သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာထူးမှနုတ်ထွက်ပေးမည် မဟုတ် ဟု ထိုင်းဝန်ကြီးချုပ် ဆမတ် တုံ့ပြန်


ရာထူးကနေ ဖယ်ရှားပေးဖို့ ဖိအားပေးမှုတွေ တိုးမြင့်လာနေပေမဲ့ သူ့အနေနဲ့က ရာထူးက နှုတ်ထွက်မှာ မဟုတ်ဘူးလို့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဆမတ် စွန်ထရာေ၀ က ပြောဆိုလိုက်ပါတယ်။ အစိုးရ အတိုက်အခံတွေ သူရဲ့ ရုံးချုပ်ကို စီးနင်း သိမ်းပိုက်ထားပြီး ၅ ရက်အကြာမှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။ ဒီသတင်း နဲ့ပတ်သက်ပြီး ဘန်ကောက်မြို့က ရွန်ကော်ဘင် သတင်းပေးပို့ ထားတာကို မညိုညိုလွင် က တင်ပြထားပါတယ်။

လက်ရှိထိုင်းအစိုးရကို ဆန့်ကျင်နေသူတွေက ဝန်ကြီးချုပ် ဆမတ် ရာထူးက ဆင်းပေးဖို့ ဆန္ဒပြ တောင်းဆိုနေတာတွေကို ငြင်းပယ်ပြီး သူအနေနဲ့ ဒီ ခြိမ်းခြောက် မှုတွေကို ရင်ဆိုင်သွားမယ်လို့ သူ့ကို အားပေးထောက်ခံသူတွေကို စနေနေ့ က ပြောဆိုလိုက်တာပါ။

စောစောပိုင်းမှာတော့ မစ္စတာ ဆမတ်ဟာ ထိုင်းနိုင်ငံ ဘုရင် ဘူမိဘော အဒူလ်ယာ ဒေ့ချ် နဲ့ သွားရောက်တွေ့ဆုံပြီး ၅ ရက်တာ ကြာလာပြီဖြစ်တဲ့ အစိုးရကို ဆန့်ကျင် သူတွေရဲ့ ဆန္ဒပြမှုတွေကြောင့် လောလောဆယ်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မငြိမ်မသက်ဖြစ်နေမှုတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ပါတယ်။

သက်တမ်း ၇ လရှိပြီဖြစ်တဲ့ ၆-ပါတီ ညွှန့်ပေါင်း အစိုးရ ကိုယ်စားလှယ် တွေ ကတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်ဖို့ ပါလီမန် အထူး အစည်းအဝေးခေါ် ဆွေးနွေးသင့်တယ်လို့ မစ္စတာ ဆမတ်ကို ထောက်ခံရင်း စနေနေ့ က ပြောဆိုခဲ့ကြပါတယ်။

ပြည်သူ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ PAD ဦးဆောင်တဲ့ အစိုးရအတိုက်အခံ ဆန္ဒပြ သူတွေဟာ မစ္စတာ ဆမတ်ရဲ့ အစိုးရတဖွဲ့လုံးနှုတ်ထွက်ပေးဖို့ တောင်းဆိုနေတာ ပါ။ လက်ရှိဝန်ကြီးချုပ် ဆမတ်ဟာ လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်က အာဏာသိမ်းမှု ဖြစ် ပွားခဲ့ပြီး အဂတိလိုက်စားမှုတွေကြောင့် ရာထူးက နှုတ်ထွက် ပေးခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနဝဒ် နဲ့ အလွန်နီးစပ်သူ တဦးဖြစ်တယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ က အစိုးရရုံးထိုင်တဲ့ အဆောက်အဦ ဝန်းထဲကနေ ဆန္ဒပြ သူတွေကို ထိုင်း ရဲတွေက အင်အားသုံးဖယ်ရှားဖို့ ကြိုးစားခဲ့ပါတယ်၊ ရဲတွေ ပြန်လည်မထွက်ခွာမီ နှစ်ဘက် ရုံးရင်းဆန်ခတ် အနည်းငယ်ဖြစ်သွားခဲ့ပါတယ်။

ချုလာလောင်ကောင်း တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပညာရှင် ပဏ္ဍိတံ ဝပ်ထနယာဂွန် ကတော့ ဝန်ကြီးချုပ်အနေနဲ့ ဆန္ဒပြသူတွေ ပြောဆိုနေတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး ဘာမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး၊ အထူးသဖြင့် မစ္စတာ သက်ဆင်ရဲ့ သြဇာလွှမ်းမိုးမှုတွေ ရှိနေတဲ့ ဆိုတဲ့အကြောင်းပါပဲ လို့ ဆိုပါတယ်။

“ဒါဟာ တကယ့် နိုင်ငံရေး အကျပ်အတည်းပါပဲ၊ နိုင်ငံရေး နဲ့ပတ်သက်ပြီး တောင်းဆိုနေမှုတွေကို အခုချိန်ထိ စီစဉ်ဆောင်ရွက်ပေးတာ မရှိသေးပါဘူး၊ အထူးသဖြင့် ဝန်ကြီးချုပ်ပေါ့၊ ဒီတော့ သူတို့အနေနဲ့ ဆန္ဒပြသူတွေကို ဖမ်းဆီးနိုင်တယ်၊ ဖြိုခွဲပစ်နိုင်တယ်၊ ဆန္ဒပြသူတွေကလည်း ပြန်ပြီး စုဝေးမှာပဲ၊ ဘန်ကောက်တခုထဲမှာတင် မဟုတ်ပါဘူး၊ နေရာအနှံ့မှာပါ၊”

စတင်ဆန္ဒပြပြီး ဒုတိယနေ့ မှာ မီးရထားအလုပ်သမားတွေ လုပ်ငန်းခွင်တွေထဲကို မသွားကြတော့တာကြောင့် ထိုင်းနိုင်ငံက မီးရထားပိုးဆောင်ရေး လုပ်ငန်းတွေ စနေနေ့က ရပ်တန့်သွားပါတယ်၊ ဒါဟာ နိုင်ငံပိုင် လုပ်ငန်းတွေရဲ့ သမဂ္ဂတွေဟာ PAD ကို ထောက်ခံတယ်ဆိုတဲ့ သဘောပါပဲ။

အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေး အဖွဲ့ ရဲ့ ထိုင်းနိုင်ငံ တာဝန်ခံ ဆူနိုင်း ဖစွတ် ကတော့ ပြည်သူပိုင်ဌာနတွေက အလုပ်သမားသမဂ္ဂတွေ PAD ကို ထောက်ခံတာဟာ နိုင်ငံရေးမတည်ငြိမ်မှုတွေကို ပိုပြီး ဖြစ်ပွားစေတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဒီလို နိုင်ငံရေး မတည်ငြိမ်မှု အကျပ်အတည်းတွေဟာ ဖြိုခွဲလိုက်ယုံ၊ စီးနင်း ထိန်းသိမ်းလိုက်ယုံနဲ့ မပြီးသွားနိုင်ပါဘူး၊ အခု နောက်ပိုင်း ဆက်ဖြစ် လာတာက နှစ်ဦးနှစ်ဘက် ရင်ဆိုင်မှုတွေ ကြာလာတဲ့နောက် အခုတော့ နိုင်ငံပိုင် လုပ်ငန်း တွေရဲ့ သမဂ္ဂတွေဟာ PAD နဲ့ သွားပြီး ပူးပေါင်းလိုက်ပါပြီ၊”

မစ္စတာ ဆမတ် ကတော့ အစိုးရ အတိုက်အခံတွေဟာ စစ်အာဏာသိမ်းပြီး သူ့အစိုးရ ကို ဆန့်ကျင်တာမျိုး လိုလားနေတယ် လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။ သောကြာနေ့ က မစ္စတာ ဆမတ်ဟာ အကြီးတန်း စစ်တပ်အရာရှိတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် စစ်တပ်ဖက်ကတော့ နိုင်ငံမှာ စစ်အာဏာသိမ်းဖို့ အစီအစဉ် မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံမှာ နောက်ဆုံး စစ်အာဏာ သိမ်းခဲ့တာဟာ ၂၀၀၆ ခုနှစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင် လက်ထက်က ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG