သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူရှင်ဆရာ ဦးအောင်ဖေကို စိတ်ရောဂါဆေးရုံ ပို့တဲ့ကိစ္စ အဲန်အယ်လ်ဒီ ရှုတ်ချ


ရှစ်လေးလုံး နှစ်ပတ်လည်နေ့က တကိုယ်တော် အထိန်းအမှတ် လုပ်ခဲ့တဲ့ ကျူရှင်ဆရာ ဦးအောင်ဖေကို အာဏာပိုင်တွေ ဖမ်းဆီးပြီး စိတ္တဇ ဆေးရုံ ပို့ခဲ့တာနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်လိုက်ပါတယ်။ ဦးအောင်ဖေ အခုတော့ ပြန်လွတ်လာပြီး သူ့အပေါ်မှာ ဘယ်လို ပြုမူဆက်ဆံခဲ့တယ် ဆိုတာကို ပြောပြခဲ့ပါတယ်။ ဒီအကြောင်းကို ထိုင်းမြန်မာနယ်စပ် အခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက တင်ပြထားပါတယ်။

နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူတွေကို စိတ္တဇ ဆေးရုံကို ပို့ဆောင်နေခြင်းဟာ လူ့ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ခြင်းဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာပိုင်တွေကို ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။ ရန်ကုန်တိုင်း ဥက္ကဌ ဒေါက်တာ ဝင်းနိုင် ပြောပြတာကတော့ -

“လူကောင်းတွေကို စိတ်ရောဂါကု ဆေးရုံ ပို့တယ်ဆိုတာ - ဒီလူတွေဟာ လူကောင်းတွေပဲ တကယ်တော့။ သို့သော် ဒါတွေကို စိတ်ရောဂါကု ဆေးရုံ ပို့ခြင်းအားဖြင့် ဘေးအမြင်မှာ သူတို့ဟာ တကယ်ကို စိတ်မမှန်တဲ့သူတွေ၊ အရူးတွေ မိုလို့ ဒီလိုမျိုး လုပ်နေကြတယ်လို့ ဖြစ်အောင်။ တနည်းအားဖြင့်လည်း နိုင်ငံရေး ကိစ္စရပ်တွေကို သေးသိပ်မှေးမိန်အောင် လုပ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး နအဖကနေ ချိုးဖောက်နေတဲ့အကြောင်းတွေကို ထောက်ပြပြီးတော့ ကျနော်တို့ ကန့်ကွက်ထားတာပါ။”

ထိန်းသိမ်းခံခဲ့ရတဲ့ ကျူရှင်ဆရာ ဦးအောင်ဖေနဲ့ တကိုယ်တော် လှုပ်ရှားသူ ဖြစ်တဲ့ ကိုထွန်းထွန်း တို့ကို အာဏာပိုင်တွေ က ရွာသာကြီးက စိတ္တဇဆေးရုံကို ပို့ဆောင်ခဲ့တာကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြီး ကန့်ကွက်တာလည်း ဖြစ်ပါတယ်။

သြဂုတ် ၈ ရက်နေ့က အဖမ်းခံခဲ့ရပြီး မနေ့ညကမှ စိတ္တဇ ဆေးရုံကနေ ပြန်လည် လွှတ်ပေးခြင်းခံခဲ့ရတဲ့ ကျူရှင်ဆရာ ဦးအောင်ဖေကို ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာတော့ -

“စိတ်ရောဂါကု အထူးဆေးရုံပေါ့နော်။ သူတို့အခေါ် စိတ်ကျန်းမာရေး ဆေးရုံပေါ့။ အဲဒီရောက်တော့မှ ကျနော်က စစ်ဆေးရေးစခန်းတခုကို ခေါ်သွားတယ်လို့ ထင်နေတာ။ အဲတော့ ဟိုလည်းရောက်ကော စိတ္တဇ ဆေးရုံ ဆိုတာ ကျနော် သိလိုက်တယ်။”

ကျူရှင်ဆရာ ဦးအောင်ဖေဟာ သြဂုတ်လ ၈ ရက်နေ့က သူ့ရဲ့ တွံတေးမြို့ နေအိမ်ကနေ မနက်စောစောမှာ အနီရောင်ပိတ်စ တခုအပေါ်မှာ ထုံးနဲ့ ၈ ရက် ၈ လ လို့ရေးပြီး အလံတိုင်တခုလုပ်ကာ လက်တဖက်ကနေ အလံကိုမြှောက်ရင်း စက်ဘီးစီးခဲ့ပါတယ်။

မြို့က လူစည်ကားတဲ့နေရာတွေကို ပတ်ပြီး စက်ဘီးစီးခဲ့ချိန် မြို့နယ် အာဏာပိုင်တွေက နောက်က လိုက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက် ကမ်းနားလမ်းဘက်က လွတ်လပ်ရေး ကျောက်တိုင်ရှေ့ကို ရောက်တဲ့အချိန်မှာ အလံကို စိုက်ပြီး ၈ လေးလုံးမှာ ကျဆုံးသွားခဲ့သူတွေ အတွက် အလေးပြုပြီးတဲ့နောက် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူ့ကို ဖမ်းမိတဲ့အခါ ရွာသာကြီးက ဆေးရုံကို ပို့ခြင်းဟာ သူ့ကို ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်တာဖြစ်ကြောင်း အခုလို ပြောပြပါတယ်။

“စိတ္တဇ ဆေးရုံကို ပို့တဲ့ဟာ လုပ်တာကတော့ အကြိမ်ကြိမ် အခါခါပေါ့နော် နိုင်ငံရေးသမားတွေကို ကျနော်တို့ရဲ့ ရပ်တည်ချက်နဲ့ ယုံကြည်ချက်ကို တနည်းတဖုံ ကျနော်တို့ သိက္ခာကျအောင် ဆိုပြီးတော့ ရိုက်ချိုးလိုက်တာပါပဲခင်ဗျာ။ အဲဒီလိုပဲ ကျနော် ထင်ပါတယ်။”

ဦးအောင်ဖေက စိတ္တဇဆေးရုံကို ရောက်တဲ့အခါမှာ သူ့ကို ကျန်းမာရေး အရ စစ်ဆေးတဲ့ ဆရာဝန်တွေနဲ့ တွေ့ဆုံချိန် သူဟာ နိုင်ငံရေးသမားဖြစ်ကြောင်း သူ့ရဲ့ ဂုဏ်သိက္ခာကို မရိုက်ချိုးဖို့အတွက် ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဆရာဝန်တွေကလည်း သေချာ စစ်ဆေးကြည့်ရှု ခဲ့ပြီးတဲ့အခါ သူပြောတာကို လက်ခံခဲ့တယ်လို့ ဆိုပါတယ်။ လေးရက်ကြာ စိတ္တဇ ဆေးရုံမှာ နေထိုင်ခဲ့ရပြီးတဲ့နောက် မနေ့ကမှ တွံတေးကို ပြန်ပို့ပေးခဲ့ပြီး နောက်မလုပ်ဖို့အတွက် မြို့နယ်မှူးထံမှာ ခံဝန်လက်မှတ် ထိုးပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူပဲ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူဖြစ်တဲ့ ညောင်တုန်းက ကိုထွန်းထွန်း ကိုလည်း ဆေးရုံမှာ တွေ့ခဲ့ရကြောင်း ဦးအောင်ဖေ က ပြောပြပါတယ်။ ဦးအောင်ဖေဟာ ၁၉၉၃ ခုနှစ်က ကေအဲန်ယူအဖွဲ့တွေ မြစ်ဝကျွန်းပေါ်ကို ဝင်တိုက်တဲ့အချိန် ၃ ရက်ကြာ ထိန်းသိမ်းခံခဲ့ရပြီး ၃ နှစ်ကြာ ခံဝန်အကျယ်ချုပ်နဲ့ နေခဲ့ရဖူးပါတယ်။ ၂၀၀၅ ခုနှစ်ကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့မှာ ကလေးတွေနဲ့အတူ သီချင်းဆိုလို့ ဆိုပြီး ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၀၈ ခုနှစ်ထဲမှာတော့ မေလ ၂၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ဘက်ကို ချီတက်ဆန္ဒပြလို့ တကြိမ် ဇူလိုင်လ ၁၈ ရက် အာဇာနည်နေ့ မရောက်ခင်က တကြိမ်၊ အခု သြဂုတ်လ ၈ ရက်နေ့မှာ တကြိမ် ထိန်းသိမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG