ဂျော်ဂျီယာ နိုင်ငံအစိုးရက သူတို့ရဲ့တပ်တွေကို ခွဲထွက်နယ်မြေဖြစ်တဲ့ တောင်ပိုင်း Ossetia ဒေသရဲ့ မြို့ တော်ကနေပြန်လည်ဆုတ်ခွာပြီးဖြစ်တဲ့အပြင် အပစ်အခတ်ရပ်စဲဖို့ အမိန့်ကိုလဲပေးလိုက်ပြီလို့ဆိုပါတယ်။ ဒါပေမဲ့ ရုရှားဘက်ကတော့ တိုက်ခိုက်မှုတွေကို မရပ်တဲ့အပြင် ဂျော်ဂျီယာ မြို့တမြို့ဖြစ်တဲ့ ဂိုရီ မြို့မှာ လေကျောင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
သုံးရက်ကြာ အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် Georgia အစိုးရဘက်က ညှိနှိုင်းဆွေးနွေးဖို့ ကမ်းလှမ်းထားတာကို ရုရှားဘက်က ချက်ချင်းတုံ့ပြန်မှုတော့ မရှိသေးပါဘူးဆိုတဲ့အကြောင်း VOA သတင်းထောက် Emma Stickgold - Moscow မြို့တော်က သတင်းပေးပို့ထားတာကို နော်ရှိုးကပြောပြပေးပါတယ်။
ရုရှားနဲ ဂျော်ဂျီယာ နှစ်နိုင်ငံအကြား တိုက်ပွဲအရှိန်အဟုန်မြှင့်လာတာနဲ့အမျှ ရုရှားအာဏာပိုင်တွေက
တောင်ပိုင်း အိုစက်တီးယား ဒေသရဲ့ မြို့တော် ရှီခဗီလီကို သူတို့ရဲ့ ငြိမ်းချမ်းရေး ထိန်းတပ်တွေ စေလွှတ်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ဂျော်ဂျီယာ အရာရှိတွေကတော့ တိုက်ပွဲတွေဟာ ဂျော်ဂျီယာ နိုင်ငံရဲ့ နောက်ထပ် ခွဲထွက်နယ်မြေ တခုဖြစ်တဲ့ အပ်ခါဇီယာ ဒေသဆီကိုလဲ ပြန့်နှံ့သွားပြီ ဖြစ်ပြီး၊ ရုရှားတပ်တွေဟာ ဂျော်ဂျီယာနိုင်ငံ မြို့တော်ရဲ့ အပြင်မှာရှိတဲ့ စစ်လေယာဉ်ကွင်းတခုကို ဗုံးကျဲခဲ့တယ်လို့ ဆိုပါတယ်။
အပ်ခါဇီယာဘက်က ပြောတာက သူတို့ရဲ့ စစ်တပ်တွေကို အဆင်သင့် တပ်ချထားပြီး၊ အရန်တပ်ဖွဲ့ဝင်တွေကိုလည်း ဂျော်ဂျီယာ အစိုးရက လက်အောက်ခံအဖြစ် ကျန်ရှိနေသေးတဲ့ ပြည်နယ်တခုကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ အသင့်ပြင်ထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။
ရုရှားကလဲ သူတို့ရဲ့ စစ်သင်္ဘောတွေကို ဂျော်ဂျီယာ အစိုးရပိုင် ပင်လယ်နက် ကမ်းခြေဒေသကို စေလွှတ်ထားပြီး ဖြစ်ပါတယ်။ ယူခရိမ်း နိုင်ငံ အာဏာပိုင်တွေက သူတို့ရဲ ့Sevastopol ဆိပ်ကမ်းမှာ အခြေပြုပြီး ထွက်ခွာသွားတဲ့ ရုရှား စစ်သင်္ဘောတွေကို ပြန်လာခွင့်ပြုချင်မှ ပြုမယ်လို့ သတိပေးထားပါတယ်။
ရုရှားဝန်ကြီးချုပ် Vladimir Putin က ဂျော်ဂျီယာ အစိုးရကို ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး တောင်ပိုင်း အိုစက်တီးယား ဒေသမှာ ထိုးစစ်ဆင်တဲ့အတွက် ပစ်တင် ရှုတ်ချခဲ့ပါတယ်။