သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယူခံကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့် တွေ့ခွင့် မရသေး


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ကိစ္စ နဲ့ပတ်သက်လို့ ရှေ့နေဖြစ်သူ နဲ့ ထပ်မံတွေ့ဆုံခွင့် တောင်းထားပေမယ့် အာဏာပိုင်တွေက ခွင့်မပြုသေးပါဘူး။ ဒီလို တွေ့ခွင့်ဆုံခွင့် မပေးသေးတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေသလို ကျန်းမာရေး အခြေအနေ နဲ့ပတ်သက်လို့လည်း သူမ ရဲ့ ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီ အနေနဲ့ ရေရေရာရာ မသိနိုင်ဘဲ ဖြစ်နေရပါတယ်။ ဒီလို အခြေအနေတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ အဲန်အယ်လ်ဒီ က ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးမှာ ဒီထက်ပိုပြီး အလေးထား ဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပြီး မကြာသေးခင် က အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ဝေဖန်လိုက်ပါတယ်။ အကြောင်းစုံကို ဦးသိန်းထိုက်ဦး က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ရှေ့နေကြီး ဦးကြည်ဝင်း တို့ ဒီရက်ပိုင်းမှာ ထပ်မံ တွေ့ဆုံခွင့် ရခဲ့မယ် ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံ ဆန္ဒပြနေတယ် ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး အဲန်အယ်လ်ဒီ အနေနဲ့ အတည်ပြုချက် ပေးနိုင်မယ် ဆိုပြီး လေ့လာသူတွေ က မျှော်လင့်ချက် ပေးနေပါတယ်။ ရှေ့နေကြီး ဦးကြည်ဝင်းကလည်း သူ တွေ့ဆုံဖို့ ကြိုးစားနေတာတွေ နဲ့ပတ်သက်ပြီး ဗွီအိုအေ ကို အခုလို ပြောပါတယ်။

"ကျနော် က အခု အယူခံလွှာ မူကြမ်း ရေးပြီးပြီဗျာ။ ရေးပြီးသွားတော့ ကျနော် က၂၇ ရက်နေ့ က သတင်းတပ်ဖွဲ့ ကို သွားပြီးတော့ ကျနော် မူကြမ်း သွားပြဖို့ရာ ဝင်ခွင့်ပြုပါ ဆိုပြီးတော့ ကျနော် ဒီနေ့ ၂၉ ရက် ရယ်၊ အကယ်၍ ဒီနေ့ အဆင်မပြေဘူး ဆိုရင် စနေ၊ တနင်္ဂနွေ ကျော်ပြီးတော့ တနင်္လာ ကို ဝင်ခွင့်ပြုပါ လို့ လျှောက်လိုက်တယ်ဗျ။ လျှောက်လိုက်ပြီးတော့ ဒီနေ့ ကျနော် ဖုန်း ဆက်ကြည့်တော့ သတင်းတပ်ဖွဲ့က သူတို့လည်း လုပ်ပါတယ် တဲ့။ သူတို့လည်း အမိန့် ခံရဦးမှာပေါ့။ အဲဒါတွေက မရေသေးတော့ ဒီနေ့ သူတို့ အကြောင်းကြားမယ်။ အခုချိန်ထိတော့ ခွင့်ပြုချက် မရသေးဘူး။"

ရှေ့နေကြီး ဦးကြည်ဝင်း က ဒေါ်အောင်ဆန်းစုကြည် နဲ့ ထပ်ပြီး တွေ့ဖို့ ကြိုးစားဦးမှာ ဖြစ်ပြီး တနင်္လာနေ့မှာတော့ စစ်အစိုးရဖက် က အကြောင်း ပြန်ကောင်း ပြန်နိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အတွက် ပို့ပေးထားတဲ့ အစားအသောက်တွေ လက်မခံတော့တာ အဲန်အယ်လ်ဒီ သတင်းရပ်ကွက် က ပြောပါတယ်။ သူ နဲ့အတူ နေအိမ် အကျယ်ချုပ် ကျနေစဉ်အတွင်း စောင့်ရှောက်ခွင့် ရှိသူတွေအပေါ် နိုင်ငံရေး အရ ကန့်သတ်ခွင့်တွေ၊ လူမှုရေး အရ ပိတ်ပင်တားဆီးမှုတွေ ပိုတိုးလာနေတာတွေ နဲ့ပတ်သက်လို့ ကန့်ကွက်တဲ့ အနေနဲ့ အခုလို အစားအသောက် တွေကို လက်မခံတော့တာ လို့လည်း အဲန်အယ်လ်ဒီ သတင်းရပ်ကွက် က ပြောပါတယ်။ အစာငတ်ခံ ဆန္ဒပြနေတာ နဲ့ပတ်သက်လို့ အတည်ပြုချက် မပေးနိုင်သေးတဲ့ အပေါ်မှာ အဲန်အယ်လ်ဒီ အနေနဲ့ စိုးရိမ်တယ်လို့ အဲန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာ ဝင်းနိုင် က ပြောပါတယ်။

ဒီအတောအတွင်း အဲန်အယ်လ်ဒီ က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရဲ့ အထူးအကြံပေး မစ္စတာ ဂမ်ဘာရီ ရဲ့ မြန်မာနိုင်ငံအရေး ကြားဝင်ဆောင်ရွက်မှုတွေက လက်ရှိအခြေအနေ အရ တိုးတက်မှု တစုံတရာ မတွေ့ရသေးတဲ့အကြောင်း ဒီကနေ့ ရက်စွဲ နဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ကြေညာချက်ပါ အချက်တွေကို ဒေါက်တာ ဝင်းနိုင် က ဖတ်ပြပါတယ်။

"ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူး အကြံပေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ လာရောက်ခဲ့သော မစ္စတာ ဂမ်ဘာရီ၏ ဆတ္ထမမြောက် ခရီးစဉ်သည် မြန်မာ့နိုင်ငံရေး အတွက် လက်ဆုပ်လက်ကိုင် ပြနိုင်သော တိုးတက်မှု တစုံတရာ မရှိကြောင်း တွေ့ရှိရပါသည်။ (၁) မစ္စတာ ဂမ်ဘာရီ သည် ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီဖက် မှ အမှန်တကယ် အဆုံးအဖြတ် ပေးနိုင်သော အဆင့်မြင့်ခေါင်းဆောင် နှင့် တွေ့ဆုံခွင့် ရရှိအောင် မကြိုးစားနိုင်ခဲ့ပါ။ ၁၉၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော တိုင်းရင်းသား နိုင်ငံရေးပါတီများမှ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ ဒီမိုကရေစီအင်အားစုများမှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံခဲ့နိုင်ခြင်း မရှိခဲ့ပါ။ နိုင်ငံတော် အေးချမ်းသာယာရေးကောင်စီ အစီအစဉ်များ အတိုင်းသာ လိုက်နာဆောင်ရွက်ပြီး တန်ဖိုးကြီးမားလှသည့် အချိန်များကို အကျိုးမဲ့ ကုန်ဆုံးစေခဲ့ပါသည်။"

မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံခဲ့တဲ့အချိန်မှာ အဲန်အယ်လ်ဒီ က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ပစ်ပယ်လို့မရတဲ့ အကြောင်း တင်ပြခဲ့ပေမယ့် မစ္စတာ ဂမ်ဘာရီ က ဒီရွေးကောက်ပွဲ ရလဒ် နဲ့ပတ်သက်လို့ သဘောထား တစုံတရာ ပြောဆိုခဲ့ခြင်း မရှိဘူးလို့ အဲန်အယ်လ်ဒီ က ဆိုပါတယ်။

မြန်မာစစ်အစိုးရ ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရေးဆွဲပိုင်ခွင့်မရှိဘဲ တဖက်သက် ရေးဆွဲခဲ့ပြီး လူထုဆန္ဒခံယူပွဲကို သူတို့စိတ်ကြိုက် ကျင်းပခဲ့တာတွေကို အဲန်အယ်လ်ဒီ အနေနဲ့ လက်မခံနိုင်တဲ့အကြောင်း ၂၀၁၀ ခုနှစ် စစ်အစိုးရ က ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ လောလောဆယ်မှာ အဲန်အယ်လ်ဒီ အနေနဲ့ မစဉ်းစားနိုင်သေးတဲ့ အကြောင်း အဲန်အယ်လ်ဒီ ခေါင်းဆောင်တွေ က မစ္စတာ ဂမ်ဘာရီ နဲ့ တွေ့ဆုံတဲ့အချိန် ပြောဆိုခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"ယင်းသို့ တင်ပြထားသည့် ကြားမှပင် မစ္စတာ ဂမ်ဘာရီသည် နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့နှင့် တွေ့ဆုံရာတွင် ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ နိုင်ငံတကာ ယုံကြည်မှု လက်ခံရရှိရေး အတွက် ကုလသမဂ္ဂ၏ ကျွမ်းကျင်မှု အကူအညီများ လက်ခံရယူ ဆောင်ရွက်သင့် ပါကြောင်း နှင့် ရွေးကောက်ပွဲ ကော်မရှင် ဖွဲ့စည်းပြီးသည့်အချိန်တွင် ကုလသမဂ္ဂမှ နည်းပညာ အကြံပေးရေး အတွက် ဆက်လက် ညှိနှိုင်း ဆောင်ရွက်လိုကြောင်း တို့ကို ပြောကြားခဲပါသည်။ ထို့ကြောင့် ဒီမိုကရေစီကို လိုချင်ဆန္ဒ ပြင်းပြ နေသော မြန်မာပြည်သူလူထုအကြား သို့လောသို့လော ဖြစ်ကာ မကျေမနပ် ဖြစ်မှုများ တိုးပွားလာစေခဲ့သည်။"

ဒေါက်တာ ဝင်းနိုင် ဖတ်ပြသွားတာပါ။ မစ္စတာ ဂမ်ဘာရီ အနေနဲ့ မြန်မာနိုင်ငံကို ၆ ကြိမ်မြောက် လာရောက်ခဲ့သော်လည်း နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ နိုင်ငံရေးအရ အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာနိုင်ရေး တိုးတက်မှု တစုံတရာ မရှိသေးတဲ့အကြောင်း အဲန်အယ်လ်ဒီ ရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

"ကုလသမဂ္ဂ အနေနဲ့ ဒီထက်ပိုပြီးတော့ သူတို့အပိုင်းကနေ အားစိုက်ပြီးတော့ ကြိုးပမ်းဖို့ လိုသေးတယ် ဆိုတာကို ကျနော်တို့ က မီးမှောင်း ထိုးပြတာပါ။ ကျနော်တို့ အပိုင်းကလည်း ဆောင်ရွက်စရာ ရှိတာတွေကို ဆောင်ရွက်သွားမှာပါ။"

မစ္စတာ ဂမ်ဘာရီ ရဲ့ ခရီးစဉ် နဲ့ပတ်သက်ပြီး အဲန်အယ်လ်ဒီ ဖက်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် နဲ့ပတ်သက်လို့ ဒေါက်တာ ဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG