သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာပြည်ခရီးစဉ် အကျိုးမရှိကြောင်း NLD ဝေဖန်


အငြင်းပွါးဖွယ် ရွေးကောက်ပွဲ အကြောင်း ပြောဆိုခြင်းအားဖြင့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ဟာ မြန်မာပြည် လာခဲ့တဲ့ သူ့ခရီးစဉ်အတွင်း အချိန် ဖြုန်းသွားခဲ့တယ်လို့ အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က တနင်္ဂနွေနေ့ က ပြောဆိုလိုက်ပါတယ် လို့ အေပီ သတင်းဌာန က ဆိုပါတယ်။

တွေ့နေကျ မဟုတ်လှတဲ့ အခုလို ဝေဖန်ချက် က မစ္စတာ ဂမ်ဘာရီ ရဲ့ ၆ ရက်ကြာ ခရီးစဉ် ပြီးဆုံးသွားတဲ့အချိန်မှာ ထွက်ပေါ် လာခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံရေး ကို ငြင်းခဲ့တဲ့သူ က အစိုးရ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သာ ဖြစ်ပါတယ် လို့ မစ္စတာ ဂမ်ဘာရီ က သံတမန်တွေ ကို ပြောကြားခဲ့ကြောင်း အေပီသတင်း မှာ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို မတွေ့နိုင်တဲ့အတွက်ရော၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် တွေ့ဆုံ ဆွေးနွေးရေး စတင်နိုင်အောင် မလုပ်ဆောင်နိုင်တဲ့ အတွက်ပါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က မစ္စတာ ဂမ်ဘာရီ ကို ဝေဖန်လိုက်ပါ တယ်။ စီစဉ်ထားတဲ့အတိုင်း၊ ရွေးကောက်ပွဲ ကို စစ်အစိုးရ က ပြင်ဆင်ရာမှာ မစ္စတာ ဂမ်ဘာရီ က အကူအညီပေးဖို့ ကမ်းလှမ်းခဲ့တဲ့အတွက် လည်း ဦး ဉာဏ်ဝင်း က မစ္စတာ ဂမ်ဘာရီ ကို ဝေဖန်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် က ရွေးကောက်ပွဲ အစီအစဉ် ကို ဝေဖန်ထား ပါတယ်။

“အင်န်အယ်ဒီ က စစ်တပ် ကျောထောက် နောက်ခံပေးထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ကို အသိအမှတ် မပြုတဲ့ အတိုင်း မစ္စတာ ဂမ်ဘာရီ ရဲ့ လုပ်ငန်းစဉ် မှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို မဆွေးနွေးသင့်ဘူး လို့ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ကို ကျွန်တော်တို့ ရှင်းရှင်း ပြောခဲ့ပြီး ဖြစ်ပါတယ်။ သူ မလုပ်ရမယ့် ကိစ္စတွေ အပေါ် မှာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဟာ သူ့အချိန်တွေ ကို ဖြုန်းပစ် နေပါတယ်။” လို့ ဦး ဉာဏ်ဝင်း က ပြောဆိုတာကိုလည်း အေပီ သတင်း မှာ ကိုးကားထားပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းပြီးတဲ့အခါ၊ လိုအပ်မယ့် ကျွမ်းကျင်မှု ဆိုင်ရာ ကိစ္စတွေ မှာ ကုလသမဂ္ဂ က ပူးပေါင်း ဆောင်ရွက်လို ကြောင်း မစ္စတာ ဂမ်ဘာရီ က ပြောကြားခဲ့တယ်လို့ တနင်္ဂနွေနေ့ ထုတ် မြန်မာ့အလင်း က ဆို ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် မရတဲ့အတွက် စိတ်ပျက်ဖို့ မလိုသလို၊ ဆွေးနွေးနေတာတွေ အဆုံးသတ် လိုက်ဖို့လည်း မလိုပါဘူး လို့ ဗိုလ်မှုးချုပ်ကျော်ဆန်းတို့ အဖွဲ့ နဲ့ တွေ့ဆုံရာမှာ မစ္စတာ ဂမ်ဘာရီ က ပြောကြားခဲ့တယ်လို့ အစိုးရ သတင်းစာ က ဆိုပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နဲ့ ဒုတိယအကြိမ်တွေ့ဆုံတဲ့အခါ၊ ပူးပေါင်း ဆောင်ရွက်ရေး၊ သဘောတူညီနိုင်မှု နဲ့ သဘော မတူညီနိုင်မှုတွေ ကို ဆွေးနွေးခဲ့ကြတယ်လို့ မစ္စတာ ဂမ်ဘာရီ က ပြောခဲ့ကြောင်း ဆက်လက် ရေးသားပါတယ်။ သူ က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး ကို အစိုးရ ကို တောင်းဆိုခဲ့ပါတယ်။ စီးပွါးရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပဖို့လည်း သူ က အဆိုပြုခဲ့ပြီး၊ သက်ဆိုင်ရာ ဝန်ကြီးဌာန က ပူးပေါင်း ဆောင်ရွက်နိုင်မယ့် ကိစ္စတွေ ကို စဉ်းစားမယ်လို့ ဆိုခဲ့တဲ့အတွက် မစ္စတာ ဂမ်ဘာရီ က ဝမ်းသာစကား ကိုလည်း ပြောကြားခဲ့ပါတယ် လို့ နိုင်ငံတော်ပိုင် သတင်းစာ က ဆိုပါတယ်။

အစိုးရ ကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ နဲ့ သွားနေတဲ့ ဖြစ်စဉ် ကို နှောင့်ယှက်ဖို့ ကြိုးစားရင်၊ သည်းခံလိမ့်မယ် မဟုတ်ဘူး လို့ ဗိုလ်မှုးချုပ်ကျော်ဆန်း က ပြောကြားကြောင်း ဆင်ဟွာ သတင်း မှာ တွေ့ရပါတယ်။ နိုင်ငံရေး ပါတီတွေ ထူထောင်ခြင်း၊ စည်းရုံး ဖွဲ့စည်းခြင်း ရွေးကောက်ပွဲ ဝင်ခြင်း ဆိုင်ရာ ဥပဒေ စည်းမျဉ်းတွေ ကို ပြဌာန်း ဆောင်ရွက်မယ်လို့ လည်း သူ က ပြောကြားသွားပါတယ်။ အရင် က လုပ်ခဲ့တဲ့ လုပ်ထုံးလုပ်နည်း တွေ အတိုင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးရေး ကိုလည်း ဆက်လက် လုပ်ဆောင်မယ် လို့ ဗိုလ်ချုပ်ကျော်ဆန်း က ဆိုပါတယ်။ လမ်းပြမြေပုံ ကို အကောင်အထည်ဖော်ရာမှာ ကုလသမဂ္ဂ က အပြည့်အ၀ ကူညီလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း သူ က ပြောကြားခဲ့တယ်လို့ ဆင်ဟွာ သတင်းဌာန ရဲ့ သတင်း က ဆိုပါတယ်။

မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံခဲ့ကြတဲ့ သံတမန်တွေ ကတော့ သူ့ခရီးစဉ် ဟာ ဘာမှ ပြီးမြောက်အောင် မဆောင်ရွက်နိုင် သလောက်ပဲ လို့ ပြောဆိုကြပါတယ်။

စစ်အစိုးရ လုပ်ပုံကိုင်ပုံတွေ ကို ပြောင်းလဲဖို့ ယုံကြည်လာအောင် ကုလသမဂ္ဂ က မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါ က ပြဿနာကြီး ဖြစ်ပြီး၊ မစ္စတာ ဂမ်ဘာရီ ကြုံနေရတဲ့ အခက်အခဲ က အဲဒီ ပြဿနာကြီး ရဲ့ အစိတ်အပိုင်း ဖြစ်တယ်လို့ အေပီ သတင်း က ဆိုပါတယ်။



ဆက်စပ်သတင်းများ ...

XS
SM
MD
LG