သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်းလွန်ကာလ နဲ့ ကယ်ဆယ်ရေး (အပိုင်း - နှစ်)


နာဂစ်ဆိုင်လေမုန်တိုင်းဒဏ် လွတ်မြောက်ခဲ့သူများအတွက် ထောက်ပံ့ရေး အကူအညီတွေကို စေတနာ့ဝန်ထမ်းတွေ က ကောက်ခံခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာတော့ အလှူခံ ရရှိခဲ့တဲ့ အကူအညီတွေကို မုန်တိုင်းဒဏ် အများဆုံးခံရတဲ့ ဧရာဝတီတိုင်းက ဘုန်းကြီးကျောင်းတွေဆီ ပေးပို့လုပ်ဆောင်ခဲ့ပါတယ်။

အားလုံးကတော့ မြို့ထဲမှာ လွတ်လွတ်လပ်လပ် ကူညီနိုင်တာမျိုး မဟုတ်ပါ။ အငှားယာဉ် မောင်းသမားဟာ အလှူပစ္စည်းတွေကို စေတနာ့ဝန်ထမ်း ပို့ဆောင်ပေးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ အများကြီးရှိတယ်လို့ သူကဆိုပါတယ် -

“အခုဆိုရင် မုန်တိုင်းဒုက္ခသည်တွေကို ကူညီဘို့ စေတနာ့ဝန်ထမ်းတွေမှာ အ ခက်အခဲတွေ ရှိနေပါတယ်။ တခါတလေ အစိုးရက ခွင့်မပြုပါဘူး။ တခါတလေကျတော့ အစိုးရက စေတနာ့ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးရာဇဝင် နဲ့ နောက်ကြောင်း စစ်ဆေးတာကို ခံရပါတယ်။ တကယ်လို့ နိုင်ငံရေးပါတီတခုခုရဲ့ အဖွဲ့ဝင် ဖြစ်ခဲ့ရင် ဒီလူကို အစိုးရက ထိန်းသိမ်းထားလိုက်တာပါဘဲ။”-

ထင်ရှားကျော်ကြားသူ တော်တော်များများဟာ ကယ်ဆယ်ရေးကိစ္စတွေ ဆောင်ရွက်လို့ အဖမ်း ခံခဲ့ရပါတယ်။

သီထိနန် ဖေါင်စူဒီရာက့် (Dr. Thitinan Pongsudhirak) ဟာ ထိုင်းနိုင်ငံ၊ ချူလာလောင်ကွန် တက္ကသိုလ် (Chulalongkorn University) နိုင်ငံတကာ လေ့လာရေး နဲ့ လုံခြုံရေးရာဌာန ရဲ့ ဦးဆောင်ညွှန်ကြားရေးမှုး ဖြစ်ပါတယ်။

"ဖိနှိပ်မှုတွေကတော့ စနစ်တကျ နဲ့ လက်ကုန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လူထု အသိုင်းအဝန်း နဲ့ အဖွဲ့အစည်းတွေက ဒီလို ရက်စက်ကြမ်းကြုတ်လှတဲ့ အစိုးရ နဲ့ အာဏာပိုင် အဖွဲ့အစည်းကို ဘာမှ စစ်ဆေးမှုတွေ မလုပ်နိုင်လို့ပါ။ လူထုမှာ တခြားနည်းလမ်းကလည်း ရှိမှမရှိတာ။"

ရန်ကုန်မြို့မှာတော့ အခြေအနေတွေက ပုံမှန်ပါပဲ။ ဒီ တရားမဝင်ဈေးကတော့ လူထုကို အစိုးရ က မသိစေချင်တဲ့ ဓါတ်ပုံတွေလို တားမြစ် ကုန်ပစ္စည်းတွေ ရနိုင်တဲ့နေရာပါ။

ဒီ စီဒီမှာ နာဂစ်ဆိုင်ကလုန်းကြောင့် သေဆုံးခဲ့သူတွေရဲ့ ကြောက်စရာကောင်းတဲ့ ဓါတ်ပုံတွေနဲ့ ဗီဒီယိုတွေ ပါဝင်ပါတယ်။ ဒီရုပ်ပုံတွေဟာ အစိုးရအပေါ် ဒေါသအမျက် ထွက်လာအောင် ဆွပေးမဲ့ မီးပွားတခု ဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး၊

"နာဂစ်ဟာ စစ်အစိုးရကို အဆုံးသတ်မဲ့ လမ်းစပဲဆိုပြီး တော်တော်များများက လူထုအုံကြွမှုကြီး ပေါ်ပေါက်လာမယ်လို့ မျော်လင့်ခဲ့ပါတယ်။ အိပ်မက်မက်ခဲ့ကြတယ်၊ ထင်မြင်ခဲ့ကြတယ်၊ ကျနော်က တော့ ပြောင်းပြန်ဖြစ်ခဲ့တယ်လို့ ထင်ပါ တယ်၊ စစ်အစိုးရကို ပိုပြီးတောင် ခိုင်မာတောင့်တင်း စေခဲ့တယ်လို့ ဆိုချင်တယ်။ လူထုအနေ နဲ့ ဒုတိယတန်းစား နေရာထက်တောင် ပိုပြီးကျဆင်းစေသလို အစိုးရ ရဲ့ စည်းမျဉ်းတွေကိုလည်း ပိုပြီး နာခံသွားစေပါတယ်။"

မုန်တိုင်းကျပြီး ရက်ပိုင်းအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အတွက် စစ်အစိုးရက လူထုဆန္ဒခံယူပွဲ ကျင်းပခဲ့ပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေက ဒါဟာ အတုအယောင် ဆန္ဒခံယူပွဲလို့ ဆိုပါတယ်။ စစ်အစိုးရကတော့ မဲဆန္ဒရှင်တွေက အခြေခံဥပဒေကို တခဲနက် အတည်ပြုခဲ့တယ် လို့ ကြေငြာခဲ့ပါတယ်။

လက်ရှိကာလမှာတော့ မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တာမျိုး မတွေ့ရပါဘူး။ သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ စက်တင်္ဘာ လူထုအုံကြွမှုကြီးကလည်း ဖမ်းဆီးမှုတွေ၊ ပုန်းရှောင် နေရတာတွေနဲ့ပါ။ သံဃာတော်တော်များများကတော့ ကျောင်းတိုက်တွေဆီ ပြန်လှည့်သွားကြပါတယ်။ ဒါပေမဲ့ မုန်တိုင်းဒုက္ခသည်တွေကို ကူညီကယ်ဆယ်တဲ့နေရာမှာ သံဃာတော်တွေဟာ အဓိကကျပါတယ်။

"မကျေနပ်တာတွေကို ထုတ်ဖေါ်ရင်း အထွေထွေ ဆန္ဒပြပွဲကြီးကနေ အစိုးရ ပြုတ်ကျအောင် လုပ်ဆောင်တာထက် လူတွေရဲ့ အသက်တွေ ကယ်ဆယ်ဘို့ ဆိုတာကို သူတို့ဦးစားပေးလိုက် ကြတယ်လို့ ကျနော်ထင်ပါတယ်။"

သံဃာတော်အရေးအခင်း မှေးမှိန်သွားသလို မုန်တိုင်းကိစ္စလည်း လျော့ကျသွားပြီး အစိုးရအတွက်ပဲ ဖြစ်သွားမလားဆိုတာကို ဒီယာဉ်မောင်းသမားလိုပဲ လူထုကတော့ စိုးရိမ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG