သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေး တင်းကျပ်မှုကြားက ၈ လေးလုံးနှစ်ပတ်လည် အထိမ်းအမှတ်ပွဲများ


ဒီမနက် ၇နာရီလောက်မှာ ရခိုင်ပြည်နယ် တောင်ကုတ်မြို့က လူငယ်၅၀ကျော်ဟာ ၈လေးလုံး လူထု ဆန္ဒပြပွဲမှာ
ကျဆုံးခဲ့သူတွေအတွက် ဖောင်တော်ဦးဘုရားမှာ ကုသိုလ်ပြုဖို့ အသွား မယက ရုံးရှေ့မှာ အာဏာပိုင်တွေက ထိန်းသိမ်း လိုက်တယ်လို့ သိရပါတယ်။

ဒီအကြောင်းကို ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တွဲဘက်အတွင်းရေးမှုး ဦးသိန်းလှိုင်က အခုလို ပြောပါတယ်။

“ဒီနေ့ သြဂုတ် ၈ရက် မနက် ၇နာရီလောက်မှာ တောင်ကုတ်က လူငယ် ၅၀နီးပါးဟာ တောင်ကုတ်လမ်းမအတိုင်း ငြိမ်းချမ်းစွာ လမ်းလျှောက်လာခဲ့ကြတယ်။ နာရီဝက်ခန့်အကြာမှာ ရဲစခန်းရှေ့ကို ရောက်တယ်။ အဲဒီအခါမှာ ရဲတပ်ဖွဲ့ဝင်တွေကနေပြီး မယက ရုံးထဲကို ခေါ်သွားကြတယ်။ ခေါ်သွားပြီးတော့ အခုချိန်အထိ ပြန်မလွှတ်သေးဘူး။ သူတို့ကို စစ်ဆေးနေတယ်လို့ သိရတယ်။”

မနေ့ကလည်း တောင်ကုတ်မြို့ အနီးက နတ်မော်ရွာမှာ အဲန်အယ်လ်ဒီအဖွဲ့ဝင်တွေအပါအဝင် လူငယ် ကျောင်းသား စုစုပေါင်း ၂၀၀လောက်ဟာ ၈လေးလုံးမှာ ကျဆုံးခဲ့သူတွေအတွက် ဆွမ်းကပ်လှုပြီး ကုသိုလ်ကောင်းမှုပြုခဲ့သလို ဒီမိုကရေစီ ရသည် အထိ ဆက်လက် တိုက်ပွဲဝင်ဖို့ သံဓိဌာန်ပြုခဲ့တယ်လို့ ဦးသိန်းလှိုင်က ပြောပါတယ်။

အာဏာပိုင်တွေဘက်ကတော့ မယက ရုံးရှေ့က လမ်းကို သံဆူးကြိုးတွေနဲ့ ကာရံပိတ်ဆို့ထားလိုက်သလို တောင်ကုတ် တမြို့လုံးကို လုံခြုံရေးတွေ တိုးမြင့်ချထားတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာလည်း အချက်အခြာကျတဲ့နေရာတွေမှာ လုံခြုံရေးတွေ ချထားပြီး လုံခြည် အနက် ဝတ်သူတွေ အင်္ကျီအနီ ဝတ်သူတွေကို ပြန်လဲခိုင်းတာတွေရှိသလို စစ်ဆေးမေးမြန်းတာတွေ လုပ်တယ်လို့ စစ်တွေ
မြို့ခံတယောက်က ပြောပါတယ်။

သံတွဲမြို့မှာတော့ ကျောင်းသားလူငယ်တွေ စုပေါင်းပြီး ဒွါယာဝတီမြို့သစ်ရပ်ကွက်က ဘုန်းတော်ကြီးကျောင်း တကျောင်းမှာ ၈၈က ကျဆုံးခဲ့သူတွေအတွက် ကုသိုလ်ကောင်းမှု ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ တက်ကြွတဲ့ မကွေးတိုင်းအတွင်းက ရေနံချောင်းမြို့မှာလည်း အဲန်အယ်ဒီအဖွဲ့ဝင်တွေက
၈လေးလုံးအထိမ်းအမှတ်အဖြစ် ဘုန်းတော်ကြီးကျောင်း၈ကျောင်းကို ဆွမ်းကပ်လှူခဲ့တယ်လို့ အဲန်အယ်လ်ဒီအဖွဲ့က ဒေါ်ခင်စောဌေးက ပြောပါတယ်။ နေ့ခင်းဖက်မှာတော့ အောက်မေ့ဖွယ် အခမ်းအနားတခုကျင်းပပြီး လူငယ်တွေကို
ဒီမိုကရေစီရေး ဟောပြောခဲ့တယ်လို့ အခုလို ပြောပါတယ်။

“အကြီးအကျယ်တော့ မလုပ်နိုင်ဘူးပေါ့။ ကိုယ့်အဖွဲ့အဝင်တွေပဲ ဒီနေ့ ၈လေးလုံးနှစ်ပတ်လည်နေ့ရဲ့ အောက်မေ့ဖွယ်ရာ၊ ၈လေးလုံးပေါ်ပေါက်လာတာဟာ ဒီမိုကရေစီ တိုက်ပွဲရဲ့ အခြေခံ အုပ်မြစ်ပေါ့။ ရွှေဝါရောင် လုပ်ငန်းစဉ်တွေ ပေါ်ပေါက်လာပြီး ကိုယ်ရဲ့ လုပ်ငန်းစဉ်တွေဟာ မပြီးပြတ်သေးဘူးပေါ့။ ဒီမိုကရေစီမရသေးဘူး။ အဲဒီတော့ ဟိုဘက်က George Bushတို့ Laura Bushတို့တောင်ပဲ ကိုယ့်တိုင်းပြည်အတွက် အားပေးပြီး သူတို့ကိုယ်တိုင် စိတ်ပါဝင်စားပြီး လုပ်နေချိန်မှာ ကိုယ်လူထုက ကိုယ့်အားကိုယ်ကိုးပြီး မဆုတ်မနေလုပ်ရမယ်။ ပြီးခဲ့တဲ့ အခြေခံဥပဒေကို အသက်ဝင်အောင် ၂၀၁၀မှ လုပ်မှာပါ။ အဲဒါကို ကန့်ကွက်ရမယ်။ အန်တီတို့က ကလေးတွေကို အဲဒီလို နိုင်ငံရေးအကြောင်းတွေကို ပြောရတာပေါ့။”

ရေနံချောင်းမြို့မှာတော့ လွန်ခဲ့တဲ့နှစ်ရက်လောက်တည်းက စပြီးလုံခြုံရေးတွေ ချထားခဲ့တယ်။ ဒါပေမယ့် အဖမ်းအဆီးတော့ မရှိဘူးလို့ ပြောပါတယ်။

ရန်ကုန်မြို့က အခြေအနေကတော့ တမြို့လုံးမှာ လုံခြုံရေးတင်းကျပ်ထားပြီး အထူးသဖြင့် အဲန်အယ်ဒီရုံးရှေ့မှာ ပိုချထားတယ် လို့ ပြောပါတယ်။

“ရန်ကုန်မှာလည်း လုံခြုံရေးတွေ များတယ်လေ။ မီးပွိုင့်တွေ၊ အဓိကကျတဲ့နေရာတွေမှာ လုံထိန်းကားတွေ၊ လုံထိန်းတွေ စောင့်နေကြတယ်။ ပိုပြီးတော့ တင်းကျပ်ထားတာပေါ့။ ကျွန်တော်တို့ ရုံးရှေ့မှာတော့ ထုံးစံအတိုင်းပဲ စွမ်းအားရှင်နဲ့ ကြံ့ဖွံ့ကားတွေ၊ ဒိုင်နာကားတွေ ငါးစီး ခြောက်စီးလောက်ရှိတယ်။ စောင့်နေကြတယ်။ ထောက်လှမ်းရေးတွေ နဂိုထက် ပိုချထားတယ်ပေါ့။ ဒါပါပဲ။”

ဒါကတော့ အဲန်အဲယ်ဒီပါတီရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင် ပြောသွားတာဖြစ်ပါတယ်။

ပဲခူးမြို့မှာလည်း နေရာအတော်များများမှာ လုံခြုံရေးတင်းကျပ်ထားပြီး အထူးဖြင့် အထက ၃ ရှေ့မှာ ပိုမို တင်းကျပ်ထား တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG