သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး အခြေအနေ တိုးတက်မှု မရှိပုံကို သတင်းစာဆရာကြီး ဦးဝင်းတင် ထောက်ပြ


လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ် နဲ့ တွေ့ဆုံခဲ့ရာမှာ ထိန်းသိမ်းခံ သတင်းစာဆရာကြီး ဦးဝင်းတင် က မြန်မာနိုင်ငံကလူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုမရှိတာနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တယ်လို့ ဦးဝင်းတင် ရဲ့ မိသားစုမိတ်ဆွေ တယောက်ကပြောပါတယ်။ ရန်ကုန်မြို့ အင်းစိန်ထောင်မှာ လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံစဉ် အခုလို ပြောဆိုလိုက်တာပါ။ ဆရာ ဦးဝင်းတင် အထူးကိုယ်စားလှယ်ကို ဘာတွေ ပြောခဲ့တယ်ဆိုတာ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ထောင်ဒဏ်အနှစ် (၂၀) ပြစ်ဒဏ်ပေးခံထားရတဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် နိုင်ငံရေး အကျဉ်းသား (၅) ယောက်နဲ့ ရန်ကုန်အင်းစိန်ထောင်မှာ တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံက တိုးတက်မှု မရှိတဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တာနား (Tomas Ojea Quintana) ကို ဦးဝင်းတင် က ပြောဆိုလိုက်တာပါ။ သတင်းစာဆရာကြီး ဦးဝင်းတင် နဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်တို့ ပြောခဲ့ဆိုခဲ့ကြတာတွေ နဲ့ပတ်သက်လို့ ဒီကနေ့ပဲ ဦးဝင်းတင်ကို ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့တဲ့ မိသားစုမိတ်ဆွေ ဦးမောင်မောင်ခင် က ပြောပြတာကတော့ -

“တွေ့တွေ့ချင်း ပြောတာပါ။ - သူတို့ ငါ့ကို လာတွေ့တယ်ကွာတဲ့။ အားလုံး တို့ ဆွေးနွေးကြတာ ပြောကြတာ၊ ၄၅ မိနစ် ကြာတယ် တဲ့။ သူကလည်း သူ သိချင်တာတွေ မေးတယ်ကွာ၊ ပြောတယ်ကွာတဲ့။ ငါကလည်း ငါ ပြောချင်တာတွေ ပြောတယ်ကွာတဲ့။ ၄၅ မိနစ်လုံးလုံး။ အထူးသဖြင့်ကတော့ လူ့အခွင့်အရေး အခြေအနေ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေ နဲ့ပတ်သက်လို့ သူက လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မဟုတ်လားတဲ့။ လူ့အခွင့်အရေး ချိုးဖောက်တာ နဲ့ပတ်သက်လို့ ပြောပြရတာပေါ့ကွာတဲ့။ အဲတော့ ထောင်ထဲမှာဆိုလို့ရှိရင်လည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ပေးသင့်ပေးထိုက်တဲ့ အခွင့်အရေးတွေ မရတာတွေ၊ ဥပမာဆိုရင် - ငါဆိုရင်တဲ့၊ အနှစ် ၂၀ ထောင်ဒဏ်ချထားတာ ၁၉ နှစ်ထဲမှာ ရှိနေပြီ။ တကယ့်တကယ် လွတ်ရမယ်ဆိုရင် လျော့ရက်နဲ့ ငါဟာ လွတ်ရမှာ။ လွတ်လူဖြစ်နေပြီ။ အခု မလွတ်ဘူးတဲ့။ ၂၀၀၅ ဇူလိုင်လ ၅ ရက်နေ့တုန်းကလည်း ထောင်မှူးက ငါ့ကို ပို့ပြီးတော့မှ ပြန်ခေါ်သွားတာ။ ဒါလည်း လူ့အခွင့်အရေး ချိုးဖောက်တာပဲတဲ့။ နောက် ကျောင်းသားတွေ၊ အခု ဇာဂနာ တို့လို လူမျိုးတွေ ဘာမှ ရေရေရာရာ မဟုတ်ဘဲနဲ့ ဖမ်းပြီးတော့ အခုလို လုပ်ထားတယ်တဲ့၊ ဒါ လူ့အခွင့်အရေး ချိုးဖောက်တာတွေပဲလို့ ပြောလိုက်တယ်တဲ့။ အဲဒီလိုပဲ အလားတူပဲ အဲန်အယ်လ်ဒီပါတီ ဆိုပါတော့ အဲန်အယ်လ်ဒီပါတီ ဆိုရင်လည်း ရုံးချုပ်ပဲ ဖွင့်ပေးပြီးတော့ ကျန်တဲ့ မြို့နယ်ရုံးတွေ ပိတ်ထားတဲ့အခါကျတော့ ဒါလည်း လူ့အခွင့်အရေး ချိုးဖောက်တာပဲတဲ့။ အဲတော့ ကင်တားနား ကိုယ်တိုင်ကလည်း ပြောတယ်လေ။ ဦးဝင်းတင် နဲ့ တွေ့ရတာ သဘောထားချင်း တူညီတာတွေ အများကြီး ရှိပါတယ်တဲ့။ သူကလည်း ပြောတယ်။ ပြောလို့ကောင်းပါတယ်တဲ့။ ပြောရဆိုရတာ သူတို့ သိချင်တာလည်း သူတို့ မေးတယ်ပေါ့။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ ဒီတပတ်ထဲမှာပဲ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။ ဒါပေမဲ့လည်း အခုဆိုရင် အသက် (၇၈) နှစ် ရှိနေပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် အပါအဝင် မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၂ ထောင်လောက် ရှိနေသေးတာ နိုင်ငံရေး အခြေအနေတွေ တိုးတက်ဖြစ်ထွန်းမှုတွေ မရှိသေးတာတွေ စသဖြင့် အခြေအနေတွေဟာ တိုးတက်မှုမရှိ ဖြစ်နေဆဲပါ။ ဒါတွေနဲ့ ပတ်သက်လို့လည်း ဦးဝင်းတင် က လူ့အခွင့်အရေး ကိုယ်စားလှယ်နဲ့ ပြောဆိုတာတွေလည်း ရှိခဲ့တာပါ။

“သူတို့ကပြောတယ်လေ။ ဦးဝင်းတင် လွတ်မြောက်ရေးအတွက် သူတို့ တိုက်တွန်းပါ့မယ်ပေါ့။ အဲတော့ ဦးဝင်းတင်ရဲ့ လွတ်မြောက်ရေး ပေါ့လေ။ သူတို့ ကူညီပါ့မယ်။ သူက - ဒါ အဲဒါ ကျနော် မလိုချင်ဘူးတဲ့။ ကျနော် လိုချင်တာက နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးတာကို မြင်ချင်တယ်တဲ့။ သို့မဟုတ် လွတ်ရက် စေ့နေပြီ။ လွတ်ရက် စေ့ရက်သားနဲ့ မလွှတ်ဘဲနဲ့ ရက်တွေ တိုးတိုးပြီးတော့ ထားတဲ့ဟာကို ပြန်လွှတ်ပေးဖို့ ခင်ဗျားတို့ဘက်က လုပ်ပေးပါ။ အဲဒါမျိုးတွေကို လုပ်ပေးစေချင်တယ်။ အဲဒါမျိုးတွေကို တိုက်တွန်းချင်တယ်။ ကျနော် တယောက်တည်း လွတ်မြောက်ရေးကို ကျနော် မလိုလားပါဘူးတဲ့။ ခင်ဗျားတို့ ကျနော့်ကို အဲဒီလို စေတနာ ထားတဲ့အတွက် ကျေးဇူးတင်ပါတယ် - လို့ အဲဒီလို ပြောလိုက်တယ်တဲ့။ ကျနော် အသက်ကြီးလို့တို့၊ ကျန်းမာရေး မကောင်းလို့တို့ ဆိုတာတွေကို လက်မခံဘူးတဲ့။ ကျနော် မသေလည်း မသေသေးပါဘူးဗျာတဲ့။ တကယ့်တကယ်ကျတော့ သူတို့က သူတို့ ပြောသလို စည်းနဲ့ကမ်းနဲ့ ဥပဒေနဲ့ ဆိုလို့ရှိရင် စည်းကမ်းဥပဒေအတိုင်း လုပ်ဖို့ လိုတာပေါ့တဲ့။ သူက အဲဒီလို ပြောပြတယ်။”

သတင်းစာဆရာကြီး ဦးဝင်းတင် ကို ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့တဲ့ မိသားစုမိတ်ဆွေ ဦးမောင်မောင်ခင် ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားနဲ့ တွေ့ဆုံခဲ့တာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအဝင် နိုင်ငံရေး အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံခဲ့တာ တွေလည်း ရှိခဲ့ပါတယ်။ လောလောဆယ်မှာတော့ ကိုယ်စားလှယ်တော်ဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိနေပြီး၊ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေ၊ နောက် မေလထဲတုန်းက တိုက်ခတ်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်းလေဘေးဒဏ်သင့်ပြီး ထိုင်းနိုင်ငံဖက် ခိုလှုံလာသူတွေနဲ့ တွေ့ဆုံဖို့လည်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG