သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့ထားတဲ့ ပါလက်စတိုင်းဒေသ ဝင်ရောက်လာသည့် တတ်ကြွလှုပ်ရှားသူများကို အစ္စရေးက ဖြတ်ကျော်ခွင့်ပေး


ပါလက်စတိုင်းလိုလားတဲ့ တတ်ကြွလှုပ်ရှားသူတွေဟာ ဂါဇာကမ်းမြောင်ကို သင်္ဘောနဲ့ ဝင်ရောက်ပြီး ပါကစ္စတိုင်းနယ်မြေကို အစ္စရေးက ပိတ်ဆို့အရေးယူထားတာကို ဆန့်ကျင်အာခံဖို့ လုပ်ခဲ့ကြပါတယ်။ ကိုသားညွန့်ဦးက အကြောင်းစုံကို ပြောပြမှာပါ။

နိုင်ငံတကာက တတ်ကြွလှုပ်ရှားသူ ၄၄ဦးပါဝင်တဲ့ အစုတဖွဲ့ဟာ သင်္ဘောနှစ်စင်းနဲ့ ပါလက်စတိုင်းအုပ်ချုပ်တဲ့ ဂါဇာဒေသကို ဝင်ရောက်လာတာပါ။ မူလကတော့ ဒါကို အစ္စရေးဖက်က တားဆီးပိတ်ပင်မယ်လို့ ပြောပေမယ့် နောက်တော့ အစ္စရေးတို့ကို ကူးဖြတ်ခွင့်ပေးခဲ့တယ်လို့ ဂျေရုဆလင် ဗီအိုအေ ဌာနခွဲကနေ Robert Berger က သတင်းပေးပို့ထားပါတယ်။ ဒီ တတ်ကြွလှုပ်ရှားသူတွေထဲမှာတော့ ကယ်လီဖိုးနီးယားပြည်နယ် လောစ်အိန်ဂျယ်လစ်မြို့က Greta Berlin လည်း အပါအဝင်ဖြစ်ပါတယ်။

“ကျမတို့အဖွဲ့မှာနိုင်ငံပေါင်း ၁၇နိုင်ငံက ပါဝင်ကြပြီးတော့ ကျမတို့မှာ တူညီတဲ့ဦးတည်ချက်တခုရှိပါတယ်။ ဒါကတော့ ပါလက်စတိုင်း တသန်းခွဲကို အစ္စရေးက အင်နဲ့အားနဲ့ ဝန်းရံထားတာကို ချိုးဖျက်ပစ်ဖို့ပါ။”

လွန်ခဲ့တဲ့တနှစ်က ပါလက်စတိုင်းဒေသမှာ ပြည်တွင်းစစ်ဖြစ်ပြီး အစ္စလာမ်စစ်သွေးကြွ ဟားမတ်အုပ်စုကနေ ဂါဇာကို ထိန်းချုပ်ထား ကတည်းကဆိုရင် အစ္စရေးဖက်က ဂါဇာဒေသကို ချိနဲသွားအောင် အသွားအလာတွေ အသယ်အပို့လမ်းကြောင်းတွေ ပိတ်ဆို့ထားခဲ့ပါတယ်။ ဟာမတ်စစ်အုပ်စုကလည်း အစ္စရေးဖက်က တောင်းဆိုနေတဲ့ အကြမ်းဖက်မှုကို စွန့်လွတ်ဖို့ အစ္စရေးတည်ရှိမှုကို အသိအမှတ်ပြုဖို့ဆိုတာကိုလည်း ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ်လ အပြန်အလှန်အပစ်အခတ်ရပ်စဲရေးမလုပ်ချိန်အထိ ပါကစ္စတိုင်းစစ်သွေးကြွတွေဟာ နယ်စပ်ဖြတ်ပြီး အစ္စရေးဖက်ကို ဒုံးကျည်လောင်ချာတွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အစ္စရေးဖက်က ဒီလိုပိတ်ဆို့အရေးယူတာမျိုးကတော့ တရားနည်းလမ်းမကျပါဘူးလို့ အခု ပိတ်ဆို့ထားတာကို အာခံဖြတ်ကျော်ပြီး ပါလက်စတိုင်းကို ဝင်ရောက်ခဲ့တဲ့ အထဲပါတဲ့ အစ္စရေးတတ်ကြွလှုပ်ရှားသူ Jeff Halper က ပြောပါတယ်။

“အရပ်သားလူထုအပေါ် ထားတဲ့ ဒီမူဝါဒတွေအပေါ်မှာ အစ္စရေးဖက်က တာဝန်ယူရပါလိမ့်မယ်။ ဂါဇာဒေသကို စီးပွားရေးအရ အခုလို ပိတ်ဆို့ပစ်တာ၊ အရပ်သားပြည်သူလူထုတွေကို အန္တရာယ်ပေးတာတွေဟာ နိုင်ငံတကာဥပဒေအရ လုံး၀ လုပ်ပိုင်ခွင့်မရှိပါဘူး။ အခု ဒီလို ပိတ်ဆို့မှုဟာ မကောင်းသူရော ကောင်းသူရော အားလုံးကို အပြစ်ပေးအရေးယူတဲ့ပုံစံတမျိုးပါ။”

သူတို့ရဲ့ သင်္ဘောတွေဟာ ဆိုက်ပရက်စ်ကနေ သောကြာနေ့က ထွက်ခွာလာခဲ့ပြီးတော့ မြေထဲပင်လယ်ထဲ ၃၂နှစ်ကြာခရီး ထွက်ခဲ့ပါတယ်။ ဒီနောက် ဂါဇာကို ဆိုက်ရောက်ပါတယ်။ သူတို့ဟာ သူတို့နဲ့အတူ လူသားချင်းစာနာတဲ့အကူအညီအထောက်အပံ့တွေကို သင်္ဘောနဲ့တပါတည်း ယူဆောင်လာတာပါ။ သူတို့ ပါလက်စတိုင်းကမ်းကို ဆိုက်ရောက်တဲ့အချိန်မှာပဲ ရာနဲ့ချီတဲ့ ပါလက်စတိုင်းလူမျိုးတွေက သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြပါတယ်။

ဘာလင်ကတော့ သူတို့ခရီးစဉ်ဟာ အောင်မြင်ခဲ့ပြီလို့ ကြွေးကြော်လိုက်ပါတယ်။

“ကျမတို့ရဲ့ မူလ ရည်ရွယ်ချက်ကတော့ ပါလက်စတိုင်းတွေအနေနဲ့ သူတို့ရဲ့ ပင်လယ်လမ်းကို တကယ်အသုံးပြုခွင့်ရအောင်လို့ ကျမတို့ဂါဇာကို အရောက်သွားပြီး ဒီပင်လယ်လမ်းကို ဖွင့်လိုက်ဖို့ပါ၊ အစ္စရေးဖက်က တားဆီးပိတ်ပင်ထားတာကို ဖျက်ပစ်ဖို့ပါ။ နောက်ပြီး ဒီ ဂါဇာမြေထဲပင်လယ်ဒေသဟာ ဂါဇာက ပြည်သူတွေ ပိုင်ဆိုင်တယ်ဆိုတာကို ကမ္ဘာကြီးကို ပြောချင်တာပါ။”

အစ္စရေးဖက်ကတော့ ပြောတာကတော့ ဒီတတ်ကြွလှုပ်ရှားသူတွေရဲ့ အဓိက ရည်ရွယ်ချက်က အခုလို ဖြတ်ကျော်ချိန် အစ္စရေးက သူတို့အတားအဆီးလုပ်တာ ဖမ်းဆီးတာကိုခံပြီး အစ္စရေးကနေ ပါလက်စတိုင်းအပေါ် ပိတ်ဆို့မှုကို စိတ်ဝင်စားလာကြအောင် လုပ်တာလို့ ဆိုပါတယ်။ ဒါကြောင့်လည်းပဲ ဒီသင်္ဘောတွေ ဂါဇာကို သွားခွင့်ပြုဖို့ အစ္စရေးဖက်က ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

အစ္စရေးနိုင်ငံတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အခုလို ကမ္ဘာသိ လူသိရှင်ကြား စတန်ထွင်လုပ်ရပ်မျိုးကို အစ္စရေးဖက် ထိပ်တိုက်မတွေ့ပဲ ရှောင်ရှားလိုတယ်လို့ အစ္စရေးဖက်က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG