သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တွင် ငလျင်လှုပ်


ရန်ကုန်မှာ ဒီကနေ့ နေ့လည် ၃ နာရီကျော်ကျော်လောက်က ငလျင် လှုပ်ခတ်မှုတခုဖြစ်ပွားခဲ့ပြီး မိနစ်ပိုင်း အနည်းငယ် လောက်သာ ကြာခဲ့တယ်လို့ သိရပါတယ်။ အစိုးရမိုးလေဝသဌာနကတော့ ဒီငလျင်ဟာ ရန်ကုန်မြို့ မြောက်ဘက် ၂၁ မိုင်အကွာကို ဗဟိုပြုပြီး ပြင်းအား ရစ်ချတ်စကေး ၃ ဒဿမ ၅ နဲ့သာ လှုပ်ခတ်ခဲ့တာလို့ ရိုက်တာ သတင်းဌာန ကို ပြောကြားခဲ့တယ် လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ရန်ကုန်မြို့ခံတချို့ကို မေးကြည့်တော့ မြို့ခံတဦးက အခုလို စပြီး ပြောဆိုပါတယ်။

“ညီမ တို့အိမ်က အပေါ်ထပ် ဆိုတော့ သိပ်ပြီးမသိသာပါဘူးရှင့်။ ညီမ က အိမ်နောက်မှာ ထမင်းစားနေတော့ ကိုယ့်ဘာသာ ခေါင်းမူးသွားတယ်ပဲ ထင်လိုက်တာ။ အမေ ကတော့ အထဲ က အိပ်ယာမှာ။ သူကလည်း သူ အဲဒီလို ဖြစ်သွားတယ် ထင်တယ်တဲ့။ ဒါပေမယ့် တချို့ နေရာတွေကကြတော့ တော်တော် သိသာတယ်လို့ ပြောပါတယ်။ အဒေါ်တယောက် ကတော့ လက်ကိုင်ဖုန်း ဆက်တော့ သူ့အိမ် က တော်တော် လှုပ်တယ်လို့ ပြောပါတယ်။ နောက် အိမ်ရှေ့မှာတော့ ဆောက်လုပ်ရေး တခု ရှိတယ်။ အဲဒီ ဆောက်လုပ်ရေးက လူတွေကတော့ အဲဒီမှာ တချက် လှမ်းအော် လိုက်တယ်။ အလုပ် ခဏ ရပ်ထားပါတဲ့။ ငလျင် လှုပ်နေတယ် လို့ ကြားလိုက်ရပါတယ်ရှင်။ အကြာကြီး မဟုတ်ပါဘူး။ ခဏ တဖြုတ်ပါပဲ။ တမိနစ် နှစ်မိနစ် လောက်ပါပဲ။ မသိတဲ့သူတွေ လည်း ရှိပါတယ်ရှင့်။ ညီမ မောင်လေး က အဲဒီအချိန် က ဂီတာ တီးနေတယ်။ သူ က လုံး၀ မသိလိုက်ဘူးတဲ့။”

နောက်မြို့ခံတဦးကလည်း ငလျင်က မပြင်းထန်တဲ့အတွက် ကျောက်တံတား မြို့နယ်ဘက်မှာတော့ လူတွေက သိပ်ပြီး သတိမထားမိကြဘူး ဆိုတာလည်း အခုလို ပြောပြပါတယ်။

“ခုနကပဲ တာမွေ ကလည်း ဆက်တယ်။ ငလျင် လှုပ်တာ သိလားတဲ့။ သူတို့ဆီမှာ ငလျင်လှုပ်လို့တဲ့။ အဲဒါနဲ့ ပြန်မေးကြည့်တော့ သူတို့ဆီမှာက အမြင့်မှာဆိုတော့ ပိုပြီး သိတာပေါ့နော်။ အန်တီတို့ဘက်မှာ သိတောင်မသိလိုက်ဘူး။ မြင့်တဲ့အိမ်တွေကတော့ ပိုသိတာပေါ့။ အန်တီတို့ က နှစ်ထပ်ပဲ ဆိုတော့ သိတော့ သိလိုက်တယ်။ ဒါပေမယ့် သိပ်မသိသာဘူး။ အခုကတော့ မိုးကတော့ နည်းနည်းတော့ အုံ့နေတယ်။”

လောလောဆယ် ရန်ကုန်မှာ မိုးအုံ့နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ရာသီဥတု ပူပြင်းလွန်းပြီး မိုးမရွာတဲ့အတွက် လူတွေစိတ်ထဲမှာ မုန်တိုင်းထပ် ဝင်မှာကို စိုးရိမ်မှုတွေ ရှိခဲ့တယ်လို့လည်း ရန်ကုန်မြို့ခံတွေက ဆိုကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG