ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး တိုမတ်စ် ကင်တားနားဟာ ထိုင်းမြန်မာ နယ်စပ်မှာ အခြေစိုက်တဲ့ မြန်မာ့ဒီမိုကရေစီရေး အင်အားစုတွေနဲ့ တွေ့ဆုံပြီး ပြည်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး သွားရောက်ခဲ့တဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး အောက်တိုဘာလမှာ အစီရင်ခံစာ ထုတ်ပြန်ဖို့ ရှိတယ်လို့ ကင်တားနားက ပြောပါတယ်။ မစ္စတာ ကင်တားနားနဲ့ တွေ့ဆုံခဲ့တဲ့ ထိုင်းမြန်မာ နယ်စပ်အခြေစိုက် ဒီမိုကရေစီရေး အင်အားစုတွေနဲ့ မအေးအေးမာက ဆက်သွယ်မေးမြန်းထားပါတယ်။
မနေ့က လူ့အခွင့်ရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ လူအခွင့်ရေး အခြအနေတွေကို တင်ပြခဲ့တဲ့ မြန်မာနိုင်ငံ လူအခွင့်ရေး ပညာပေးရေးဌာနက ကိုအောင်မျိုးမင်းကပြောပြတာက
"သူ့ရဲ့ အစီရင်ခံစာတွေကို အောက်တိုဘာမှာ တင်ပြမယ်။ ရှေ့နှစ်
မတ်လမှာဆိုရင်တော့ အထွေထွေ ညီလာခံမှာ တင်ပြမယ်။ အဲဒီအတွက် သူက သတင်း အချက်အလက်တွေကို
စုဆောင်းနေတယ်။ သတင်းတွေ ရရှိရင်လည်း သူ့ဆီကို တင်ပြဖို့အတွက်လည်း သူက ပြောတယ်။"
လူအခွင့်ရေး ကိုယ်စားလှယ်နဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ အဖွဲ့အစည်းတွေကတော့
မြန်မာနိုင်ငံတွင်းက လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ တိုင်းရင်းသား ဒေသတွေမှာ စံနစ်တကျ
သတ်ဖြတ်မှုတွေ၊ အမျိုးသမီးတွေအပေါ် အတင်းအကျပ် ပြုကျင့်မှုတွေ ကိုတင်ပြခဲ့ပြီး မြန်မာနိုင်ငံ
လူအခွင့်ရေး ပညာပေးရေး ဌာနကတော့ မကြာခင်က လုပ်ခဲ့တဲ့ ဆန္ဒခံယူပွဲမှာ မဲမသမာမှုတွေနဲ့
နာဂစ်မုန်တိုင်းခံတဲ့ပြည်သူတွေရဲ့ လူအခွင့်ရေးချိုးဖောက်မှုတွေကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။
"နာဂစ်အတွင်းမှာ ဖြစ်တဲ့ အချက်အလက်တွေက ပြောမယ်ဆိုရင် လူသားချင်း
စာနာမှုဆိုင်ရာ ရာဇဝတ်မှုမြောက်တယ်ဆိုတဲ့ အချက်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို သဘာဝဘေးအန္တရာယ်ကို
ဘယ်လိုမှ ကာကွယ်တားဆီးလို့မရဘူး။ ဒါပေမယ့် သဘာ၀ ဘေးအန္တရာယ်နောက်ပိုင်းမှ ဖြစ်လာတဲ့
လူတွေရဲ့ စားဝတ်နေရေး အခြေအနေတွေ၊ အရေးပေါ်လိုအပ်ချက်တွေ ပေးဖို့က အစိုးရမှာ တာဝန်ရှိတယ်။
အဲဒီ ပျက်ကွက်မှုက တကယ့် ရာဇဝတ်ကြီးပါပဲ။ ဒီထက် ပိုဆိုးတာကတော့ ခံနေရတဲ့သူတွေကို စနစ်တကျ
ပြင်ဆင်ထားတာမရှိတဲ့ နေရာတွေကို ပြန်ပို့တယ်။ တချို့ဒေသတွေမှာဆို လုပ်အားပေးစေခိုင်းခံရတာတွေ
ရှိတယ်။ အဲဒါတွေကို ကျွန်တော်တို့ အဓိကထားဖော်ပြတယ်။ အဲဒါတွေဟာ လုံးဝမဖြစ်သင့်တဲ့ အခြေအနေမျိုးပဲ။
မြန်မာနိုင်ငံ အရှေ့ဘက်ဒေသမှာ အကူအညီပေးရေးတွေ လုပ်နေတဲ့အဖွဲ့တွေက နအဖအနေနဲ့ လူသားချင်း
စာနာမှုဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာတွေဟာ နာဂစ်မှာမှ မဟုတ်ဘူး၊ ကရင် ပြည်သူတရပ်လုံးကိုပါ
စနစ်တကျ ကျူးလွန်နေတာတွေ ရှိနေတယ်။ အဲဒါတွေက ထင်ရှားတဲ့ သက်သေသာဓကတွေ ဖြစ်တယ်။ ဒီအချက်တွေက
ကုလသမဂ္ဂက အနေနဲ့ ပိုမိုပြီးတော့ လုပ်ဆောင်ပေးဖို့လိုအပ်တယ်ဆိုတဲ့ အကြောင်းအရာတွေဖြစ်တယ်။
အထူးသဖြင့် ကရင် ပြည်သူတွေရဲ့ ဒုက္ခပေါ့။"
လူ့အခွင့်အရေး ကိုယ်စားလှယ်ဟာ ဒီမိုကရေစီ အင်အားစုအဖွဲ့အစည်းတွေနဲ့
မနေ့က ၂နာရီကြာတွေ့ဆုံခဲ့ပါတယ်။ ၁၀ရက်နေ့ မနက်မှာတော့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး
အသင်းနဲ့တွေ့ဆုံခဲ့ပြီး လူ့အခွင့်ရေးချိုးဖောက်မှု သတင်းအချက်အလက်များကို မေးမြန်းစုံစမ်းခဲ့တယ်လို့
အထွေထွေအတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပြပါတယ်။ ဒါ့အပြင်နောက်တကြိမ် မြန်မာနိုင်ငံကို
သွားတဲ့အခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတဲ့ မှတ်တမ်းတွေကို ယူတဲ့အခါ လွယ်ကူစေနိုင်ဖို့
အတွက်လည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက တင်ပြခဲ့တယ်လို့ အခုလိုပြောပါတယ်။
"အကျဉ်းထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားများရဲ့
အခြေအနေတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့ အခြေအနေတွေကို ကျွန်တော်တို့ သိထားတဲ့
အချက်တွေအရ သူတို့ကို ကျွန်တော်တို့ ပြောပြတယ်။ နောက်တခါ ဘယ်သူတွေနဲ့ တွေ့သင့်တယ်၊
ဥပမာ နောက်တကြိမ်သွားမယ်ဆိုရင် ဘယ်ထောင်တွေကို သွားသင့်တယ်ဆိုတဲ့ ကိစ္စမျိုးတွေပေ့ါလေ။
အဓိကကတော့ လွတ်လွတ်လပ်လပ် တွေ့ခွင့်ရနိုင်ဖို့အတွက် ဘယ်လိုမျိုး ကြိုးစားသင့်တယ်ဆိုတဲ့
အခြေအနေမျိုးတွေ နောက်တခါ သူတို့ကလည်း လူ့အခွင့်အရေး မှတ်တမ်းတွေ တိုးတက်အောင် လုပ်ရာမှာ
မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ လက်ရှိ အခြေအနေတွေကို သူတို့က သိချင်တယ်။ အဲဒါကြောင့်
ကျွန်တော်တို့က လက်ရှိအခြေအနေတွေကို ပြောပြတယ်၊ ဆွေးနွေးတယ်။"
လူအခွင့်ရေး ကိုယ်စားလှယ်အနေနဲ့ ပထမဦးဆုံးအကြိမ်လည်းဖြစ်
တဲ့အတွက် သူရဲ့ အချက်အလက်စုဆောင်းမှုတွေဟာ စံနစ်တကျ မရှိသေးတာတွေ၊ သေချာလေ့လာ စုံစမ်းခွင့်မရတာတွေကြောင့်
လိုအပ်ချက်တွေ ရှိနိုင်ပေမဲ့ သူရဲ့ အစီရင်ခံစာ ထွက်တဲ့အခါ အမှန်ကန်ဆုံးနဲ့ တရားမျှတမှုဖြစ်အောင်
လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုသွားတယ်လို့ ဒီမိုကရေစီအင်အားစုတွေက ပြောပြပါတယ်ရှင်။