒီ စံနစ်ပြန်လည် ကျင့်သုံးလာတဲ့အတွက် အဆွေတော်ဝန်ကြီးချုပ်ကို ကျေးဇူးတင်သလို ထိုင်းနိုင်ငံသားတွေကိုလဲ ချီးကျူးဂုဏ်ပြုပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသ ဒီမိုကရေ စံနစ် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ဒေသ တလျှောက်လုံးမှာ ဒီမိုကရေစံနစ် တန်ဖိုးမြှင့်တဲ့ အဖွဲ့အစည်းများ တိုးပွားအောင် ကျနော်တို့ အတူတကွ ရပ်တည်နေကြပါတယ်။ မြန်မာ့အရေးနဲ့ ပတ်သက်လို့လဲ မြန်မာ ပြည်သူပြည်သားတွေအတွက် ကျနော်တို့ လက်တွဲကူညီကြဖို့ လိုပါတယ်။ မြန်မာပြည်မှာ ဆိုက်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့စဉ်ကလည်း ကျနော်တို့ ချက်ခြင်း အလျင်အမြန်ကို တုန့်ပြန် ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ အဲဒီတုံးက ထိုင်းနိုင်ငံအနေနဲ့ အဓိက နေရာက ပါဝင်ဆောင်ရွက် ပေးခဲ့တာကိုလည်း အထူးကျေးဇူးတင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်က ထိုင်းနိုင်ငံကို အလည်အပတ် ရောက်ရှိနေတုန်း ဝန်ကြီးချုပ် သာ့ဆင်နဲ့ တွေ့ဆုံစဉ်ကလည်း မြန်မာအရေးနဲ့ ပတ်သက်လို့ အခုလို ပြောဆိုမှုတွေ ရှိခဲ့ပါသေးတယ်။

“မြန်မာပြည်မှာ လွတ်လပ်ခွင့် ရရှိရေးကို ကျနော်တို့ အသဲလှိုက် အူလှိုက် လိုလားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အတွက် ရင်တွင်းက အလေးထားသလို ခုလို နေနေရတဲ့အတွက် ဝမ်းနည်းပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတာကို သိပ်ကို မြင်ချင်ပါတယ်။”

မြန်မာ စစ်အစိုးရဟာ မေလက တိုက်ခတ်ခဲ့တဲ့ ဆိုက်ကလုန်း မုန်တိုင်းဒဏ်သင့်သူတွေကို ထောက်ပံ့ကူညီမှုတွေ နှေးနှေးကွေးကွေးလုပ်ဆောင်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ အထူး ဂရုပြု စောင့်ကြည့်မှုကို ခံခဲ့ရတာပါ။

ဒီအတွက် လွန်ခဲ့တဲ့ ရက်သတ္တပတ်ကပဲ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်လက်လုပ်ဆောင်မယ့် ဥပဒေကို သမ္မတက လက်မှတ်ရေးထိုးအတည်ပြုခဲ့ပါတယ်။

ထိုင်းနိုင်ငံ The Nation သတင်းစာ ကာဗီ ချောင်ကစ်တာဗွန် ကတော့ အမေရိကန် အစိုးရက လောလောလတ်လတ် လုပ်ဆောင်ခဲ့တဲ့ မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေကို ချီးကျူးပြောဆိုခဲ့ပြီး သမ္မတဘုရှ်ရဲ့ အခု ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း ဖိအားပေးပြောဆိုမှုတွေ လုပ်ဆောင်လိမ့်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောဆိုခဲ့ပါတယ်။
အထူးသဖြင့် သမ္မတဘုရှ်အနေနဲ့ မြန်မာ စစ်အစိုးရအပေါ် စီးပွားရေး ပိတ်ဆို့တာတွေကို အလေးအနက်ထား အထူး လုပ်ဆောင်ပြီး နောက်ဆုံး ဂျိတ်အက်လို့ ခေါ်တဲ့ မြန်မာနိုင်ငံက ကျောက်မျက်ရတနာ တင်သွင်းရောင်းဝယ်မှုတွေ ပိတ် ပင်တဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင် သမ္မတ ရာထူးကနေ အနားယူဖို့ လအနည်းငယ်သာ ကျန်တော့ပေမဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သူ အမြဲစဉ်စားနေတယ်ဆိုတာ မြင်နိုင်ပါတယ်လို့လည်း ကာဗီက ပြောဆိုခဲ့ပါတယ်။

ထိုင်းအခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ တဦးဖြစ်တဲ့ လယ်ရီဂျာဂင်ကလည်း ဘုရှ်အနေနဲ့ စစ်အစိုးရကို လိမ္မာ ပါးနပ်စွာနဲ့ အပြောင်းအလဲ လုပ်ဆောင်ဖို့ ပြောလိမ့်မယ်။ ဒါမှမဟုတ်လည်း ဆိုင်ကလုန်း မုန်တိုင်းကယ်ဆယ်ရေး ကိစ္စတွေမှာ အာဆီယံ ပါဝင်ဆောင်ရွက်ခဲ့သလို ညှိနှိုင်းပြောဆိုမှုတွေ ရှိလိမ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒါဟာ ကြိုးစား လုပ်ဆောင်မှုတခု ဖြစ်ပါလိမ့်မယ်။ သမ္မတဘုရှ်အနေနဲ့ လိမ္မာ ပါးနပ်မှု ရှိမယ်ဆိုရင် တရုတ်နဲ့ ထိုင်း ကို နောက်ကွယ်ကနေ ဖိအားပေး ပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံ နှစ်(၂၀) ပြည်နေ့ မတိုင်မီ ရက်ပိုင်းမှာပဲ သမ္မတဘုရှ်က အခုလို ပြောဆိုမှု တွေရှိခဲ့တာပါ။

သမ္မတဘုရှ်ဟာ ဒီကနေ့ နေ့လည်ပိုင်း မှာတော့ မြန်မာ သတင်းသမားတွေနဲ့ မြန်မာအရေး လှုပ်ရှားသူတွေကို တွေ့ဆုံဖို့ ရှိပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG