သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်နှင့်ဇနီး ခံဝန် ဖောက်ဖျက်ပြီး ဗြိတိန်နိုင်ငံသို့ ထွက်ပြေး


အဂတိလိုက်စားမှုစွဲချက်တွေနဲ့ ရင်ဆိုင်ဖို့
အတွက် ထိုင်းနိုင်ငံကို ပြန်လာမှာမဟုတ်
ဘူးလို့ ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်
ရှင်နာဝပ် (Thaksin Shinawatra) က
ပြောလိုက်ပါတယ်။ ဒီအတွက်ကြောင့်မို့လို့
လည်း ထိုင်းတရားရုံးတော်က တပ်ခ်ဆင်နဲ့
သူ့ရဲ့ဇနီးသည်တို့ကို ဖမ်းဆီးဖို့ အမိန့်တရပ် ထုတ်ပြန် လိုက်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် အေရွန် ဂွတ်ဒ်မန်း (Aaron Goodman) ရဲ့ ဘန်ကောက်မြို့က သတင်းပေးပို့ချက်နဲ့
အတူ မြန်မာစစ်အစိုးရကို ငွေချေးလို့ ထိုင်းဝန်ကြီးချုပ်ဟောင်း ရင်ဆိုင်နေရတဲ့ အမှုတခုလည်း ရှိနေသေးတဲ့အပေါ် နိုင်ငံရေးအကဲခတ်တွေရဲ့ သုံးသပ်ချက်တွေကို ကိုအောင်လွင်ဦးက စုစည်းပြီး တင်ပြပေးထားပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ်က သူ ဗြိတိန်နိုင်ငံမှာ ရောက်နေပြီးတော့
အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ တရားရုံးက ကြားနာမယ့်ကိစ္စကို ရင်ဆိုင်ဖို့
ထိုင်းနိုင်ငံကို မပြန်ဘူးဆိုပြီး ပြောလိုက်တာပါ။ သူ့အနေနဲ့ တရားခွင်မှာ မျှမျှတတ
တရားစီရင်ခံရမယ့် အခြေအနေမျိုးမရအောင် နိုင်ငံရေးအရ စွက်ဖက်မှုတွေ ရှိမှာဖြစ်တဲ့
အတွက်ကြောင့် အခုလိုဆုံးဖြတ်ရတာဆိုပြီး ထိုင်းရုပ်သံအစီအစဉ်တွေကို သူ့ရဲ့လက်ရေး နဲ့ ရေးထားတဲ့ ကြေညာချက်တစောင်ကို ပေးပို့ခဲ့တာပါ။ သူ့အပေါ်စွပ်စွဲထားတဲ့ အဂတိ လိုက်စားမှု ဆိုတာတွေဟာလည်း နိုင်ငံရေးအရ လုပ်ကြံမှုလို့လည်း ပြောပါတယ်။ သူနဲ့ သူ့ဇနီးတို့ ဗြိတိန်နိုင်ငံမှာ နေမှာလို့လည်း ဆိုပါတယ်။

မနေ့တုန်းကအထိတော့ သူနဲ့ ဇနီးဖြစ်သူတို့ဟာ တရုတ်နိုင်ငံ ဘေဂျင်းအိုလံပစ်
အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားမှာ ရှိနေခဲ့တာပါ။ သူတို့ ၂ ဦးစလုံး ဒီကနေ့ တရား
ရုံးတော်ရှေ့မှောက် လာရောက်အစစ်ခံရမှာဖြစ်ပေမယ့် ထိုင်းနိုင်ငံကို ပြန်မလာဘဲ
ဗြိတိန်နိုင်ငံကို ထွက်သွားခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရမ်ကန်
ဟမ်းတက္ကသိုလ်မှာ နိုင်ငံရေးသိပ္ပံပညာရပ်ကို လေ့လာနေတဲ့ ကိုကျော်လင်းဦးကို
မေးကြည့်တော့ သူက နောက်ဆုံးအခြေအနေတွေကို အခုလိုပြောပါတယ်။

"အခု နောက်ဆုံးအခြေအနေက နိုင်ငံတော်တရားရုံးကနေ သူ့ကို ဖမ်းဖို့ဆီးဖို့ ဝရမ်း
ထုတ်လိုက်တယ်။ အခုက တမှုပဲရှိသေးတယ်။ နောက်ထပ် နှစ်မှုကျန်သေးတယ်၊ တရား
ရုံးမှာ အမှုရင်ဆိုင်ဖို့။ အဲဒီနှစ်မှုရဲ့ အမှုသွားအမှုလာကလည်း တပ်ခ်ဆင်ဘက်က နိုင်ဖို့
အခွင့်အရေး တော်တော်နည်းမယ့်သဘောရှိတယ်။"

တကယ်တော့ ဒီလို မစ္စတာတပ်ခ်ဆင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကာလမှာ
အာဏာကို အလွဲသုံးစား အသုံးချပြီး ကိုယ်ကျိုးရှာခဲ့တယ်လို့ စွပ်စွဲထားတဲ့ အမှုတွေထဲ
မှာ မြန်မာစစ်အစိုးရကို ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဘတ်ငွေ သန်း ၄,၀၀၀ ငွေချေး
ငှားခဲ့တဲ့ကိစ္စလည်း တခုအပါအဝင် ဖြစ်ပါတယ်။

"တပ်ခ်ဆင် ဝန်ကြီးချုပ်ဖြစ်နေတဲ့ကာလမှာ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်ခင်ညွန့်က
ဝန်ကြီးချုပ်ဖြစ်နေတဲ့အချိန်ပေါ့။ သူတို့ ပုဂံသဘောတူညီချက် ဆိုပြီးတော့ နှစ်နိုင်ငံ
သဘောတူလာတယ်၊ တပ်ခ်ဆင်နဲ့ ဗိုလ်ချုပ်ခင်ညွန့်က။ မြန်မာပြည်မှာ
Telecommunication Centre ကို ဖွံ့ဖြိုးအောင်လုပ်မယ်ပေါ့။ အဲဒီအတွက် ထိုင်းနိုင်ငံမှာ
ရှိတဲ့ Export & Import ဘဏ်က မြန်မာပြည်ကို ငွေချေးမယ်။ ချေးတဲ့အခါ သဘော
တူညီချက်ရဲ့ အစိတ်အပိုင်းတရပ်အရ မြန်မာအစိုးရက တပ်ခ်ဆင်ပိုင်တဲ့ ရှင်းကော်ပိုရေးရှင်းက ပစ္စည်းတွေ ဝယ်ရမယ်ပေါ့။

"အဲဒီကနေတဆင့် ဘယ်လိုဖြစ်သွားလဲဆိုတော့ ငွေချေးတဲ့ပမာဏကို တရားဝင်မဟုတ်
ဘဲနဲ့ သူ့ရဲ့ ပါးစပ်ညွှန်ကြားချက်နဲ့ တိုးလိုက်တယ်၊ တပ်ခ်ဆင်က သူ့ရဲ့ ဝန်ကြီးချုပ်
အာဏာကို အသုံးပြုပြီးတော့။ အဲဒီအမှုက တပ်ခ်ဆင်လည်း အာဏာကပြုတ်ပြီး
နောက်ပိုင်း စစ်အာဏာသိမ်း ဗိုလ်ချုပ်ကြီးတွေက အဲဒီအမှုကို တရားရုံးကို တင်လာ
တယ်။ အဲဒီအမှုက အခုနောက်ပိုင်းမှာ တရားရုံးက တရားဝင်လက်ခံလိုက်တဲ့သဘော
ပေါ့။ အဲဒီအမှုကိုလည်း တပ်ခ်ဆင်က ရင်ဆိုင်ရဖို့ရှိပါတယ်၊ လာမယ့်လတွေအတွင်းမှာ။"
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရမ်ကန်ဟမ်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံပညာရပ်ကို
လေ့လာနေတဲ့ ကိုကျော်လင်းဦးပါ။

ပြီးခဲ့တဲ့လထဲကပဲ အခွန်ရှောင်မှုနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခံထားရတဲ့
သူ့ရဲ့ဇနီးသည် ထောင်ထဲဝင်ရမယ့်အရေးက ဝေးဖို့အတွက် မစ္စတာတပ်ခ်ဆင် အခုလို
ပြည်ပမှာတိမ်းရှောင်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း အကဲခတ်တွေက တွက်ဆကြပါတယ်။
ဒီလို သူထွက်သွားပေမယ့်လည်း လက်ရှိနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်
အတည်းတွေ၊ လက်ရှိအစိုးရကို ဆန့်ကျင်နေတာတွေ၊ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက
စတော့ဈေးကွက် နာလန်မထူနိုင်သေးတဲ့ အခြေအနေတွေ ပြေလည်စေနိုင်မယ်ဆိုတဲ့
သဘောတော့ မဆောင်ပါဘူး။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်းတက္က
သိုလ်က ထိုင်းနိုင်ငံရေးသုတေသီ သီထိနန် ဖွန်ဆူဒီရတ်ခ် (Thitinan Pongsudhirak)
ပြောတာကတော့ …

"ဒါကတော့ တပ်ခ်ဆင်ကို ဖြုတ်ချခဲ့ကြတဲ့၊ သူ့ရဲ့စိမ်ခေါ်မှုတွေကို လက်စတုံးခဲ့ကြတဲ့
သူ့ကိုဆန့်ကျင်သူတွေအနေနဲ့ သူ့ရဲ့လမ်းစဉ်တွေထဲက တချို့ကိုကျင့်သုံးဖို့ ဆန္ဒရှိ၊ မရှိ
ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ သူတို့တတွေ အနေနဲ့က အဂတိလိုက်စားမှု စွပ်စွဲချက်
တွေ ရှိနေတဲ့တိုင်အောင် သူလုပ်ခဲ့ဘူးသလို ဝင်ငွေတွေရအောင် ဖန်တီးပေးတာ၊
စီးပွားရေးနဲ့ အရပ်ဖက် ဝန်ဆောင်မှုလုပ်ငန်းတွေကို ခိုင်မာအောင် ပြန်လည်
တည်ဆောက်တာ၊ စတာတွေလုပ်ပြီး ထိုင်းလူ့အသိုင်းအဝိုင်းမှာဖြစ်နေတဲ့ ကွဲလွဲမှုတွေ
ကို ပေါင်းကူးပေးဖို့ ဆန္ဒရှိသလား ဆိုတာပါပဲ။

"သူတို့တတွေအနေနဲ့ ဒါတွေကို ကိုင်တွယ်ဆောင်ရွက်မယ်၊ ထိုင်းနိုင်ငံကို ၂၁ ရာစုထဲ
ရှေ့ဆောင်သွားနိုင်မယ်ဆိုရင်တော့ ရှေ့ကိုလှမ်းနိုင်မယ့် ညီညွတ်မှုနဲ့ ပြန်လည်
သင့်မြတ်ရေးတွေကို မြင်ကြရမှာပါ။ မဟုတ်ရင်တော့ နိုင်ငံရေးအကျပ်အတည်းတွေရဲ့
ဒဏ်ကို ခံကြရဦးမှာပါ။"

တကယ်တော့ ကုဋေကြွယ်သူဋ္ဌေး ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင်ဟာ ထိုင်းနိုင်ငံရေးမှာ
ဝိဝါဒကွဲပြားစရာ ဖြစ်ခဲ့ရသူတယောက်ပါ။ အလုပ်သမားလူတန်းစားနဲ့ ကျေးလက်
လူတန်းစားတွေကြားမှာ သူဟာ ထောက်ခံမှု အခိုင်အမာ ရထားသူပါ။ ဒါပေမယ့်လည်း
ထိုင်းနိုင်ငံက ပညာတတ်လူတန်းစားတွေ၊ အထက်တန်းစားတွေကြားမှာတော့ သူဟာ
အဂတိလိုက်စားသူ၊ အာဏာရှင်ဆန်သူဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဝေဖန်ခံရသူ ဖြစ်ပါတယ်။
သူ့ကို မလိုလားသူတွေရဲ့ အကြီးအကျယ် ဆန့်ကျင်ဆန္ဒပြမှုတွေရှိခဲ့ပြီး နိုင်ငံရေးအရ
ကွဲလွဲမှုတွေ ကြီးထွားလာခဲ့တဲ့နောက် ၂၀၀၆ ခုနှစ်မှာ စစ်တပ်က သူ့ကိုဖြုတ်ချပြီး
အာဏာသိမ်းခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG