လွန်ခဲ့တဲ့အနှစ်၂၀က အခုလိုသြဂုတ်လအတွင်း မြန်မာပြည်မှာ သမိုင်းတွင်မယ့် ရှစ်လေးလုံး လူထုအုံကြွမှုကြီးတခုပေါ် ပေါက်ခဲ့ပြီး တိုင်းပြည်ကို ၂၆နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ ဆိုရှယ်လစ် တပါတီအစိုးရတခုချုပ်ငြိမ်းသွားခဲ့ရပါတယ်။ အဲဒီလူထု အုံကြွမှုကြီး အနှစ်၂၀ပြည့်တဲ့ အထိမ်းအမှတ်နဲ့ နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီထောက်ခံလှုပ်ရှားသူတွေက သြဂုတ်လ ၈ရက်နေ့မှာ ကမ္ဘာတဝှမ်းဆန္ဒပြပွဲတွေကျင်းပခဲ့ကြပါတယ်။
အမေရိကန်အရှေ့ဘက် နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ မြန်မာ့ဒီမိုကရေစီရေး အတွက် ဆန္ဒပြတောင်းဆို နေကြတာပါ။ ဆန္ဒပြတောင်းဆိုသူတွေက အိုလံပစ်ပွဲကို လက်ခံကျင်းပပေးတဲ့ တရုတ်နိုင်ငံကိုလည်း မြန်မာနိုင်ငံ လွတ်လပ်ပြီး ဒီမိုကရေစီရရှိရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
“ကျွန်တော်တို့အားလုံး တောင်းဆိုနေတာကတော့ လွတ်လပ်မှုပါပဲ။ တရုတ်နိုင်ငံက မြန်မာပြည်ကို ကူညီနေတာတွေ ရှိပါတယ်။ ကျွန်တော်တို့က ဒါထက် ပိုပြီးတော့ ကူညီပေးဖို့ တောင်းဆိုပါတယ်”လို့ ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုမိုးချမ်းက ပြောခဲ့တာပါ။
“ကျွန်တော်ပြောချင်တာက နံပါတ် ၁၊ ကျွန်တော်တို့ လူ့အခွင့်အရေးရှိဖို့လိုပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ရှိဖို့လိုပါတယ်။ နံပါတ် ၂ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးဖို့လိုပါတယ်”လို့ ဒီမိုကရေစီရေး လှုပ်ရှားသူ ကိုအေသင်က ပြောခဲ့တာပါ။
ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ပြည်သူတွေကလည်း ဘန်ကောက်မြို့မှာရှိတဲ့ တရုတ်နိုင်ငံသံရုံး နဲ့ မြန်မာသံရုံးရှေ့တို့မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
ဆန္ဒပြလာသူ တဦးက တရုတ်နိုင်ငံရဲ့ မြန်မာ့ဒီမိုကရေစီရေးကို ဥပေက္ခာပြုထားတဲ့အတွက် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
“ကျွန်တော်တို့တွေဟာ တရုတ်အစိုးရကို ပြစ်တင်ဝေဖန်ပါတယ်။ ကျွန်တော်တို့ ဒီမိုကရေစီ ရရှိရေးအတွက် ရုန်းကန် လှုပ်ရှားလာတာ အခုဆိုရင် နှစ်၂၀ရှိပါပြီ။ တရုတ်အစိုးရဟာ အခုချိန်ထိ မျက်ကွယ်ပြုထားတုန်းပါပဲ”လို့ မြန်မာ့အရေးကို ထောက်ခံတဲ့ ထိုင်း အမျိုးသမီး တစ်ဦးကပြောခဲ့တာပါ။
ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးရှေ့မှာတော့ ဆန္ဒပြသူ တရာခန့်စုဝေးပြီး ရှစ်လေးလုံး နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွကတော့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့နဲ့ ပူးပေါင်းပြီး မနီလာမြို့မှာရှိတဲ့ တရုတ်သံရုံးရှေ့မှာ ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားကျင်းပခဲ့ပြီး တရုတ်နိုင်ငံရဲ့ စစ်အစိုးရကို ထောက်ခံအားပေးမှုတွေကို ဆန့်ကျင်ခဲ့ပါတယ်။ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ခွန်မြင့်ထွန်းက မြန်မာနိုင်ငံရဲ့ ဆိုးရွားနေတဲ့ လက်ရှိ အခြေအနေတွေကို ဖိလစ်ပိုင်နိုင်ငံမှာ ထုတ်ဖော်ဆန္ဒပြခဲ့ပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လက်ရှိဆိုးရွားနေတဲ့ အခြေအနေကို ထုတ်ဖော်ပြချင်ပါတယ်။ မြန်မာအစိုးရဟာ ကျွန်တော်တို့ နိုင်ငံရဲ့ အစိုးရမဟုတ်ပါဘူး။ သူတို့ဟာ စစ်အာဏာရှင်တွေပဲ ဖြစ်ပါတယ်”လို့ ခွန်မြင့်ထွန်းက ပြောခဲ့တာပါ။
ရှစ်လေးလုံး လူထုအုံကြွမှုအနှစ်၂၀ပြည့်နေ့မှာ အမေရိကန် အစိုးရကတော့ ဒီမိုကရေစီရေး လိုလားတောင်းဆိုနေကြတဲ့ မြန်မာပြည်သူတွေရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံလိုက်ပြီး မြန်မာပြည်သူတွေ နဲ့ အတူလက်တွဲလိုက်တဲ့ အကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။