အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်တွေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ တို့ ဒီကနေ့ ဒုတိယ တကြိမ် ထပ်မံ တွေ့ဆုံခဲ့ပါတယ်။ အရင်အခေါက်ထက်စာရင် အခု တွေ့ဆုံမှုကို အားရကျေနပ်တဲ့ အကြောင်း အဲန်အယ်ယ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ ဦးဉာဏ်ဝင်း ကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ က ဆက်သွယ်မေးမြန်းထားပါတယ်။
အခုလို ဂမ်ဘာရီကနေပြီးတော့ နောက်တကြိမ် ထပ်ပြီးတော့ ဆွေးနွေးဖြစ်အောင် ဖြစ်ပေါ်လာတဲ့ အခြေအနေလေးကို နည်းနည်းလောက် ရှင်းပြပေးပါလားရှင့်။ -
"ဒီနေ့ဆွေးနွေးပွဲကို လာပြီး အကြောင်းကြားတာက မနက် ၉ နာရီ ဝန်းကျင်လောက် ကမှ အကြောင်းကြားတယ်။ အဲတော့ ဒုတိယတကြိမ် ဖြစ်လာတဲ့ ကိစ္စက ပထမ အကြိမ် သူ့ရဲ့ ခရီးစဉ်ရဲ့ လုပ်ငန်း၊ မစ်ရှင် ရဲ့ လုပ်ငန်းကို ဘာမှ ဆွေးနွေးခွင့် မရခဲ့ဘူး။ အချိန်လည်း မရဘူး။ ဒါကြောင့် ဒီနေ့ကျတော့ အဲဒီ မစ်ရှင် ရဲ့ လုပ်ငန်းတွေကို နှစ်ဖက် ဆွေးနွေးကြပါတယ်။ ဒါကြောင့် ဒုတိယတကြိမ် ဖြစ်ပေါ်လာတာက လုပ်ငန်းစဉ် အတွက် လုပ်ငန်း အတွက် တကယ် လုပ်ရမယ့်ဟာတွေကို ဒီနေ့ ဆွေးနွေးဖြစ်တာပေါ့။"
ဒေါ်အောင်ဆန်းစုကြည်က ဂမ်ဘာရီ ကို မတွေ့ဘူးဆိုတာက အဲဒါကရော ဘာကြောင့်ပါလဲ အန်ကယ်လ်။ -
"သူတို့ မတွေ့ဖြစ်သေးဘူး ဆိုတာကိုတော့ ကျနော် အတည်ပြု ပြောနိုင်တယ်။ ဘာကြောင့်လဲ ဆိုတောတော့ ကျနော်တို့ မသိပါဘူး။"
အဲတော့ ဒီနေ့ ဘာတွေများ ဆွေးနွေးဖြစ်လဲ အဲန်အယ်လ်။ -
"ဒီနေ့ အဓိက ကတော့ သူ့ လုပ်ငန်းစဉ်ထဲက အချက် ၅ ချက် သူ လုပ်ရမယ့် အလုပ်ပေါ့နော်။ လာတဲ့ခရီးစဉ်။ အဲဒါကို ဆွေးနွေးတယ်။ အဲဒီမှာ နံပါတ် တစ် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးဖို့၊ ဒီကိစ္စက အရေးကြီးတဲ့ ကိစ္စတခု အနေနဲ့ ပါဝင်ပါတယ်။ ကျန်တဲ့အချက်တွေကိုလည်း ဆွေးနွေးပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ဆွေးနွေးပွဲကို ပြီးတဲ့အထိ ဆက် ဆွေးနွေးဖို့ နှစ်ဖက် သဘောတူ ထားတယ်။ ဒါကြောင့် ဆွေးနွေးပွဲ မပြီးပြတ်ခင်မှာ ဆွေးနွေးချက် အသေးစိတ်တွေကိုတော့ ကျနော်တို့ အခုချိန်မှာ မပြောနိုင်သေးပါဘူး။"
အဲတော့ မစ္စတာ ဂမ်ဘာရီ နဲ့ နောက်ထပ် ဆွေးနွေးဖို့ ရှိသေးတယ်ပေါ့။ -
"ဟုတ်ကဲ့။ နှစ်ဖက် ဆက်လက် ဆွေးနွေးဖို့ သဘောတူထားပါတယ်။"
ထူးခြားမှုတွေရော ဘာတွေ ရှိသေးလဲ အဲန်ကယ်လ်။ -
"ထူးခြားမှုက မစ္စတာ ဂမ်ဘာရီ ရဲ့ လုပ်ငန်းစဉ် ကို ဒီနေ့ တွေ့တော့မှ ဆွေးနွေးခွင့် ရတယ်။ ဒါ ထူးခြားချက်။ လုပ်ငန်းစဉ် ထဲက အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး ဆွေးနွေးတယ်။ မပြီးပြတ်သေးပေမယ့် ဆွေးနွေးခွင့် ရတာကို အဲန်ကယ်လ် တို့ ကျေနပ်ပါတယ်။ ထူးခြားတယ် လို့လည်း ထင်ပါတယ်။"
အဲတော့ ဒီနေ့ ဆွေးနွေးပွဲက အဲန်အယ်လ်ဒီ ဖက်ကနေ အားရ ကျေနပ်မှု ရှိလား အဲန်ကယ်လ်။ -
"ကျနော်တို့ ပထမ အကြိမ် ဆွေးနွေးပွဲကို လုံး၀ အားမရဘူး။ အခု လုပ်ငန်းစဉ်ကို ဆွေးနွေးခွင့် ရတဲ့အတွက် အားရတယ်။"
အဲန်အယ်လ်ဒီဖက်ကနေ မကျေနပ်ဘူး၊ ဒီဟာကို အားရမှု မရှိဘူး။ အစိုးရ တွေ့ခိုင်းတဲ့ သူတွေပဲ အဲလို အသံတွေကြောင့်လား။ -
"အဲဒါကြောင့် ဘာကြောင့် ဖြစ်တယ်တော့ အဲန်ကယ်လ်တို့ သေချာ မပြောနိုင်ဘူး။ ဒါပေမယ်လို့ လုပ်ငန်းစဉ် နဲ့ မဆိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်တာ အတွက် အဲန်ကယ်လ် တို့ သဘောမကျဘူး။ အခုဟာက လုပ်ငန်းစဉ်ကို ဆွေးနွေးခွင့် ရတဲ့အတွက် သဘောကျတယ်။"
ထူးခြားမှု ကတော့ နောက်ထပ် ဆွေးနွေးမယ် ဆိုတာ ထူးခြားတာပေါ့နော်။ -
"မှန်ပါတယ်။ နောက်ထပ် ဆွေးနွေးဖို့ သဘောတူ ပါတယ်။"
အဲဒါဆို ဂမ်ဘာရီက ပြန်တော့ မပြန်သေးဘူးပေါ့။ -
"အဲန်ကယ်လ် တို့ သေချာ မသိသေးဘူး။"
ဒီနေ့ ဘယ်လောက်ကြာ တွေ့ခွင့်ရလဲ။ -
"တစ်နာရီ ကျော်ပါတယ်။"
တွေ့တော့ရော လွတ်လွတ်လပ်လပ် တွေ့ခွင့်ရလားရှင်။ -
"လွတ်လွတ်လပ်လပ် တွေ့ခွင့် ရတယ်။ အတိအကျ တွေ့ခွင့်ရတယ်။"
အဲတော့ အဲန်အယ်လ်ဒီ ဖက်ကရော အဲန်အယ်လ်ဒီ က စီအီးစီ တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဂမ်ဘာရီ နဲ့ အဲဒီလို အတူတွေ့ဖို့ရော တောင်းဆိုတာ ရှိသလား အဲန်ကယ်လ်။ -
"အဲဒါတော့ ဒီနေ့ တောင်းဆိုတယ်လို့ မသိရပါဘူး။ ဒါပေမယ်လို့ ဖြစ်သင့်တာက အဲန်အယ်လ်ဒီ စီအီးစီ တဖွဲ့လုံးက ကြိုတင် တွေ့ဆုံ ညှိနှိုင်းဖို့ အခြေအနေမျိုး ရှိသင့်တယ်လို့ အဲန်ကယ်လ် တို့ ယူဆတယ်။"
လာမယ့် ဒီဇင်ဘာ အကုန်မှာ ဘန်ကီမွန်း လာမယ်ဆိုတဲ့ ကိစ္စကရော ဘယ်လောက် ထူးခြားလဲ။ -
"ဘန်ကီမွန်း နိုင်ငံရေးကိစ္စအတွက် သက်သက်လာမှာ ဒါ လာသင့်တာပေါ့။ မြန်မာနိုင်ငံရေး political blockage ဖြစ်နေတာကိုး။ ဒါ လာသင့်တယ်။"
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်လ်ဒီ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။