သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတပ်များ ဂျော်ဂျီယာက ဒီနေ့ ရုတ်သိမ်းမည်


အပစ်အခပ် ရပ်စဲရေး သဘောတူညီချက်မှာ ရုရှား တပ်တွေ ဂျော်ဂျီယာကနေ ပြန်ရုတ်သိမ်းပေးဖို့ သဘောတူ ထားတဲ့အတိုင်း ရုရှားအနေနဲ့ လိုက်နာ ဆောင်ရွက်ဖို့ အနောက်နိုင်ငံ ခေါင်းဆောင်တွေက တောင်းဆိုနေသလို ဒီနေ့ တနင်္လာနေ့က စလို့ ရုရှားတပ်တွေကို ဂျော်ဂျီယာကနေ ပြန် ရုတ်သိမ်းပေးသွားမယ်လို့ ရုရှား သမ္မတ က မနေ့က ပြောဆိုလိုက်ပါတယ်။ အပစ်အခတ် ရပ်စဲဖို့ သဘောတူထားတဲ့အတိုင်း ရုရှားဘက်က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်မယ် ဆိုရင် ဥရောပသမဂ္ဂ နဲ့ ဆက်ဆံရေးမှာ နောက်ဆက်တွဲ ပြင်းထန်တဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ဒီလို သဘောတူညီချက် ရအောင် ဦးဆောင်ကြိုးပမ်းခဲ့တဲ့ ပြင်သစ် သမ္မတ နီကိုးလက်(စ်) ဆာကိုဇီက ရုရှားကို သတိပေး ပြောဆိုခဲ့တာပါ။ ဒီအကြောင်းတွေနဲ့ ပတ်သက်လို့ မော်စကိုကနေ သတင်းထောက် Emma Stickgold က သတင်းရေးသား ပေးပို့ပါတယ်။

တနင်္လာနေ့ ကစလို့ ရုရှားတပ်တွေ ဂျော်ဂျီယာကနေ ပြန် ဆုတ်ပေးမယ့်အကြောင်း ရုရှား သမ္မတ ဒစ်မစ်ထရီ မက်ဗီးယားဒက်(ဗ်) (Dmitri Dedvedev) က ဖုံးကတဆင့် ပြင်သစ်သမ္မတကို ကတိပေး ပြောဆိုခဲ့တဲ့အကြောင်း သမ္မတ ဆာကိုဇီ ရုံး က အတည်ပြု ပြောဆိုပါတယ်။

စနေနေ့ က ချုပ်ဆိုခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အရ သြဂုတ်လ ၇ ရက်နေ့ကတည်းက ဂျော်ဂျီယာ နိုင်ငံထဲ ဝင်ရောက်လာခဲ့တဲ့ ရုရှားတပ်တွေ အားလုံး ပြန်ရုတ်သိမ်းပေးရမှာဖြစ်တဲ့အကြောင်း ပြင်သစ် သမ္မတ ဆာကိုဇီ ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ဥရောပ ဒေသ လုံခြုံရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့က နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေ ရောက်လာမယ့် အပေါ်မူတည်ပြီး တပ်ဖွဲ့တွေ ဖြန့်ကျက်နေရာချထားရေးနဲ့ ပတ်သက်လို့လည်း နှစ်နိုင်ငံ သမ္မတတွေ သဘောတူညီမှု ယူခဲ့ကြတဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျော်ဂျီယာနိုင်ငံရဲ့ ခွဲထွက်ရေးဒေသ တောင် အိုဇက်တီးယား က ခွဲထွက်ရေး လိုလားသူတွေ နဲ့ ဂျော်ဂျီယာ တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုတွေ သြဂုတ်လ ၇ ရက်နေ့ က စပြီး ဖြစ်ပွားခဲ့တာပါ။ ရုရှားဘက်က တိုက်ခိုက်မှုတွေ လုပ်လာခဲ့ပြီးတော့နောက်မှာမှ ဂျော်ဂျီယာ တပ်ဖွဲ့တွေဘက်က ပြန်လည် တိုက်ခိုက်တာတွေ လုပ်ခဲ့တာလို့ ဆိုပါတယ်။ ရုရှားကလည်း ရုရှားနိုင်ငံသား အများစု နေထိုင်တဲ့ တောင် အိုဇက်တီးယားက သူ့ရဲ့ ပြည်သူတွေကို ကာကွယ်ဖို့ ဂျော်ဂျီယာ နိုင်ငံထဲကို ဝင်ရောက်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တကယ်တော့ တောင် အိုဇက်တီးယား နဲ့ တခြား ခွဲထွက်ရေးဒေသ အက်ဘ်ခါးဇီးယား က ရုရှား တပ်တွေကို ပြန်ရုတ်သိမ်းဖို့ ရုရှားဘက်က ဆန္ဒ ရှိမရှိ တနင်္ဂနွေနေ့အထိ ရှင်းရှင်းလင်းလင်း ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ ဂျော်ဂျီယာ အနေနဲ့ ခွဲထွက်ရေးဒေသတွေကို ပြန်ရဖို့ မစဉ်းစားသင့်တော့ဘူးလို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောဆိုခဲ့သလို ဂျော်ဂျီယာ သမ္မတ Mikheil Saskashvile ကလည်း - ဂျော်ဂျီယာ အနေနဲ့ အဲဒီ ခွဲထွက်ရေး ဒေသတွေကို ခွဲထွက်ခွင့် ပြုမှာမဟုတ်ဘူးလို့ တနင်္ဂနွေနေ့က ပြောဆိုခဲ့ပါတယ်။

“ကျနော် အရင်က ပြောခဲ့သလို - ဂျော်ဂျီယာ အနေနဲ့ သူ့ရဲ့ နယ်မြေထဲက စတုရန်း တကီလိုမီတာဖြစ်ဖြစ်၊ တမီတာ လေးပဲ ဖြစ်ဖြစ်တောင် လျော့ပေးမှာ မဟုတ်ပါဘူး ဆိုတာ ရှင်းပြီးသားပါ။ ဂျော်ဂျီယာရဲ့ နယ်မြေတွေ ခွဲထွက်ရေးနဲ့ ပတ်သက်လို့၊ ဒါမှမဟုတ် လူမျိုးစုတုန်း ဖိနှိပ် သတ်ဖြတ်မှုတွေကို ဂျော်ဂျီယာ က လုပ်နေတယ် ဆိုတာမျိုး ဖြစ်အောင်၊ ဂျော်ဂျီယာဘက် က အရှုံးပေးလာအောင် အပြင် ကျနော်တို့ နိုင်ငံ ရဲ့ ဒီမိုကရေစီ စနစ်ကို မှေးမိန်အောင် လုပ်ဖို့ ကြိုးပမ်း နေတာတွေနဲ့ ပတ်သက်လို့တော့ ကျနော်တို့ဘက်က ဘယ်လို နည်းနဲ့ဖြစ်ဖြစ် အလျော့ပေး လက်ခံမှာ မဟုတ်ပါဘူး။”

ပြီးခဲ့တဲ့သီတင်းပတ်က အဖြစ်အပျက်တွေကို ကြည့်ခြင်းအားဖြင့် ဂျော်ဂျီယာ နိုင်ငံ ခွဲထွက်ရေး ဒေသတွေမှာ ရှိနေတဲ့ ရုရှား တပ်တွေကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အင်အားစု တွေလို့ ဘယ်လိုနည်းနဲ့မှ မခေါ်နိုင်ဘူးလို့လည်း မစ္စတာ ဆာကာရှ် ဗီးလီး က ဆိုပါတယ်။ ရုရှားတပ်တွေ အမြန်ဆုံး ရုတ်သိမ်းရေး တောင်းဆိုနေတဲ့ ဂျာမန် ဝန်ကြီးချုပ် Angela Merkel ဂျော်ဂျီယာကို ရောက်ရှိနေတုန်း ပူးတွဲ သတင်းစာရှင်းလင်းပွဲတရပ်မှာ သူက အဲဒီလို ပြောသွားခဲ့တာပါ။

လက်ရှိ ဥရောပ သမဂ္ဂ ဥက္ကဌ အနေနဲ့ ပြင်သစ်သမ္မတ ဆာကိုဇီ ဦးဆောင်ကြိုးပမ်းခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မှာ နှစ်ဖက် တပ်တွေအနေနဲ့ တိုက်ခိုက်မှုတွေ မဖြစ်ပွားခင် အခြေအနေအတိုင်း ပြန်နေဖို့ နဲ့ တောင် အိုဇက်တီးယား ဒေသမှာ ရုရှား ငြိမ်းချမ်းရေး ထိန်း တပ်တွေ ကင်းလှည့်ခွင့်ပြဖို့ စတာတွေ ကို တောင်းဆိုထားပါတယ်။

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် အရ ဥရောပ သမဂ္ဂ အဖွဲ့တွေ ရောက် မလာသေးတဲ့အချိန်အထိ တချို့နေရာတွေမှာ ရုရှား ငြိမ်းချမ်းရေးထိန်း တပ်တွေ ယာယီအားဖြင့် ဆက်လက် ထားရှိခွင့် ပြုမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် က မနေ့က ပြောဆိုခဲ့ပါတယ်ရှင်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG