သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး အနှစ် ၂၀ မြောက် အထိမ်းအမှတ် အမေရိကန် အစိုးရ လက်တွဲပူးပေါင်း


အနှစ် ၂၀ မြောက် ၈လေးလုံး လူထု အုံကြွမှုကို မြန်မာပြည်သူတွေနဲ့ အတူ လက်တွဲလိုက်ပါကြောင်း အမေရိကန် အစိုးရက ဆိုပါတယ်။

သမ္မတ ဂျော့ချ်ဘုရှ်နဲ့ မြန်မာ လှုပ်ရှားတက်ကြွသူတွေ၊ ဒုက္ခသည်တွေနဲ့ ထိုင်းနိုင်ငံမှာ ကြာသပတေးနေ့က တွေ့ဆုံကြပြီးတဲ့ နောက်၊ သောကြာနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝါရှင်တန်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ်ပေါ်လာအောင် အားထုတ်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံဖို့ အမေရိကန် ပြည်ထောင်စု က ကတိထားလုပ်ဆောင်ခဲ့ပါတယ်။ ဒါကို သမ္မတ ဂျော့ချ်ဘုရှ် က ထပ်မံ အတည်ပြု ပြောကြားလိုက်ပါတယ်။

ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုထားပြီး၊ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ အစစ်အမှန် တွေ့ဆုံဆွေးနွေးပြီး၊ ဒီမိုကရေစီ အုပ်ချုပ်ရေးကို အစစ်အမှန် ကူးပြောင်းဖို့လည်း စစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသား လူနည်းစုဒေသတွေမှာ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး မတော်မတရား ပြုကျင့်မှုတွေကို ရပ်ဆိုင်းဖို့၊ မြန်မာနိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားရေး အလုပ်တွေ လုပ်နေကြတဲ့ အဖွဲ့အစည်းတွေ အပေါ် ချုပ်ချယ် ကန့်သတ်ထားတာတွေကိုလည်း ရုပ်သိမ်းပေးဖို့ အဆိုပါ ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံရဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်မှုဟာ အဲဒီ အလုပ်တွေကို လုပ်ဆောင်ဖို့ ဦးတည်ပြီး၊ ခိုင်မာယုံကြည်လောက်တဲ့ ခြေလှမ်းတွေကို မြန်မာ အစိုးရက လှမ်းတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ် လို့ လည်း ကြေညာချက် မှာ ဆိုထားပါတယ်။

၁၉၈၈ သြဂုတ်လ ၈ ရက်နေ့ လူထုအုံကြွမှု နှစ်ပတ်လည် အထိမ်းအမှတ် ဆန္ဒပြပွဲတွေ ကို ပြည်ပ မှာ သောကြာနေ့ က ကျင်းပခဲ့ကြပါတယ်။ မနီလာ၊ ဘန်ကောက် နဲ့ သမ္မတ ကတော် လော်ရာဘုရှ် ကြာသပတေးနေ့ က သွားရောက် လည်ပတ်ခဲ့တဲ့ ဒုက္ခသည်စခန်းတွေ မှာ လူထု အစည်းအဝေးကြီးတွေ ကျင်းပခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း မှာတော့ ဆန္ဒပြတယ် ဆိုတဲ့ သတင်းတွေ မရရှိပါဘူး။ ရန်ကုန်မြို့ မှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG