သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ဂျပန် လက်ခံမည်


အာရှနိုင်ငံက ဒုက္ခသည်တွေကို ဂျပန်နိုင်ငံမှာ ပြန်လည် အခြေချနေထိုင်ခွင့်ပြုဖို့ ဂျပန်အစိုးရက ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ ဦးစားပေး ပထမအသုတ် အဖြစ်နဲ့ မြန်မာစစ်အစိုးရ ရဲ့ ဖိနှိပ်မှုကြောင့် အိမ်နီးချင်း နိုင်ငံတွေကို ထွက်ပြေး လာကြရတဲ့ မြန်မာဒုက္ခသည်တွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဂျပန်အစိုးရက အခု ဆုံးဖြတ်ချက်ချလိုက်တဲ့ ဒုက္ခသည် ပြန်လည် နေရာ ချထားရေး အစီအစဉ်ကိုတော့ လာမယ့် ၂၀၁၀ ခုနှစ်မှ စတင်မှာဖြစ်ပါတယ်။ ဒီ ဒုက္ခသည် ပြန်လည် နေရာချထားရေး အစီအစဉ်ဟာ အာရှတိုက်သားတွေ အတွက် အထူး အစီအစဉ် ဖြစ်ပါတယ်။ ဒီအထဲမှာ မြန်မာစစ်အစိုးရရဲ့ ဖိနှိပ် ရက်စက်မှုတွေကြောင့်ပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်အရပ်ဒေသတွေမှာ စစ်မက်ဖြစ်ပွားနေလို့ပဲ ဖြစ်ဖြစ် အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေး တိမ်းရှောင် လာကြသူတွေကို ဦးစားပေး ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒေါက်တာမင်းညိုဟာ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ရေးရာရုံး တာဝန်ခံပါ။ သူက ဂျပန်အစိုးရ အခုလို မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ခေါ်ယူတာဟာ နှစ်ပေါင်းများစွာ နိုင်ငံတကာရဲ့ ဖိအားပေးမှုကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

"ဒီကိစ္စ နဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာက နေပြီးတော့ ဂျပန်အစိုးရကိုပေါ့လေ၊ ကျနော်တို့ ဝေဖန်နေတာကတော့ ပြောရင်တော့ နှစ်ပေါင်း တော်တော်ကို ကြာနေပြီလေ။ အထူးသဖြင့် ကျနော်တို့ နိုင်ငံရေး နဲ့ပတ်သက်ပြီးတော့ လှုပ်ရှားပြီး လာတဲ့သူတွေကိုတောင် သူက ပြောရင် မပေးချင်ဘူး။ အရင်တုန်းက ဆိုရင် ထိုင်းကတဆင့် လာတဲ့သူတွေ ဆိုရင် နိုင်ငံရေး တကယ် လုပ်ခဲ့တာတောင် ကျနော်တို့ ဒီမှာ လျှောက်တယ် ဆိုရင် မပေဘူးလေ။ မပေးခဲ့တာကို ကျနော်တို့ တွေ့ခဲ့ရတယ်ပေါ့။ သူများနိုင်ငံ ဆိုရင်တော့ လွယ်လွယ်ကူကူ ချက်ချင်းကို ရတဲ့ဟာမျိုးကို။ အဲဒါနဲ့ ပတ်သက်ပြီးတော့ တော်တော်လည်း ပြင်းပြင်းထန်ထန် ပြောကြတာ အပေါ်မှာ မူတည်ပြီးတော့ အခုတော့ ပထမဆုံး သူတို့ ခေါ်မယ်ဆိုတဲ့ဟာ ဖြစ်လာတယ်။ ဖြစ်လာတဲ့ဟာက တခုတော့ ရှိတာပေါ့။ ဂျပန် ရဲ့ အခြေအနေ က အခု ဂျပန်ပြည်မှာက ကလေးတွေ မွေးနှုန်းကလည်း နည်းလာတယ်။ နည်းလာတော့ လူဦးရေ က တဖြည်းဖြည်း နဲ့ ပြောရရင် ငယ်တဲ့ နုပျို တဲ့သူတွေ နည်းလာတယ် ဆိုတဲ့ တပိုင်း ရှိတယ်။ နောက်တခါ သူတို့ လယ်ယာ လုပ်ငန်းတွေ နဲ့အပိုင်းမှာ ပြောရင်တော့ လုပ်သားချို့တဲ့မှု အပိုင်းတွေ ပေါ်နေတယ်ပေါ့။ ဒီအပေါ်တွေပေါ် မူတည်ပြီးတော့ သူတို့ ပေးရမယ့် အတူတူ မြန်မာလူမျိုးတွေကို ခေါ်ရင် ဖြစ်မယ် ဆိုတဲ့ အယူအဆပေါ့။ ဒါကတော့ ကျနော်တို့ လွှတ်တော်ထဲမှာလည်း ဖိအားပေးခံရတာတွေ၊ နိုင်ငံတကာ ကလည်း ဖိအားပေးခံရတာတွေ၊ နောက်တခါ - သူတို့ ပြည်တွင်းမှာလည်း အဲဒီလို အခြေအနေမျိုးတွေ ရောက်နေတယ်လေ။ အထူးသဖြင့် ဆိုရင် ဂျပန်ပြည်မှာ ဆိုရင် အခု ကျနော်တို့ လူကြီးတွေကို အသက်ကြီးတဲ့သူတွေကို ပြုစုဖို့ ဆိုပြီးတော့ အခု ပထမဆုံး အင်ဒိုနီးရှား ကနေပြီးတော့ ဂျပန်စကားတတ်တဲ့သူတွေကို သင်ပြီးတော့ အဲဒီလို ခေါ်တဲ့ဟာတွေ ဖြစ်လာတယ်လေ။ ဒီအပေါ်မှာ မူတည်ပြီးတော့ ပေါ်လစီ ပြောင်းလာတယ် လို့ ကျနော်တို့ သုံးသပ်လို့ ရပါတယ်။"

၁၉၇၀ ခုနှစ် ဝန်းကျင်တွေမှာ ဂျပန်နိုင်ငံကို ရောက်လာကြတဲ့ ဗီယက်နမ် လေစီးဒုက္ခသည်တွေကို လက်ခံခဲ့ဖူးပြီး အဲဒီလူတွေ နောက်ပိုင်းမှာ နိုင်ငံသားဖြစ်သွားကြတဲ့ သာဓက ရှိဖူးကြောင်းလည်း ဒေါက်တာ မင်းညိုက ဆက်ပြောပြပါတယ်။

"၁၉၇၀ ခုနှစ်ပိုင်းမှာ ဗီယက်နမ် ကိစ္စ ဖြစ်တဲ့အချိန်မှာ ထွက်လာကြတဲ့သူတွေကို အဲဒီတုန်းက ဆိုရင် လွှတ်တော် ကိုယ်တိုင်က ဥပဒေ ပြဌာန်းပြီးတော့ အဲဒီလူတွေကို ကူညီရမယ် ဆိုပြီးတော့ နိုင်ငံတကာမှာ သောင်းချီ သိန်းချီ ဆိုတော့ ဂျပန်ပြည်ကိုလည်း ရောက်လာကြတယ်လေ။ ဂျပန်က ပိုနီးတယ် ဆိုတော့ ဂျပန်ကိုလည်း လာကြတော့ လက်မခံရင် မရတဲ့အတွက် သူတို့ လက်ခံလိုက်တယ်။ အဲဒီလူတွေ ကတော့ အခု ကျနော် သိသလောက်ကတော့ ဂျပန်နိုင်ငံသားတွေ ဖြစ်သွားကြပြီလေ။ အဲဒီ လုပ်ငန်းကလည်း ရပ်ပစ်လိုက်ပြီ။ ရပ်လိုက်တဲ့အတွက် ပြောရင်တော့ အခု အများဆုံး ဖြစ်နေတာကတော့ မြန်မာ ဖြစ်နေတဲ့အတွက် ဒါဟာ ဒုတိယ အနေနဲ့ ပြောရရင်တော့ဗျာ ဒါ အစားထိုးတဲ့ ဟာပါပဲ။"

ဂျပန်နိုင်ငံက မြန်မာ့ရေးရာရုံးတာဝန်ခံ ဒေါက်တာမင်းညို ပြောသွားတာပါ။

အခုလာမယ့် ၂၀၁၀ ခုနှစ်မှာ ဂျပန်နိုင်ငံက ပထမ ဦးစားပေး အဆင့် အနေနဲ့ လက်ခံဖို့ စီစဉ်တဲ့ ဒုက္ခသည်တွေထဲမှာ မြန်မာနိုင်ငံက ဒုက္ခသည်တွေ အပြင် နီပေါ နိုင်ငံကို ရောက်နေကြတဲ့ ဘူတန် နိုင်ငံသား ဒုက္ခသည်တွေ ပါဝင်မှာ ဖြစ်ပါတယ်။

ဂျပန်အစိုးရက ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထားတဲ့နိုင်ငံ ဖြစ်ပေမယ့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ ဒုက္ခသည်လက်ခံမှု အနည်းဆုံး နိုင်ငံတခု ဖြစ်ပါတယ်။ အမေရိကန်နဲ့ ကနေဒါလို တခြား စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေက ကမ္ဘာတလွှားက ဒုက္ခသည်တွေ သောင်းနဲ့ချီ လက်ခံနေအချိန်မှာ ဂျပန်အစိုးရကတော့ သူ့နိုင်ငံထဲရောက်ပြီးသူတွေကိုသာ ဒုက္ခသည် အဖြစ် လက်ခံပါတယ်။ မနှစ်က ၂၀၀၇ ခုနှစ်မှာ စုစုပေါင်း ၄၅၁ ယောက်ကိုသာ ဒုက္ခသည်အဖြစ် လက်ခံခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG