သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့သြဇာလွှမ်းမိုးနိုင်သူ အမျိုးသမီးစာရင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို အဆင့် ၃၈ သတ်မှတ်


ကမ္ဘာပေါ်မှာ သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းကို စီးပွားရေးနဲ့ငွေကြေးဆိုင်ရာ မဂ္ဂဇင်းတခုဖြစ်တဲ့ Forbes မဂ္ဂဇင်းကနေ ပြုစု ထုတ်ပြန်ခဲ့ရာမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အဆင့် ၃၈ နေရာမှာ သတ်မှတ်ခံရပါတယ်။ ပြီးခဲ့တဲ့နှစ်က Forbes မဂ္ဂဇင်းရဲ့ အလားတူ ထုတ်ပြန်ချက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့သြဇာလွှမ်းမိုးမှု အရှိဆုံးစာရင်းမှာ အဆင့် (၇၁) နေရာမှာရှိလို့ ဒီနှစ်ထုတ်ပြန်ချက် အတိုင်း ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သြဇာလွှမ်းမိုးမှုဟာ စစ်တမ်းအရ တက်လာတယ်လို့ ပြောရပါလိ့်မ်မယ်။ ဒီစစ်တမ်းထုတ်ပြန်ချက် နဲ့ပတ်သက်လို့ ကိုသားညွန့်ဦး က တင်ပြထားပါတယ်။

Forbes မဂ္ဂဇင်းကနေ အခု၂၀၀၈ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာ့သြဇာလွှမ်းမိုးမှု အရှိဆုံးစာရင်းမှာတော့ ဂျာမဏီ ဝန်ကြီးချုပ် အဲန်ဂျယ်လာ မာခေလ်း ဟာ မနှစ်ကလိုပဲ ထိပ်ဆုံး နံပါတ်တစ်မှာ ရှိနေပါတယ်။ စာရင်းပါ အများစုကတော့ စီးပွားရေးလုပ်ငန်းနယ်တွေ ကပါ၊ နိုင်ငံရေးထဲကဆိုရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က နံပါတ် (၇)၊ အိန္ဒိယနိုင်ငံက ကွန်ဂရက်ပါတီ ဥက္ကဌ ဆိုနီယာ ဂန္ဒီက နံပါတ် (၂၁) မြောက် စာရင်းမှာ ပါပါတယ်။ အမေရိကန် အထက်လွှတ်တော်အမတ် ဟယ်လာရီကလင်တန်က နံပါတ် (၂၈)၊ အောက်လွှတ်တော်ဥက္ကဌ ဒီမိုကရက်တစ်ပါတီအမတ် နန်စီပလိုစီက နံပါတ် (၃၅) မှာ ရှိပါတယ်။ ဖိလစ်ပိုင် သမ္မတ အယိုရိုက (၄၁) နဲ့ အမေရိကန်သမ္မတကတော် လော်ရာဘုရ်ှ က (၄၄) ဖြစ်ပါတယ်။ အထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၀၈ ခုနှစ် ကမ္ဘာပေါ်က သြဇာအလွှမ်းမိုးဆုံး အမျိုးသမီးစာရင်းမှာ အဆင့် ၃၈ နေရာမှာ ရှိပါတယ်။

အခု ဒီစာရင်းထဲမှာတော့ စီးပွားရေးလုပ်ငန်းထဲက အမျိုးသမီး ၅၄ ဦးနဲ့ နိုင်ငံရေးလောကထဲက ခေါင်းဆောင်အမျိုးသမီး ၂၃ ဦး တို့ ပါဝင်ပါတယ်။ ဒီစာရင်းကိုကောက်ခံရာမှာတော့ စီးပွားရေးလုပ်ငန်းတွေထဲက အကြီးအကဲတွေ အစိုးရပိုင်းအကြီးအကဲတွေ အခြားနယ်ပယ်အသီးသီးက အကြီးအကဲတွေရဲ့ အသိအမှတ်ပြု လေးစားခံရမှုအပေါ်မှာ အခြေခံပြုစုထားတာ လို့ ဆိုပါတယ်။ ဒီစာရင်းပါလူတွေဟာ ချမ်းသာကြွယ်ဝစရာမလိုဘဲ လူတွေအပေါ် သြဇာသက်ရောက်မှု ရှိနေဖို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မနှစ် ၂၀၀၇ စာရင်းမှာ နံပါတ် (၇၁) ကနေ ဒီနှစ်မှာ အဆင့်နံပါတ် (၃၈) ဆိုတော့ ဒီစစ်တမ်းအရဆိုရင် ကမ္ဘာမှာ သြဇာသက်ရောက်မှု ပိုကြီးလာတယ်လို့ ဆိုရမှာပါ။ မြန်မာနိုင်ငံတွင်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ခံဘဝနဲ့ အထိန်းသိမ်းခံနေရတာ ၂၀၀၃ ခုနှစ် ကတည်းကပါ။ ဒီ ဆယ်စုနှစ် နှစ်ခုအတွင်းမှာလည်း အချိန်အများစုမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းခံဘ၀ နဲ့ နေခဲ့ရပါတယ်။ မြန်မာနိုင်ငံတွင်းမှာတော့ ဒီမိုကရေစီ အင်အားစုတွေ အကြားမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရေး ပြောင်းလဲမှုအတွက် အဓိက အရေးပါသူလို့ ရှုမြင် သုံးသပ်ထားကြပါတယ်။ နိုင်ငံတကာမှာဆိုရင်တော့ အစိုးရတွေအကြား အထူးသဖြင့် အနောက်နိုင်ငံ အစိုးရတွေအကြား ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေး နဲ့အတူ အရေးပါနေပါတယ်။


အခုရက်ပိုင်းမှာဆိုလည်း ဒေါ်အောင်ဆန်းစုကြည်ကနေ ကုလသမဂ္ဂကိုယ်စားလှယ်ကို ထွက်မတွေ့တဲ့ ကိစ္စ၊ သူ့ကိုပုံမှန်ပို့ပေးနေတဲ့ အစာတွေ လက်မခံတာကြောင့် အစာငတ်ခံ ဆန္ဒပြနေပြီလား ဆိုတဲ့ စိုးရိမ်ချက်တွေ၊ သူမကို အခုထိ ဆက်ပြီး ထိန်းသိမ်းထားတာ ဥပဒေအရ မညီညွတ်ဘူး ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်းရပ်တွေဟာ ကမ္ဘာ့မီဒီယာတွေမှာ နေရာယူလာပြန်ပါတယ်။ ဒါပေမယ့် မကြာခင်ကပဲ ထိုင်းဝန်ကြီးချုပ် ဆမတ်ကတော့ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာဂင်ဘာရီနဲ့ တွေ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်မပါရင် မပြောရင် မြန်မာ့နိုင်ငံရေးဟာ ပိုပြီး အလုပ်ဖြစ်နိုင်တယ်လို့ မှတ်ချက် ပြောလိုက်တာကြောင့် ပြည်ပရောက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူတွေအဖို့တော့ မခံမရပ်နိုင် ဖြစ်ခဲ့ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ အခု သြဂုတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းမှာပဲ ထိုင်းဝန်ကြီးချုပ်ရဲ့ မှတ်ချက်စကားကို မကျေနပ်လို့ ဝါရှင်တန်ဒီစီက မြန်မာ့အရေး လှုပ်ရှားသူတွေ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ နိုင်ငံရေးအမြင် နိုင်ငံရေးရပ်တည်ချက်နဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြု လေးစားမှု ခံရသလို၊ လွတ်မြောက်ရေး ဆိုင်ရာ ဆုတွေ လူ့အခွင့်အရေး ဆုတွေ ငြိမ်းချမ်းရေး ဆိုင်ရာဆုတွေ အတော်များများ ချီးမြှောက်ခံခဲ့ရပါတယ်။ မကြာခင် နောက်ဆုံးကဆိုရင်တော့ အမေရိကန်ပြည်ထောင်စုရဲ့ အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံး ဂုဏ်ထူးဆောင် ကွန်ဂရက် ရွှေတံဆိပ်ဆု ချီးမြင့်ခံထားရသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG