သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုလန် အမေရိကန် ဒုံးကျည်ကာကွယ်ရေး သဘောတူညီချက် ရုရှားအတွက် ခြိမ်းချောက်မှု ဖြစ်စေ


ပိုလန် နိုင်ငံ မှာ အမေရိကန် ဒုံးကျည်တွေ ချထားဖို့ အမေရိကန် နဲ့ ပိုလန် နိုင်ငံတို့ သဘောတူလိုက်ကြပါတယ်။ အီရန်လို နိုင်ငံတွေ က တိုက်ခိုက်လာမှာ ကို ကာကွယ်ဖို့ ဒုံးကျည်တွေ လိုအပ်ပါတယ်လို့ အမေရိကန် က ဆိုပါတယ်။ အဲသလို ဒုံးကျည်တွေ ချထားတာ ဟာ သူ့ ရဲ့ လုံခြုံရေး ကို ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ရုရှား က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် Sonja Pace လန်ဒန် က သတင်းပေးပို့ထားတာ ကို ဦးတင်မောင်သန်း က တင်ပြပါလိမ့်မယ်။

ပိုလန်နိုင်ငံခြားရေး ဝန်ဝကြီး Radoslaw Sikorski နဲ့ လက်မှတ်ရေးထိုးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် ဟာ ပိုလန် နိုင်ငံ ဝါဆောမြို့ ကို ရောက်ရှိနေပါတယ်။ ၂၁ ရာစု ခြိမ်းခြောက်မှုတွေ ကနေ ကာပေးရာမှာ နှစ်နိုင်ငံလုံး ကို ဒီ သဘောတူညီချက် က ထောက်ကူ ပါလိမ့်မယ် လို့ နိုင်ငံခြားရေးဝန်ကြီး မစ္စရိုက်စ် က ပြောပါတယ်။

“ဒီ သဘောတူညီချက် က ပိုလန် နဲ့ အမေရိကန် ကြား ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကို နက်ရှိုင်းစေမယ့် သဘောတူညီချက် ဖြစ်ပါတယ်။ နေတိုး အဖွဲ့ နဲ့ မဟာမိတ် ဖြစ်တယ်၊ အဲဒီ မဟာမိတ် အဖွဲ့ မှာ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ ကတိထားကြတဲ့ အပိုဒ် ၅ ပါ အချက်အပေါ် ကတိကဝတ် ထားကြတယ် ဆိုတဲ့ ဆက်စပ်နေတဲ့ အခြေအနေအတွင်း က အဲသလို ပူးပေါင်းဆောင်ရွက်မှု ဖြစ်တာပါ။”

၂၀၁၃ မှာ တိုက်ခိုက်လာတာ ကို သိနိုင်တဲ့ ဒုံးကျည် ၁၀ စင်း ကို အမေရိကန် က ချထားပါလိမ့်မယ်။ အဲသလို ချထားတာ ဟာ ဒုံးကျည်ကာကွယ်ရေး စံနစ်ကြီးထဲ က အစိတ်အပိုင်း တစ်ရပ် ဖြစ်ပါတယ်။ ဒီ စံနစ် မှာ ချက်သမ္မတ နိုင်ငံ မှာ ချထားတဲ့ ရေဒါ စံနစ် ပါဝင်ပါတယ်။ အမေရိကန်၊ ဂရင်းလန်း ကျွန်း နဲ့ ဗြိတိန် နိုင်ငံတို့ မှာ ရှိတဲ့ ကာကွယ်ရေး စံနစ်တွေ ပါဝင်ပါတယ်။

ဒုံးကျည် ကာကွယ်ရေးစံနစ် ဟာ အီရန် လို နိုင်ငံတွေ က တာဝေးပစ် ဒုံးကျည်တွေ ကို ကာကွယ်ဖို့ အတွက် လိုအပ်တယ်လို့ အမေရိကန် က ပြောနေခဲ့တာ ကြာပါပြီ။

ဝါဆောမှာ စကားပြောတဲ့အခါ၊ နိုင်ငံခြာရေး ဝန်ကြီး မစ္စရိုက်စ် က ဒီအချက် ကို ပဲ ပြောပါတယ်။

“ဒုံးကျည် ကာကွယ်ရေး က ဘယ်နိုင်ငံ ကို မှ ချိန်ရွယ်ထားတာ မဟုတ်ပါဘူး။ ကျွန်မတို့ ကာကွယ်ရေး အတွက် ဒါ ကို လုပ်ရတာပါ။”

အဲသလို အကြောင်းအကျိုးမျိုး ကို ရုရှား က တော့ လက်မခံပါဘူး။ ဥရောပ မှာ ချထားတဲ့ ဒုံးကျည်ကာကွယ်ရေး ဟာ ရုရှား ဒုံးကျည်တွေ ရဲ့ ပစ်ခတ်နိုင်အား ကို ဖျက်ဖို့ ကြံရွယ်တာ ဖြစ်ပြီး၊ ရုရှား နိုင်ငံ ရဲ့ လုံခြုံရေး ကို ခြိမ်းခြောက်တာ ဖြစ်တယ်လို့ ရုရှား က ဆိုပါတယ်။

ဂျော်ဂျီယာ မှာ ဖြစ်တဲ့ ပဋိပက္ခကြောင့် ရုရှား နဲ့ ဆက်ဆံရေး တင်းမာလာချိန်၊ ဂျော်ဂျီယာ နယ်မြေထဲ က ရုရှားတပ်တွေ ရုပ်သိမ်းဖို့ အနောက်နိုင်ငံတွေ ရဲ့ ဖိအား က ကြီးထွားလာချိန် မှာ သဘောတူညီချက် ကို လက်မှတ်ရေးထိုးတာ က ဖြစ်လာခဲ့ပါတယ်။

ခွဲထွက်သွားတဲ့ တောင်အိုစက်တီးယား ဒေသ က ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေ ကို ဂျော်ဂျီယာ က စစ်ရေး အရ အရေးယူဆောင်ရွက်တာကြောင့် ရုရှား နဲ့ ပဋိပက္ခ ဖြစ်ရတာ လို့ အပေါ်ယံမှာတော့ တွေ့ရပါတယ်။ ဒါပေမဲ့ ဂျော်ဂျီယာ က ဥရောပ သမဂ္ဂ နဲ့ နေတိုး အဖွဲ့ ကို ဝင်ဖို့ စိတ်အားထက်သန်နေတဲ့ အတွက် သင်ခန်းစာပေးဖို့ စီစဉ်လုပ်ဆောင်ခဲ့တာအဖြစ် ရုရှား ရဲ့ စစ်ရေး အရ တုန့်ပြန်ပုံ ကို ကျယ်ကျယ်ပြန့်ပြန့် မြင်ကြပါတယ်။

အနောက် နိုင်ငံတွေ နဲ့ မဟာမိတ်ပြု ရာမှာ ဘယ်သူ မဟာမိတ်ဖြစ်လို့ ရုရှား က ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး လို့ မစ္စရိုက်စ် က ဘရပ်ဆဲ မြို့ မှာ အင်္ဂါနေ့ က ကျင်းပတဲ့ နေတိုး အစည်းအဝေး မှာ ပြောကြားပါတယ်။ ယခင် ဆိုဗီယက် အုပ်စု အတွင်း ကနေ ဥရောပ သမဂ္ဂ နဲ့ နေတိုး အဖွဲ့တွေ ထဲ ဝင်ခဲ့တဲ့ ပိုလန်နိုင်ငံ လျှောက်ခဲ့တဲ့ ခရီး ကိုလည်း ဝါဆော မှာ မစ္စ ရိုက်စ် က အားပေး ခဲ့ပါတယ်။

ပိုလန် နဲ့ ဒုံးကျည် ကာကွယ်ရေး သဘောတူညီချက် ကို လွှတ်တော် က အတည်ပြုကြရမှာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG