သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှစ်လေးလုံး နှစ်ပတ်လည်ကာလမှာ ဖမ်းဆီးမှုတွေရှိ


ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်မလွှတ်သေးတဲ့အပြင် နောက်ထပ် အဖမ်းအဆီးတွေကလည်း ရှိနေတာပါ။ မနေ့ညပိုင်းကလည်း (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ မမာမာဦး ကို အာဏာပိုင်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ (၈၈) မျိုးဆက် ကျောင်းသားတွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးတာတွေ ရှိနေလို့ အာဏာပိုင်တွေလက်က လွတ်မြောက်အောင် တိမ်းရှောင်နေတဲ့ကြားက ရန်ကုန်မြို့မှာပဲ အခုလို ဖမ်းဆီးခံသွားရတာလို့ မမာမာဦး နဲ့ နီးစပ်သူ မိတ်ဆွေတွေက ပြောပါတယ်။ ဒါဟာဆိုရင် အခုရက်ပိုင်းအတွင်း နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက် ဆိုသလို ရှိနေတဲ့ အထဲက နောက်ဆုံးကြားရတာလည်း ဖြစ်ပါတယ်။ ဒီမတိုင်ခင် ရှစ်လေးလုံး ဒီမိုကရေစီ တောင်းဆိုတဲ့ လူထုအုံကြွမှု အနှစ် (၂၀) ပြည့်တဲ့ အခုတပတ်ထဲမှာလည်းပဲ တက်ကြွလှုပ်ရှားသူ တချို့ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာတွေ ရှိခဲ့ပါတယ်။

လူ့အခွင့်အရေးကိုယ်စားလှယ် ပြန်သွားတာ ပူပူနွေးနွေးပဲရှိသေးတဲ့ အချိန်မှာ ဖမ်းဆီးမှုတွေရှိနေတဲ့ အထဲက နောက်တယောက်ကတော့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဦးမြင့်အေး ဖြစ်ပါတယ်။ မအေးအေးမာ က တင်ပြထားပါတယ်။

ဦးမြင့်အေးရဲ့ ဇနီးဖြစ်သူ မလဲ့ ဗွီအိုအေကို ပြောပြတာကတော့ -

"ကြည့်မြင်တိုင်က မြို့နယ်မှူး ဦးမြတ်လင်းရယ်၊ ထောက်လှန်းရေးက ဒုရဲမှူး ဦးကျော်စိန်ရယ် လူ ၁၀ ယောက်က အိမ်ပေါ်မှာတက်ပြီးတော့ ရှာဖွေရေး လုပ်သွားတယ်။ ၄ နာရီကနေ ၆ နာရီခွဲအထိ။ ပြီးတော့ ဦးမြင့်အေးကို သူတို့ ခေါ်သွားကြတယ်။ အရင်ခေါက်တွေကလိုပါပဲ။ ဘာကြောင့် ခေါ်သွားတာလည်း မသိဘူး။ ဘယ်ကို ခေါ်သွားတာလည်း မသိဘူး။ ဘယ်တော့ ပြန်ပို့မှာလည်း မသိဘူး။ ဦးမြင့်အေးကတော့ ခါတိုင်းလိုပဲ အဝတ်အစားတွေ ထည့်ပြီး ဆေးတွေ ဘာတွေ ယူသွားတယ်။ အဲဒီ သူ သုံးတဲ့ အသုံးအဆောင် ပစ္စည်းတွေ အပြည့်စုံ ထည့်ပြီးတော့ လိုက်သွားတာပဲ။ ဦးမြင့်အေးက လူ့အခွင့်အရေးပဲ လုပ်တာလေ။ တခြား ကိစ္စတွေမှာမှ မပါဘဲ။ လူ့အခွင့်အရေးအရ သူတို့ မဖမ်းဘူးလို့ ထင်တာပဲ။ ဖမ်းတဲ့ကိစ္စလည်း မဟုတ်ဘူးလို့ ထင်တာပဲ။"

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအဖွဲ့က အဖွဲ့ဝင်တွေဖြစ်တဲ့ ကိုမျိုးမင်းကိုတော့ သြဂုတ်လ ၆ ရက်နေ့က ဖမ်းဆီးခဲ့သလို ကိုသန့်ဇော်မြင့်ကိုလည်း ၇ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ စစ်အစိုးရ အနေနဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်ကို ဖိတ်ပြီး လူ့အခွင့်အရေး ကြေညာစာတမ်းတွေကို သဘောတူတာဟာ ဟန်ပြလားဆိုပြီး သံသယ ဖြစ်မိကြောင့် လူ့အခွင့်အရေး ကာကွယ်မြှင်တင်ရေးအဖွဲ့ အဖွဲ့ဝင် ကိုမောင်မောင်လေးက ပြောပါတယ်။ မကြာခင်ကမှ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကိုယ်စားလှယ်ရဲ့ စုံစမ်းချက်တွေဟာလည်း အားရမှုမရှိတဲ့အကြောင်း ကိုမောင်မောင်လေး က ဆက်ပြောပြပါတယ်။

"သူဟာ မြန်မာပြည်အတွင်းမှာရှိတဲ့ လူ့အခွင့်အရေးကိစ္စတွေကို စုံစမ်းဖို့ အဖြေရှာဖို့လေ။ ဆိုတော့ ဒီ လူ့အခွင့်အရေး ကိစ္စတွေ ဘယ်လောက်ဆိုးရွားနေတယ်၊ ဘယ်လောက် ကောင်းမွန်နေတယ် ဆိုတာ တိကျတဲ့အဖြေ ရဖို့ဆိုတာ တကယ့် ကျယ်ကျယ်ပြန့်ပြန့် သူကိုယ်တိုင် သွားလာနိုင်ရမယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့လူတွေကို သူကိုယ်တိုင် အလျဉ်းသင့်တဲ့အချိန်မှာ သူတွေ့ချင်တဲ့ အတိုင်းအတာမျိုးနဲ့ တွေ့ရမယ်။ လူ့အခွင့်အရေးကိစ္စကို ဆောင်ရွက်နေတဲ့ လူတွေနဲ့လည်း သူ့အနေနဲ့လည်း တွေ့သင့်တယ်။ တဖက်က ပို့ပေးတဲ့နေရာ၊ တဖက်က တွေ့ပေးတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့သွားယုံနဲ့မျှတော့၊ တဖက်က နိုင်ငံရေး ပါတီတွေနဲ့ ၁၀ မိနစ်တို့ ၁၅ မိနစ်တို့ တွေ့တယ်ပေါ့ဗျာ။ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေကို ဒီ ၁၀ မိနစ် ၁၅ မိနစ်နဲ့ သူမှမဟုတ်ပါဘူး။ ဘယ်သူမှ တွေ့နိုင်မှာ မဟုတ်ပါဘူး။ ဆိုတော့ ဒီ လူ့အခွင့်အရေး ကိုယ်စားလှယ် လာသွားတဲ့အပေါ်မှာလည်း ခုနက ပြောသလိုလေ - ကျနော်တို့က ထူးထူးခြားခြား သိပ် မမျှော်လင့်ပါဘူး။"

ဦးမြင့်အေး အဖမ်းဆီး ခံရတာဟာ ဒီတကြိမ်နဲ့ပါဆိုရင် ၈ ကြိမ်မြောက် ရှိခဲ့ပါပြီ။ ဦးမြင့်အေးဟာ လွန်ခဲ့တဲ့ မတ်လ ၂၆ ရက်နေ့တုန်းကလည်း အမည်မသိသူတွေရဲ့ ရိုက်နှက်မှုကို ခံခဲ့ရပြီး ရန်ကုန်ဆေးရုံကြီးက ဦးနှောက်နဲ့ အာရုံကြော ဌာနမှာ ဆေးဝါးကုသခံခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG