သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထိန်းသိမ်းခံနေရသည့် မစုစုနွေး မိသားစုနှင့် တွေ့ခွင့်မရ


မြန်မာနိုင်ငံတွင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးဟာ သူ့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဗွီအိုရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးကို မိသားစုနဲ့ ထောင်ဝင်စာ ပိတ်ပင်ထားခြင်းနဲ့ သြဂုတ်လ ၁၃ ရက်နေ့ ရုံးထုတ်ချိန်မှာလည်း မိသားစု နဲ့ တွေ့ခွင့်မပေးတဲ့အကြောင်း အစ်မဖြစ်သူ မဌေးဌေးကြည် က အခုလို ပြောပြပါတယ်။

“ထောင်ဝင်စာတွေ့တာ တပတ်တခါ တွေ့တာလေ။ အခု နှစ်ပတ် ရှိသွားပြီ သူနဲ့ မတွေ့ရတာ။ ကျမကို တွေ့ခွင့်ကို မပေးတာ။ အဲဒါ ဘာကြောင့် တွေ့ခွင့်မပေးတာလဲ ဆိုတော့ မဌေးဌေးကြည် လာတွေ့လို့ တွေ့ခွင့်မပေးတာ တဲ့။ အဲဒါကြောင့် ကျမက ဘာကြောင့်လဲ လို့၊ ကျမက အိမ်ထောင်စု ဇယားနဲ့ အပြည့်အစုံ မိသားစုဝင်တယောက် အနေနဲ့ လာတွေ့နေတာ။ တွေ့နေတာလည်း ကြာနေပြီ။ အခုမှ ဘာကြောင့် မတွေ့ရတာလဲ လို့ ကျမ က မေးတော့ ကျနော်တို့ မသိရပါဘူးတဲ့။ မသိရဘူး ဆိုတော့ ဘယ်သူက အမိန့်ထုတ်ထားတာလဲ။ အမိန့်ထုတ်ထားတဲ့စာကို ကျမကိုပေး လို့ ပြောတော့ သူတို့က မပြောဘူး။ မပြောတော့ ကျမ က ထောင်ပိုကြီး ဦးမျိုးခင် ကိုယ်တိုင်က ထုတ်ထားတာလား ဆိုတော့ ဟုတ်တယ်လို့ ပြောတာပဲ။”

သူမရဲ့ ရှေ့နေဖြစ်သူ ဦးမြင့်သောင်း ကတော့ မစုစုနွေးကို ရုံးထုတ်ချိန်မှာ တွေ့ခွင့်ရခဲ့ပြီး မစုစုနွေးရဲ့ ပြောကြားချက် တွေကိုလည်း အခုလို ပြောပြပါတယ်။

“ကျနော်တို့ ၁ ရက်နေ့ နောက်ပိုင်းက စပြီးတော့ သူ့ကို ကျန်းမာရေး ဆေးကုသခွင့် မပေးဘူးလို့ ပြောတယ်။ အဲတော့ သူက နှလုံးရောဂါသည် လည်း ဖြစ်တဲ့အတွက်ကြောင့် မိုလို့ သူ့ကို အခုလို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်တာကလည်း သူ့ကို ကျန်းမာရေး ဆိုးရွားအောင် လုပ်တဲ့အတွက်ကြောင့် ဒါဟာလည်း သူ့အနေနဲ့ မခံမရပ်နိုင် ဖြစ်တယ်။ နောက် ဒီကိစ္စအတွက် ပြည်ထဲရေးကနေပြီးတော့ ပိတ်တယ်၊ အဲဒီဟာအတွက်လည်း စာတင်ပေးပါ ဆိုပြီးတော့ ကျနော်တို့ကို မှာလိုက်တယ်ခင်ဗျ။ သူ့အနေနဲ့ကတော့ သူကိုယ်တိုင်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ သူ့မိသားစုလည်း လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်။ နောက် သူ့ ကျန်းမာရေးကလည်း အချိန်မရွေး သူ အသက် အန္တရာယ် ရှိတယ်။ အဲဒီတော့ သူ့အနေနဲ့ကတော့ ဒီ လူ့အခွင့်အရေး ချိုးဖောက်တဲ့ကိစ္စကို တောင်မှ သူ ကင်တားနားနဲ့ တွေ့တာတောင်မှ ကိုယ့်ရဲ့ မြန်မာပြည်အကြောင်းကို ပြောရတာ အင်မတန်မှ ရှက်တယ် ဆိုတဲ့အကြောင်း ကျနော်တို့ကိုတော့ လူသိရှင်ကြား ပြောတယ်ခင်ဗျ။”

မစုစုနွေးဟာ ပုဒ်မ (၁၄၃)၊ ပုဒ်မ (၁၄၇/ က) နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်အောင် လုပ်မှု၊ ပုဒ်မ (၁၂၄/က) နိုင်ငံတော်အား အကြည်ညိုပျက်အောင်လုပ်မှု၊ ပုဒ်မ (၁၃၀/ခ) နိုင်ငံခြား တိုင်းပြည်အား ထိခိုက်မှု၊ ပုဒ်မ (၅၀၅/ခ) ပြည်သူကို ထိတ်လန့်အောင် ခြိမ်းခြောက်မှုတွေ နဲ့ ဆွဲချက်တင် ခံထားရပြီး ရုံးထုတ်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။

မစုစုနွေးဟာ မြန်မာနိုင်ငံတွင်းက ထင်ရှားတဲ့ နိုင်ငံရေး လှုပ်ရှားသူ တဦးဖြစ်တာကြောင့် မိုလို့ ပြီးခဲ့တဲ့အပတ်အတွင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံကို လာရောက်စဉ် မှာလည်း နိုင်ငံရေး အကျဉ်းသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာ မစုစုနွေးကိုလည်း တွေ့ဆုံခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG