သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မှားယွင်းတဲ့ ချဉ်းကပ်မှုဖြင့် မြန်မာ့အိမ်နီးချင်းတွေကို ဂမ်ဘာရီ စည်းရုံးနေဟု ပြည်ပရောက် အတိုက်အခံ ဝေဖန်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာ
ဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ဟာ ၆ ရက်ကြာ မြန်မာပြည်ခရီးစဉ်အပြီး
အာဆီယံဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ခရီးဆက်နေပါ
တယ်။ မနေ့က ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး (Samak Sundaravej) နဲ့
တနာရီကြာ တွေ့ဆုံခဲ့တဲ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံပြီး မြန်မာ
ပြည်က လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ အမြင်ခြင်း ဖလှယ်ခဲ့ကြတယ်လို့
ကုလသမဂ္ဂက ပြောပါတယ်။ မစ္စတာဂမ်ဘာရီရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေမှာ
အိမ်နီးချင်းနိုင်ငံတွေကို လှည့်ပြီးဆွေးနွေးတာတွေက အရင်ကလည်း ရှိခဲ့တာပါ။
ဒီတခေါက်ရော ဘာတွေများ ထူးခြားလာနိုင်မလဲဆိုတာ ကိုကျော်အောင်လွင်က
စုစည်းတင်ပြပေးထားပါတယ်။

မနေ့က ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေးနဲ့ တွေ့တုန်းကတော့ မစ္စတာဆမတ်က
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကုလသမဂ္ဂဘက်က အာရုံစိုက် လုပ်ဆောင်
နေတာတွေ ရပ်သင့်ပြီ၊ ဒါကိုလုပ်မယ့်အစား မကြာခင်လုပ်မယ့် ရွေးကောက်ပွဲကိစ္စနဲ့
အခြေခံဥပဒေသစ်ကိစ္စကိုပဲ ကုလသမဂ္ဂက အာရုံစိုက်ပြီး လုပ်သင့်တယ်လို့ ဆိုပါတယ်။
မစ္စတာဆမတ်က အရင်တခေါက် မြန်မာပြည်က ပြန်လာတုန်းကလည်း မြန်မာ
စစ်ခေါင်းဆောင်တွေဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောခဲ့တဲ့
သူပါ။

မနေ့ကကျင်းပတဲ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတော့ ကုလသမဂ္ဂ အတွင်း
ရေးမှူးချုပ်ရုံးရဲ့ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် မရီးအိုကဘဲ (Marie Okabe) ကို သတင်း
ထောက်တွေက မစ္စတာဂမ်ဘာရီရဲ့ မြန်မာပြည်ခရီးစဉ် အခြေအနေတွေကို မေးခဲ့ကြပါ
တယ်။

"ကျမတို့အနေနဲ့ မစ္စတာဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်မရခဲ့တဲ့ ကိစ္စနဲ့
ပတ်သက်ပြီး ဘာကြောင့်လဲဆိုတာကို ခန့်မှန်းပြောဆိုတာတွေ မလုပ်ချင်ပါဘူး။
ဒါပေမယ့် မစ္စတာဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်န်အယ်လ်ဒီပါတီနဲ့ ၂ ကြိမ်
တွေ့ဆုံခဲ့ပါတယ်။ မြန်မာစစ်အစိုးရကိုရော အန်န်အယ်လ်ဒီပါတီကိုရော မစ္စတာဂမ်ဘာရီ
ပြောခဲ့တာက နှစ်ဖက်လုံး တွေ့ဆုံဆွေးနွေးရေးတွေ စောစောပြန်စဖို့ လိုအပ်နေတယ်
ဆိုတဲ့ အကြံပြုချက်တွေ ပေးခဲ့တာပါပဲ။

"မစ္စတာဂမ်ဘာရီဟာ သူ့ရဲ့ခရီးစဉ် မပြီးသေးပါဘူး။ သူ ကုလသမဂ္ဂကို ပြန်ရောက်လာ
တဲ့အခါ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်က ဘာတွေ အကျိုးအမြတ်ရခဲ့သလဲဆိုတာကို အတွင်း
ရေးမှူးချုပ်ကို တင်ပြဖို့ရှိပါတယ်။ အခြေအနေရှိရင် အတွင်းရေးမှူးချုပ်ကိုယ်တိုင်
မြန်မာပြည်ကို နောက်တကြိမ် ပြန်သွားဖို့လည်း အစီအစဉ်ရှိပါတယ်"။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ လက်ထောက်ပြောခွင့်ရ မရီးအိုကဘဲ ပြောသွား
တာပါ။

မစ္စတာဂမ်ဘာရီရဲ့ မြန်မာ့အိမ်နီးချင်းတိုင်းပြည်တွေကိုသွားပြီး မြန်မာ့အရေး ပြောဆို
ဆွေးနွေးမှုတွေကရော ဘယ်လောက် မျှော်လင့်လို့ရနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ရဲ့ ကုလသမဂ္ဂရေးရာ
တာဝန်ခံ ဒေါက်တာသောင်းထွန်းရဲ့အမြင်ကို မေးကြည့်တော့ ကုလသမဂ္ဂရဲ့ မြန်မာ့
အရေး ချဉ်းကပ်မှုတွေဟာ မှားယွင်းနေတယ်လို့ ဆိုပါတယ်။

"ကျနော်တို့အမြင်ကတော့ မြန်မာပြည် နိုင်ငံရေးပြဿနာကို ချဉ်းကပ်မှုအခြေခံ လွဲနေ
လို့ရှိရင် ဘာမှ အဖြေရှာလို့ရမယ်လို့ မမြင်ပါဘူး။ အခုခရီးစဉ်မှာ မစ္စတာဂမ်ဘာရီဘက်
ကလည်း တွေ့ဆုံဆွေးနွေးပွဲကိစ္စကို တိုက်တိုက်တွန်းတွန်း ပြောရမယ့်အစား ၂၀၁၀
ရွေးကောက်ပွဲမှာ ယူအန်က ဘယ်လိုအခန်းကဏ္ဍက ဝင်လုပ်ပေးနိုင်မယ်ဆိုတာ
သွားပြောနေတာတွေ တွေ့ရတယ်။

"နအဖဘက်က တွေ့ဆုံဆွေးနွေးလိုတဲ့ ဆန္ဒမရှိသလို ယူအန်ဘက်ကလည်း ချဉ်းကပ်မှု
မှားယွင်းနေတယ်။ ဒီလို ချဉ်းကပ်မှု မှားယွင်းတယ်ဆိုရင်တော့ မြန်မာ့နိုင်ငံရေးပြဿနာ
ကို အဖြေရှာလို့မရဘူး။ ဒီမှားယွင်းတဲ့ ချဉ်းကပ်မှုတွေနဲ့ဆိုရင် အိမ်နီးနားချင်းနိုင်ငံတွေရဲ့
ချဉ်းကပ်မှုတွေကိုလည်း ဘယ်လိုမျိုး ယူအန်က ဦးဆောင်မှုပေးမှာလဲ၊ ချပြမှာလဲ။
ကျနော်တို့မြင်တာကတော့ အိမ်နီးနားချင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမယ့်အစား ကုလ
သမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီချဉ်းကပ်မှုတွေနဲ့ပတ်သက်လို့ ပြန်ပြီး စဉ်းစားသင့်တယ်။
မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီရဲ့ သဘောထားအမြင်တွေကို
သေသေချာချာ လေးလေးနက်နက် စဉ်းစားပြီးတော့ ချဉ်းကပ်မှုကို သေချာ
ပြန်သုံးသပ်သင့်တယ်လို့ ကျနော်တို့မြင်ပါတယ်။"
ဒေါက်တာသောင်းထွန်း ပြောခဲ့တာဖြစ်ပါတယ်။

မစ္စတာဂမ်ဘာရီရဲ့ အခုတခေါက် မြန်မာပြည်ခရီးစဉ်ကတော့ အရင်အခေါက်တွေထက်
စာရင် အသံပိုကျယ်ကျယ် ထွက်လာတယ်လို့ ဆိုရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့အစီအစဉ်ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က
လက်ခံတွေ့ဆုံတာ မရှိခဲ့လို့ပါ။ ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာဂမ်ဘာရီ
ကို အတွေ့မခံတာလဲ ဆိုတာကိုတော့ အခုထိ ဘယ်သူကမှ တိတိကျကျ ပြောဆိုတာမျိုး
မရှိသေးပါဘူး။

အရင်အခေါက်တွေက မစ္စတာဂမ်ဘာရီနဲ့ တွေ့ဆုံမှုတွေရဲ့ နိုင်ငံရေးအကျိုးရလဒ်တွေက
လည်း ထူးထူးခြားခြား ဖြစ်မလာတော့ အခုတခေါက်တွေ့ရင်ရော ဘယ်လောက်ထူးမှာ
မို့လို့လဲ၊ မထူးတဲ့အတူတူ မတွေ့တာက နိုင်ငံရေးအရ ပိုပြီးအဓိပ္ပာယ်ရှိတယ်လို့ နိုင်ငံရေး
သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ကိုင်တွယ်ဖြေရှင်းမှုတွေအပေါ် မြန်မာ့ဒီမိုကရေစီအင်အားစု
တွေရဲ့ မကျေနပ်မှုတွေကတော့ တိုးလာနေပါတယ်။ အခုလာမယ့် စက်တင်ဘာလ
အတွင်း ကျင်းပမယ့် ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံ မတိုင်ခင်မှာ ကုလသမဂ္ဂရဲ့
မြန်မာ့အရေး ကိုင်တွယ်မှုတွေ ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုတိုက်တွန်းမှုတွေ မြန်မာ့
ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားတဲ့ အင်အားစုတွေက ပြုလုပ်သွားဖို့ ပြင်ဆင်နေကြ
ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG