နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့အခွင့်အရေးတွေ ရဖို့ တောင်းဆိုနေရာမှာ မိသားစု ဆရာဝန်နဲ့ ပုံမှန်တွေ့ခွင့် ပေးလိုက်ပေမယ့် ရှေ့နေဖြစ်သူနဲ့ တွေ့ခွင့်ရဖို့ အရေးကတော့ မရေမရာပဲ ရှိနေဆဲဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဒီလို သူ့ရဲ့ အခြေခံ ရပိုင်ခွင့်တွေရဖို့ အစားအသောက် တွေကိုတောင် လက်မခံပဲ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ် နေတာကြောင့် စိုးရိမ်မကင်းသံတွေ ကလည်း ထွက်ပေါ်နေတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကျန်းမာရေးအတွက် ပုံမှန်ဆရာဝန်နဲ့ စစ်ဆေးခွင့်ရဖို့၊ နောက်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ရှေ့နေနဲ့ ဆွေးနွေး တိုင်ပင်ခွင့်ရဖို့ စတာတွေအတွက် တောင်းဆိုမှုတွေ ရှိနေရာမှာ အခုတော့ မိသားစု ဆရာဝန်နဲ့ ပုံမှန်တော့ တွေ့ခွင့်ပြုလိုက်ပါပြီ။ ဒီလလယ်ပိုင်းက သူနဲ့ တရက်တည်းဆိုသလို ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အတွက် သွားရောက် စစ်ဆေးခွင့် ရခဲ့တာလို့ ရှေ့နေဖြစ်သူ ဦးကြည်ဝင်း က ပြောပါတယ်။
"ဆရာဝန်နဲ့ကတော့ ပုံမှန်တွေ့ဖို့ တောင်းတယ်။ ဒါတော့မှန်တယ်။ ဆရာဝန်ကတော့ သူက ပုံမှန်လည်း ပေးလိုက်ပြီ။ ဘယ်လို ပေးလိုက်လည်းဆိုတော့ လတိုင်း လတိုင်း ပထမ ကြာသပတေးနေ့ စစ်ဆေးခွင့်၊ ဆိုတော့ကာ ဆရာဝန်ကြီး က နောက်ဆုံးစစ်တာ (၁၇) ရက်နေ့က သွားပြီးတော့ ဆေးစစ်တယ်။ ကျနော်လည်း အဲဒီနေ့က မနက်ပိုင်းကို ဝင်ရတယ်။ ဆရာဝန်ကြီးက ညနေ ၃ နာရီ ဝင်တယ်။ ဆိုတော့ အဲတာက သြဂုတ်လ အတွက် ပြီးသွားရော။ အခု စက်တင်ဘာ ကျတော့ ပထမ ကြာသပတေးနေ့မှာ သွားပြီး ဆေးစစ်ခွင့်ရှိမယ်။ အဲတော့ အဲဒီဟာက ၄ ရက်နေ့ သွားဖြစ်မှာပေါ့။ လရဲ့ ကြာသပတေးနေ့ ဆိုတော့။ ကြားမှာဗျာ အရေးပေါ်တို့ ဘာတို့ ရှိရင်တော့၊ ရှိရှိသလို လုပ်မှာပေါ့လေ။ ဟိုဟာကတော့ ပုံမှန် စစ်မယ့်ဟာပေါ့။ "
မကြာသေးခင် ရက်တွေက ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေတယ်၊ တောင်းဆိုဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တဲ့နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ က ပြောတာကတော့ အစာငတ်ခံ နေတယ်ဆိုတဲ့ သဘောမျိုး မဟုတ်ပေမယ့် သူမ ရသင့်တဲ့ အခွင့်အရေးတွေအတွက် တောင်းဆိုပြီး ပေးပို့နေတဲ့ အစားအသောက်တွေကို လက်မခံပဲ နေနေတာလို့ ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်းထားတာ သက်တမ်းစေ့ သွားခဲ့ပေမယ်လို့ ဆက်လက် ဖမ်းဆီးထားတာ၊ နောက်ပြီး သူမနဲ့အတူ အဖော်အဖြစ် နေထိုင်နေသူတွေအပေါ် အာဏာပိုင်တွေက ကန့်သတ်မှုတွေ လုပ်ထားတာ၊ စတာတွေနဲ့ ပတ်သက်လို့ ဥပဒေ အကျိုးဆောင်နဲ့ တွေ့ဆုံဆွေးနွေး ဆောင်ရွက်ခွင့်ရဖို့ အခုလို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ရှေ့နေဖြစ်သူ ဦးကြည်ဝင်း နဲ့ အခုလလယ်ပိုင်းက ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ပေမယ့် နောက်ထပ် တွေ့ခွင့်တော့ မရသေးပဲ ဖြစ်နေတာပါ။ မနေ့ကအထိ တွေ့ခွင့်ရဖို့ စောင့်ဆိုင်းနေခဲ့ပေမယ့် မရခဲ့လို့ လာမယ့် တနင်္လာနေ့မှာ တွေ့ခွင့်ရဖို့ ရှေ့နေဖြစ်သူ ဦးကြည်ဝင်း က မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။
"ကျနော် တနင်္လာနေ့ကို ဝင်ခွင့်တောင်းထားတယ်ဗျာ။ ၁ ရက်နေ့ ဝင်ခွင့် တောင်းထားတယ်။ အဲဒါပြီးမှပဲ ဝင်ခွင့်ရရင် သိရမယ်။ အဲတော့ ၁ ရက်နေ့တော့ မျှော်လင့်တာပဲ။ ကျနော်နဲ့ကျတော့ အဲလို ပုံမှန်တွေ့ဆုံခွင့် ဘာညာ ဆိုတာ မရှိဘူးဗျ။ ကျနော်တို့က ဘာလုပ်ရမှာလဲဆိုတော့ အယူခံလွှာကိစ္စကို လုပ်ရမှာ။ အဲတော့ အယူခံလွှာက မူကြမ်းပေါ့နော်၊ မူကြမ်းက ကျနော်တို့က ရေးပြီးသွားပြီ။ ရေးပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ဆီကို အဲဒီမူကြမ်းကို ပြဖို့လိုတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူဖတ်မယ်ဗျာ၊ ဖြည့်မယ်ဗျာ၊ ပြင်မယ်ဗျာ၊ ချန်သင့်တာချန်မယ် စသဖြင့် အဲလို လုပ်သွားမှာကိုး။ အဲတော့ သူအဲဒါလုပ်ဖို့ ကျနော်တို့က ဝင်ခွင့်တောင်းတာ။ ဝင်ခွင့်တောင်းတာ အဲဒီကိစ္စ အဓိကပေါ့။"
ဒေါ်အောင်ဆန်းစုကြည် အတွက် ဥပဒေ အကျိုးဆောင်ပေးမယ့် ရှေ့နေကြီး ဦးကြည်ဝင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို နေအိမ်မှာ သတ်မှတ်ထားတဲ့ အချိန်ထက် ကျော်လွန် ဖမ်းဆီးထားတဲ့ အမိန့်နဲ့ ပတ်သက်လို့ ဘယ်လိုလုပ်ထုံးလုပ်နည်း အမိန့်မျိုးနဲ့ ချမှတ်ထားတယ်ဆိုတာ သိရဖို့လည်း အာဏာပိုင်တွေဆီက တောင်းခံ ထားတယ် လို့လည်း ဦးကြည်ဝင်း က ပြောပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် အစားအသောက်တွေ လက်မခံဘူး၊ အစာငတ်ခံ ပြီးတော့တောင်မှ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေဟာဆိုရင် မြန်မာ့အရေး ကြားဝင်ဖြန်ဖျေပေးမယ့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ သူမနဲ့ တွေ့ခွင့်မရပဲ မြန်မာနိုင်ငံက ပြန်သွားအပြီး ထွက်ပေါ် လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို သတင်းတွေကြောင့်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒေါ်အောင်ဆန်းစုကြည် အတွက် စိုးရိမ်ပူပမ်ရတဲ့ အကြောင်း ပြောဆိုလိုက်သလို ဒီတပတ်ထဲမှာပဲ အမေရိကန် နိုင်ငံခြားရေးဌာန ကလည်း စိုးရိမ်မကင်း ဖြစ်ရတယ်ဆိုပြီး ပြောဆိုခဲ့တာတွေလည်း ရှိပါတယ်ခင်ဗျာ။