သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရကို ဝိုင်းကြဉ်ကြဖို့ ရီပတ်ဘလီကန်လိုလား


အမေရိကန်ပြည်ထောင်စုက အဓိက နိုင်ငံရေးပါတီကြီးတခု ဖြစ်တဲ့ ရီပါပလစ်ကန် ပါတီ က သူတို့ရဲ့ ပြည်လုံးကျွတ် ပါတီ ညီလာခံအပြီး နိုင်ငံခြားရေးမူဝါဒတွေ နဲ့ ပတ်သက်လို့ ကြေညာခဲ့တဲ့အထဲမှာ မြန်မာနိုင်ငံ ပတ်သက်လို့လည်း ပါဝင်ပြီးတော့ အဲဒီအထဲမှာ မြန်မာနိုင်ငံက ဒုက္ခခံနေရတဲ့ ပြည်သူတွေ ကမ္ဘာ့ ဒီမိုကရေစီ မိသားစုထဲ ပြန်လည် ဝင်ရောက်လာနိုင်အောင် တကမ္ဘာလုံးက ဝိုင်းပြီး ကြိုးပမ်းကြတဲ့နေရာမှာ အရှေ့အာရှ နိုင်ငံတွေ အားလုံးကနေ ပူးပေါင်း ပါဝင်ကြဖို့ မြန်မာနိုင်ငံက ရိုင်းစိုင်း ရက်စက်မှုတွေကို ကမ္ဘာ့အသိုင်းအဝိုင်းက စီးပွားရေး၊ ဘဏ္ဍာရေး ပိတ်ဆို့မှုတွေ နဲ့ အုပ်စိုးပိုင်ခွင့်မရှိတဲ့ အစိုးရကို အထီးကျန်ဖြစ်အောင် ဝိုင်းကြဉ်မှုတွေ အပါအဝင် ပြင်းပြင်းထန်ထန် တုံ့ပြန်ကြဖို့ လိုတယ် ဆိုပြီး တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ရီပါပလစ်ကန် ပါတီ က ဒီလို ပြောဆိုတဲ့အချိန်မှာ အတိုက်အခံ နိင်ငံရေး ပါတီကြီး နောက်တခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ ကရော မြန်မာပြည်နဲ့ပတ်သက်လို့ မူဝါဒ သဘောထား ဘယ်လိုရှိလဲ ဆိုတာကို အမေရိကန်အခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ အဲန်စီဂျီယူဘီ ဝန်ကြီး ဦးဘိုလှတင့်ကို မနန္ဒါချမ်းက မေးမြန်းထားပါတယ်။

ရီပါပလစ်ကန် ပါတီ က မြန်မာပြည်နဲ့ ပတ်သက်လို့ သူတို့ရဲ့ မူဝါဒကို ပြောဆိုခဲ့ပြီ ဆိုတော့ ဒီမိုကရက် ပါတီကရော ဘယ်လို မူဝါဒ ရှိမယ်လို့ သုံးသပ်မိလဲရှင့်။ -

“အဲဒါနဲ့ပတ်သက်လို့ သိရသလောက်ကတော့ ပါတီ နှစ်ခုစလုံးကတော့ သူတို့ရဲ့ ကွန်ဗန်းရှင်း တွေပေါ့နော်။ ပါတီညီလာခံတွေ ပြီးသွားတဲ့အခါကျလို့ ရှိရင်တော့ ဒီ ပလက်ဖောင်းတွေ ထုတ်လေ့ ရှိပါတယ်။ အဲဒီအထဲမှာ အများသောအားဖြင့်တော့ hot issue တွေပေါ့နော်။ မြန်မာပြည်ကိစ္စလို အများပြည်သူ ဒါမှမဟုတ် နိုင်ငံရေးလောက က စိတ်ဝင်စားတဲ့ဟာတွေကို ထည့်လေ့ရှိတယ်။ ဒါပေမယ့် ဒီမိုကရက်တစ် ပလက်ဖောင်းမှာကတော့ မြန်မာပြည်ကိစ္စနဲ့ ကျနော်တို့ လေ့လာမိသလောက် ကတော့ တကြောင်းပဲ ပါပါတယ်။ ဒါကတော့ ဘာလဲ ဆိုတော့ လူ့အခွင့်အရေး နဲ့ပတ်သက်ပြီးတော့ အီရန်နိုင်ငံတို့လို တခြား နိုင်ငံတွေနဲ့အတူ မြန်မာနိုင်ငံတို့လို လူ့အခွင့်အရေး ဆိုးရွားတဲ့ တိုင်းပြည်တွေအတွက် သူတို့ လူ့အခွင့်အရေးတွေ ပြန်လည် ထွန်းကားလာအောင် ဆက်လက် ဆောင်ရွက်သွားမယ် ဆိုတာလောက်ပဲ တွေ့ရပါတယ်ခင်ဗျ။”

ဟုတ်ကဲ့ ဘယ် ပါတီဘက်က ပိုပြီးတော့ မြန်မာကိစ္စကို လုပ်မယ်လို့ ထင်လဲရှင့်။ -

“ဒီလိုတော့ နိုင်ငံခြားရေးမူဝါဒ ပလက်ဖောင်း မှာ တလုံးချင်း ပါတာနဲ့ အများကြီး ပါတာနဲ့ ဆိုခဲ့လို့ရှိရင်တော့ ဒီလိုတော့ ပြောလို့မရပါဘူး။ တကယ်တမ်း ပြောခဲ့လို့ရှိရင်တော့ မြန်မာပြည်ကိစ္စ ကတော့ အစဉ်အလာ အရ bi-partisan support ဆိုတာလို ပါတီနှစ်ခုစလုံးက နေပြီးတော့ ထက်ထက်သန်သန် ဆောင်ရွက်ပေးခဲ့တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ ကွန်ဂရက် တခုလုံးရဲ့ ထောက်ခံမှု ရထားခဲ့တဲ့ ကိစ္စမျိုး ဖြစ်နေတော့ ဘယ်ပါတီပဲ နိုင်လာသည်ဖြစ်စေ မြန်မာပြည်ကိစ္စ ကတော့ ရုတ်တရက် မူဝါဒ အရတော့ ပြောင်းလဲလျော့ကျသွားမယ်လို့ ကျနော် မမျှော်လင့်ဘူး။ သို့သော် ဘယ်ပါတီက ပိုပြီးတော့ ဆောင်ရွက်မလဲ ဆိုတာကို အခု ပါတီ ပလက်ဖောင်းရဲ့ အခြေခံပေါ်မှာ ကြည့်မယ်ဆိုရင်တော့ ရီပါပလစ်ကန် ပါတီကတော့ တော်တော် ပြည့်ပြည့်စုံစုံ နဲ့ များများစားစားပြောထားတာ ဆိုတာ ဖြစ်တယ်။ နောက် ဆီနိတ်တာ ဂျွန်မက်ကိန်း ကိုယ်နှိက် က မြန်မာပြည်ကိုလည်း ရောက်ဖူးတယ်။ သူ ကိုယ်တိုင်လည်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ခဲ့ဖူးတယ်။ နောက် ကျနော်တို့ စက်တင်ဘာ သံဃာတော်တွေရဲ့ ရွှေဝါရောင် တော်လှန်ရေးပြီးတဲ့နောက်မှာ ဆိုခဲ့လို့ရှိရင် ကုလသမဂ္ဂကနေ ထိထိရောက်ရောက် ဆောင်ရွက်မှုတွေ မရှိနိုင်ခဲ့ဘူး ဆိုရင်တော့ နိုင်ငံတကာ ဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံများ ဆိုပြီး ထူထောင်ပြီးတော့ ဒီလို ပြဿနာတွေကို ဖြေရှင်းပေးသင့်တယ် ဆိုတဲ့ အတွေးအခေါ်မျိုးတွေကိုရော ပြောဆိုသံ ကြားရတဲ့အတွက် ကျနော် တဦးတည်းအမြင် အရကတော့ ရီပါပလစ်ကန် ပါတီ အနိုင်ရခဲ့လို့ရှိရင်တော့ ပိုပြီးတော့ ဆောင်ရွက်နိုင်စွမ်း ရှိလိမ့်မယ်လို့တော့ အကြမ်းဖျဉ်း အားဖြင့်တော့ ပြောလို့ရပါတယ်။”

အဲန်စီဂျီယူဘီ ဝန်ကြီး ဦးဘိုလှတင့်ကို ဆက်သွယ် မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG