သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျော်ဂျီယာနဲ့ တောင်အိုဇက်တီးယားအရေး လုံခြုံရေးကောင်စီမှာ ညှိနှိုင်းမရ ဖြစ်နေဆဲ


ဂျော်ဂျီယာနိုင်ငံ ခွဲထွက်ရေးဒေသ တောင် အိုဇက်တီးယားမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာကို ရပ်တန့်ဖို့ လုံခြုံရေးကောင်စီအနေနဲ့ တတိယအကြိမ် သဘောတူညီမှု မရနိုင်ဘဲ ဖြစ်နေပြန်ပါတယ်။ တောင် အိုဇက်တီးယားက ဂျော်ဂျီယာရဲ့ စစ်ရေးလှုပ်ရှားမှုတေ ဟာ လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ ရုရှားအစိုးရ အရာရှိတွေက ဆိုပါတယ်။ တောင် အိုဇက်တီးယား ပဋိပက္ခဟာ အခုဆိုရင် တခြား ခွဲထွက်ရေးဒေသ တခုဖြစ်တဲ့ အဘ်ခါဇီးယား (Abkhazia) ဒေသအထိပါ ပြန့်နှံ့နေပြီလို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ဗွီအိုအေ သတင်းထောက် Margaret Besheer က သတင်းပေးပို့ထားပါတယ်။ မခင်ဖြူထွေးက တင်ပြထားပါတယ်။

အကြမ်းဖက်မှုတွေ မဖြစ်ပွားခင် သြဂုတ်လ ၆ ရက်နေ့ ပုံမှန် အခြေအနေအတိုင်း ပြန်ရောက်ဖို့ တောင်းဆိုတဲ့ ကြေညာချက် ထုတ်ပြန်ဖို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအကြား သဘောတူညီမှု မရခဲ့ကြပါဘူး။ အခုလို ကြေညာချက် နဲ့ပတ်သက်လို့ ဘုံသဘောတူညီချက်ရဖို့က မဖြစ်နိုင်တာမျိုး မဟုတ်ရင်တောင် အရမ်းကို ခက်ပါလိမ့်မယ် - လို့ လုံခြုံရေး ကောင်စီ ဥက္ကဌက ဆိုပါတယ်။

ဂျော်ဂျီယာကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး လုပ်ငန်းတွေဆိုင်ရာ လက်ထောက် အထွေထွေ အတွင်းရေးမှူး Edmond Mulet က လုံခြုံရေးကောင်စီ တံခါးပိတ် ဆွေးနွေးပွဲတခုမှာ ကောင်စီအဖွဲ့ဝင်တွေကို ဆွေးနွေးတင်ပြခဲ့တာပါ။ အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောခဲ့တဲ့နေရာမှာတော့ သူက - အကြမ်းဖက်မှုတွေဟာ ခွဲထွက်ရေးဒေသ Abhkazia အထိ ပျံ့နှံနေတဲ့အကြောင်း သတိပေး ပြောဆိုခဲ့ပါတယ်။ အဲဒီဒေသက ဒေသခံ အာဏာပိုင်တွေက အထက်ပိုင်း Kodori တောင်ကြားမှာ ကင်းလှည့်နေတဲ့ ကုလသမဂ္ဂ တပ်တွေ ရုတ်သိမ်းပေးဖို့ တောင်းဆိုပြီး သူတို့ရဲ့ တပ်တွေကိုလည်း တနေရာတည်းမှာ စုစည်းခဲ့ပါတယ်။

"လောလောဆယ် ကျနော်တို့ရဲ့အထူး အထူးစိုးရိမ်နေတာက တောင် အိုဇက်တီးယားဒေသကနေ ပဋိပက္ခက Abkhazia ဒေသကို ပျံ့နှံတဲ့သဘော ရှိနေတာကိုပါ။ Abkhaz ဒေသ ယာယီ အုပ်ချုပ်နေသူတွေအနေနဲ့ အထက်ပိုင်း Kodori တောင်ကြားမှာ စစ်ရေးလှုပ်ရှားမှုတွေကို မနက်ဖြန်မှာ စကောင်း စလုပ်နိုင်တယ်လို့ ဂျော်ဂျီယာမှာရှိတဲ့ ကုလသမဂ္ဂအဖွဲ့ UNMIG ရဲ့ စစ်ရေး စောင့်ကြည့်လေ့လာသူတွေက အစီရင်ခံပါတယ်။"

ရုရှားနိုင်ငံသားတွေ အများစု နေထိုင်ကြတဲ့ တောင် အိုဇက်တီးယားမှာ အကြမ်းဖက်မှုတွေ တိုးလာနေတာနဲ့ ပတ်သက်လို့ ရုရှား သံအမတ် Vitaly Churkin ကလည်း စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ လက်ရှိ အခြေအနေဟာ လူသားမျိုးနွှယ်တွေကို ဘေးဒုက္ခရောက်စေတဲ့ ကပ်ကြီးတခုသာ ဖြစ်တယ်လို့ ရုရှားသံအမတ်ကြီးက ဆိုပြီး မကြာခင် လူမျိုးတုံး သတ်ဖြတ်မှုတွေအထိ ဖြစ်လာမှာကို ရုရှားအနေနဲ့ စိုးရိမ်နေတယ်လို့လည်း လုံခြုံရေးကောင်စီမှာ သူက ပြောဆိုခဲ့ပါတယ်။

အဲဒီဒေသမှာ လူဦးရေက နည်းနည်းလေးပါ။ ၁ သိန်းလောက်ပဲ ရှိကောင်းရှိမှာပါ။ ဒီ့ထက်ပိုရင်လည်း အများကြီး မဟုတ်ပါဘူး။ အခု လူ ၂,၀၀၀ သေဆုံးခဲ့ပြီးပါပြီ။ ၃ သောင်းက ဒုက္ခသည်တွေ ဖြစ်နေကြပြီ။ ဒါကို လူမျိုးတုံး သတ်ဖြတ်မှုလို့ ပြောဖို့ လုံလောက်တဲ့ အချက်မဟုတ်ဘူးလားဗျာ။ လူမျိုးတုံး သတ်ဖြတ်မှုလို့ ပြောနိုင်ဖို့ နောက်ထပ် လူ ဘယ်နှစ်ယောက် ထပ်ပြီး သေရဦးမှာလဲဗျ။"

အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ဆိုင်းဖို့ လုံခြုံရေးကောင်စီအဖွဲ့ဝင် အတော်များများက မေတ္တာရပ်ခံနေကြပါတယ်။ ဒေသတွင်း ရုရှားတပ်တွေ ပြန်ရုတ်သိမ်းဖို့နဲ့ ပဋိပက္ခဖြစ်ရာဒေသနဲ့ အလှမ်းဝေးတဲ့ ဂျော်ဂျီယာပိုင် နယ်မြေတွေအပေါ် ရုရှားရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုပါတယ်။ ရုရှားကတော့ တောင် အိုဇက်တီးယားက ပြည်သူတွေကို ကာကွယ်ရမှာ ဖြစ်တဲ့အတွက် သူတို့ရဲ့ တပ်တွေကို ပြန်မရုတ်သိမ်းနိုင်ဘူးလို့ ဆိုပါတယ်။

ဂျော်ဂျီယာအနေနဲ့ တောင် အိုဇက်တီးယားက သူ့ရဲ့ တပ်တွေကို ပြန်ရုတ်သိမ်းပြီး အင်အားသုံး ဖြေရှင်းတာမျိုး မလုပ်ဖို့ တောင် အိုဇက်တီးယားနဲ့ သဘောတူ လက်မှတ်ထိုးဖို့ ရုရှားက ဂျော်ဂျီယာကို တောင်းဆိုပါတယ်။ ရုရှားဘက်က အပစ်အခတ် ရပ်မယ်ဆိုရင် သူတို့ဘက်ကလည်း အပစ်အခတ် ရပ်စဲပေးမယ်လို့ ဂျော်ဂျီယာက ဆိုပါတယ်။

လက်ရှိ အခြေအနေ နဲ့ပတ်သက်လို့ ဆွေးနွေးတိုင်ပင်မှုတွေ ဆက်လုပ်ဖို့ တနင်္ဂနွေနေ့ စောနိုင်သမျှ အစောဆုံးထားပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေ နောက်ထပ် တကြိမ် တွေ့ဆုံဆွေးနွေးကြဖို့ကိုလည်း ဂျော်ဂျီယာက တောင်းဆိုထားပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG