သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းဒေသနေထိုင်သူ ၉၅ရာနှုန်း ဘေးလွတ်ရာ ရွှေ့ပြောင်းပြီး


ဂူးစတပ် လို့အမည်ပေးထားတဲ့ ဟာရီကိန်းမုန်တိုင်း အမေရိကန်တောင်ပိုင်း ကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခိုက်တော့ မှာမို့ ဒေသခံတွေ အိုးအိမ်တွေကနေ ဘေးလွတ်ရာကို ပြောင်းရွှေ့ကြဖို့ အမေရိကန်ပြည်ထောင်စု တောင်ပိုင်း လူဝစ်စီယားနား ပြည်နယ် တာဝန်ရှိသူတွေကနေ အမိန့်ထုတ်ထားပါတယ်။ အခုဆိုရင် ကမ်းရိုးတန်းတလျှောက် ဒေသခံ ၉၅ ရာခိုင်နှုန်းကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနိုင်ခဲ့ပြီလို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ မုန်တိုင်းဟာ အခု တနင်းလာနေ့မှာ နယူးအော်လန်းမြို့အနီး ကမ်းရိုးတန်းကို ရိုက်ခတ်မယ်လို့ တွက်ဆထားပါတယ်။

ဂူးစတပ် ဟာရီကိန်းမုန်တိုင်းဟာ တနင်္ဂနွေနေ့ ညနေပိုင်းမှာ တနာရီကို ၁၈၅ ကီလိုမီတာနှုန်းနဲ့ တိုက်ခိုက်နေတယ်လို့ အမေရိကန် အမျိုးသား ဟာရီကိန်းမုန်တိုင်း စောင့်ကြည့်ရေးဌာနက ပြောပါတယ်။ ဒါပေမယ့် အမေရိကန် စံချိန် ဒီနေ့ ညပိုင်းမှာတော့ မုန်တိုင်းဟာ ပိုပြီး အားကောင်းလာနိုင်တယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။ မုန်တို်င်းရဲ့ အလယ်ဗဟိုဟာ မစ္စစ်ပီမြစ်၀ အရှေ့တောင်ပိုင်းကနေ ကီလိုမီတာ ၂၈၀ အကွာမှာရှိပြီးတော့ တနာရီကို ၂၇ ကီလိုမီတာနှုန်းနဲ့ အနောက်မြောက်ပိုင်းကို ရွေ့လျားလာနေတယ်လို့ မိုးလေဝသ အကဲဖြတ်တွေက ကြေညာထားပါတယ်။

လူဝစ်စီယားနား ပြည်နယ်အတွင်းက ပြည်နယ် ခရိုင်ဒေသ ၆၄ခုစလုံးမှာ လူဝစ်စီယားနား ပြည်နယ်အုပ်ချုပ်ရေးမှုး Bobby Jindal က အရေးအပေါ် အခြေအနေ တနင်္ဂနွေနေ့က ကြေညာထားပါတယ်။ နယူးအော်လန်းမြို့ ရေကာတာတွေဟာ လိုအပ်သလောက် ခိုင်ခံ့တယ်လို့ ယူဆလို့ မရတဲ့အကြောင်းလည်း သူက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၅ခု နှစ်တုန်းကလည်း ဒီရေကာတာ ကျိုးပေါက်တာကြောင့် မြို့နေရာ အတော်များများ ရေလွှမ်းခံခဲ့ရပါတယ်။ နယူးအော်လန်းမြို့မှာတော့ လူဦးရည် အနည်းဆုံး တသောင်း၅ထောင်လောက်ဟာ ခရီးသည်တင် ဘတ်စ်ကားတွေ ရထားတွေနဲ့ မြို့ကနေ ထွက်ခွာ သွားကြပါပြီ။ ကျန်သူတွေကတော့ သူတို့ ကိုယ်ပိုင်ကားတွေနဲ့ ထွက်ခွာသွားကြပြီး အဝေးပြေး လမ်းမကြီး တလျှောက် ကားတွေ ပြည့်နေပါတယ်။

အမေရိကန် ဖယ်ဒရယ် အစိုးရရဲ့ ကပ်ဘေး ကယ်ဆယ်ရေး အေဂျင်စီ တာဝန်ရှိသူတွေကတော့ သူတို့ အနေနဲ့ အခု မုန်တိုင်း ဖြတ်မယ့်နေရာ ကျရောက်မယ်လို့ တွက်ဆထားတဲ့ နေရာတွေနဲ့ ပတ်ဝန်းကျင်ကို အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ စေလွှတ်ထားတယ်လို့ ပြောပါတယ်။

ဂူးစတပ်လို့ နာမည်ပေးထားတဲ့ မုန်တိုင်းကြောင့် ဖြစ်လာနိုင်စရာရှိတဲ့ သဘာ၀ ဘေးတွေ ရှိတာမို့ သူ့ပါတီရဲ့ လာမယ့် ညီလာခံ အစီအစဉ်နဲ့ ပတ်သက်တဲ့ အပြောင်းအလဲတွေကို အမေရိကန် ရီပါဘလီကန် ပါတီ သမ္မတလောင်း ဂျွန် မက်ကိန်း က ကြေညာလိုက်ပါတယ်။

ညီလာခံကို တနင်္လာနေ့ မှာ အစီအစဉ် ဆွဲထားတဲ့အတိုင်း ကျင်းပမှာ ဖြစ်တယ်လို့ ရီပါဘလီကန် ပါတီ အရာရှိတွေ က ကြေညာပါတယ်။ ဒါပေမဲ့ ညီလာခံ မစမီ လိုအပ်တဲ့ ရုံးလုပ်ငန်းတွေ လုပ်ဖို့အတွက်သာ ခပ်ကျဉ်းကျဉ်း အစီအစဉ် နဲ့ စမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တနင်္ဂနွေနေ့ မှာ လုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်း မှာ ရာသီဥတု အရေးပေါ် အခြေအနေ ဖြစ်နေချိန်မှာ ညီလာခံ လုပ်ဖို့ မသင့်လျော်လှပါဘူး လို့ မက်ကိန်း က ပြောခဲ့ပါတယ်။


စီစဉ်ထားသလိုတော့ ညီလာခံ ကို သမ္မတ ဘုရှ် တက်လိမ့်မယ် မဟုတ်ဘူး လို့ အိမ်ဖြူတော် က ပြောပါတယ်။ မက်ဆီကို ပင်လယ်ကွေ့တလျှောက် မုန်တိုင်း ကျခဲ့တာ အပေါ် ဗဟိုအစိုးရ က အရေးယူဆောင်ရွက် ပုံ ကို ဒါမှ သူ ကြည့်နေနိုင်မယ်လို့ ဆိုပါတယ်။

ဒီမိုကရက်ပါတီ သမ္မတလောင်း ဘဲရက် အိုဘားမား က အိုဟိုင်းအိုး ပြည်နယ် မှာ စီးပွါးရေး ကို စဆွေးနွေးခဲ့တာနဲ့အတူ သမ္မတ မဲဆွယ်ပွဲတွေ ဟာ တနင်္ဂနွေနေ့ မှာ အပြည်အ၀ လှုပ်ရှားလာခဲ့ကြပြီ ဖြစ်ပါတယ်။

မုန်တိုင်းသင့် လူထု ကို သူ့ ထောက်ခံသူတွေ က အကူအညီပေးအောင် သူ စေ့စော် စည်းရုံးမယ် လို့ အိုဘားမား က ပြောပါတယ်။

မုန်တိုင်း ပြင်ဆင်ပုံတွေ ကို ကြည့်ဖို့အတွက် မက်ကိန်း နဲ့ ဒုတိယ သမ္မတလောင်း အလာစကာ အုပ်ချုပ်ရေးမှူး ဆာရာ ပေလင်းတို့ဟာ မစ္စစပီ ပြည်နယ် ကို ထွက်ခွါသွားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG