သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရီပါပလစ်ကန်ပါတီ ဒုတိယသမ္မတလောင်း ဆာရာ ပေလင်း


စက်တင်္ဘာလ ၃ ရက်နေ့က စိန်ပေါလ်မြို့ (St. Paul) မင်နီဆိုတာပြည်နယ် (Minnesota) လေးရက်ကြာ ကျင်းပခဲ့တဲ့ ရီပါပလစ်ကန်ပါတီ (Republician Party) ရဲ့ ပြည်လုံးကျွတ် ပါတီ ညီလာခံပွဲ တတိယမြောက်နေ့မှာ အလက်စ္စကားပြည်နယ် အုပ်ချုပ်ရေးမှုး အသက် ၄၄ နှစ် အရွယ် ဆာရာ ပေလင်း (Sarah Palin) ကို ရီပါပလစ်ကန်ပါတီ ဒု-သမ္မတလောင်း အဖြစ် ရွေးချယ်တင်မြောက်ခဲ့ပါတယ်။

ဆာရာပေလင်း က တကယ်တော့ အမေရိကန် နိုင်ငံရေးလောကမှာ မျက်နှာသစ် တယောက်ပါ။ အစောပိုင်းမှာ လူသိနည်းခဲ့တဲ့ သူမကို ရီပါပလစ်ကန် သမ္မတလောင်း ဂျွန်မက္ကိန်း (John McCain) က သူ့ ဒု-သမ္မတလောင်းအဖြစ် ရွေးချယ်လိုက်ချိန်ကစပြီး သူမအကြောင်းကို အများက အထူးစိတ်ဝင်းစားခဲ့ ကြပါတယ်။

သတင်းမီဒီယာတွေရဲ့ မျက်လုံးဒေါက်ထောက် ကြည့်ခြင်းခံနေရတဲ့ ပေလင်း ဟာ အသက် ၁၇ နှစ်သာ ရှိသေးပြီး အိမ်ထောင်မရှိသေးတဲ့ သူမသမီးငယ် ကိုယ်ဝန်ရှိနေတဲ့ ကိစ္စကို ထုတ်ဖော်ပြောကြားခဲ့ ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲပေးသူများအနေနဲ့ သူမရဲ့ မိသားစုအရေးကို နားလည်းပေးဖို့ မိန့်ခွန်းမှာထဲ့သွင်း ပြောကြားသွားခဲ့ပါတယ်။

"ကျမတို့ မိသားစုရဲ့ အတက်နဲ့အကျတွေဟာ တခြားမိသားစုတွေလိုပါဘဲ။ အခက်အခဲတွေလည်း ရင်ဆိုင်ရသလို ပျော်ရွှင်စရာတွေလည်း အလားတူပဲ ခံစားရပါတယ်။ တခါတရံတော့လည်း ဒီ ပျော်ရွှင်စရာတွေကနေ အကဲစမ်းမှုတွေ ရင်ဆိုင်ရတဲ့ အခါတွေလည်း ကြုံတက်ရပါတယ်။

အလက်စ္စကားပြည်နယ်ရဲ့ မြို့ကလေးတမြို့ရဲ့ မြို့တော်ဝန်ဟောင်း ပေလင်း က သူမကို အုပ်ချုပ်ရေး အတွေ့အကြုံနည်းသူလို့ ဝေဖန်မှုများနဲ့ ပတ်သက်လို့လည်း သူက တဖက်ပြိုင်ဖက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းဖြစ်သူ ဘာရက် အိုဘာမား (Barack Obama) ရဲ့ နိုင်ငံရေးဘ၀ စဝင်ချိန်တုန်းက လူမှု့အဖွဲ့အစည်း အကျိုးတော်ဆောင် (Community Organizer) အဖြစ် ထမ်းဆောင်ခဲ့တဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီးတော့ ချေပ ပြောဆိုသွားခဲ့ပါတယ်။

"ကျမအနေနဲ့ မြို့ငယ်လေးရဲ့ မြို့တော်ဝန်လုပ်ခဲ့တုန်းက လူမှု့အဖွဲ့အစည်း အကျိုးတော်ဆောင် အလုပ်မျိုးနဲ့တူတယ်လို့ ဆိုနိုင်ပေမဲ့ ကျမက တကယ့်ကို တာဝန်ယူပြီး အလုပ်လုပ်ကိုင်ခဲ့ရတာပါ။"

ဒီအပြင် အိုဘာမား အနေနဲ့ စကားနှစ်မျိုးပြောခဲ့တာကိုလည်း ပေလင်း က ဝေဖန်ထောက်ပြ ပြောဆိုခဲ့ပါတယ်။

"မြို့လေးတွေမှာ တချို့ ကိုယ်စားလှယ်တွေက ပရိတ်သတ်ထဲမှာ သာမန်လူတန်းစားတွေ ပါလို့ရှိရင် သူတို့ဖက်လိုက်ပြီး ချီးကျူးပြောဆို ခဲ့ကြတာတွေ ရှိတယ်။ ဒါပေမဲ့ နောက်ကွယ်ကြတော့ ဒီလူတွေဟာ ဘာသာရေး အယူးသီးတယ်၊ သေနတ်တွေပဲ ကိုင်ဖို့ စိတ်ရှိကြတယ်လို့ ဝေဖန်ပြောဆိုတာတွေလည်း တွေ့ရပါတယ်" လို့ ပေလင်း က အိုဘာမား ကို ရည်ရွယ်ပြောဆိုသွားခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲရေးသမားလို့ သူကိုယ်သူ ရည်ညွှန်းတဲ့ ပေလင်း က ရေနံထွက်တဲ့ အလက်စ္စကားပြည်နယ်မှာ ရေနံကုမ္မဏီကြီးတွေနဲ့ အပေါင်းပါများ ကြီးဆိုးနေမှုကို သူက တွန်းလှန်ပြီး ရေနံကရရှိတဲ့ အမြတ်ငွေတွေအပေါ် အခွန်တိုးကောက်ပြီး သာမန်လူတန်းစားတွေကို ပြန်လည်ပံ့ပိုးပေးခဲ့တာလည်း လုပ်ခဲ့ပါတယ်။

ပြီးတော့ ပြည်နယ်အုပ်ချုပ်ရေးမှုးဘဝမှာ အခွင့်ထူးတွေကိုလည်း တက်နိုင်သ၍ မယူခဲ့ဘူးလို့ သူ့မိန့်ခွန်းထဲမှာ ထဲ့ပြောသွားခဲ့ပါတယ်။

"ကျမ ပြည်နယ်အုပ်ချုပ်ရေးမှုးရုံးမှာ ကျမပြည်နယ်သားတွေရဲ့ ချွေးနည်းစားနဲ့ပေးနေရတဲ့ တချို့အပိုတွေကို ကျမမယူပါဘူး။ အထူးသဖြင့် ဇိမ်ခံ ဂျက်လေယာဉ်ကြီးပေါ့။ ကျမ eBay အင်တာနက်ပေါ်မှာ အရောင်းတင်လိုက်တယ်။"

ရီပါပလစ်ကန်ပါတီရဲ့ ဒု-သမ္မတလောင်း မိန့်ခွန်းပြောကြားသွားခဲ့တဲ့ ညမှာတော့ အနီ၊ အဖြူ၊ အပြာ အမေရိကန်အလံရောင်တွေသုံးပြီး ထုတ်ထားတဲ့ ဆာရာပေလင်း ပုံ ရင်ထိုးတွေ၊ မက္ကိန်း-ပေလင်း စာပါ ဦးထုပ်တွေက အရောင်းသွက်ခဲ့ပါတယ်။

ထောက်ခံအားပေးသူ တဦးဖြစ်တဲ့ ပယ်ဒီ ရီဂျင်းနယ် ကတော့ တကယ်ပဲ အားတက်မိကြောင်း -

"သမ္မတ နဲ့ ဒု-သမ္မတ အတွဲဟာ ဒီကို ရောက်နေတဲ့ လူတိုင်းကို အားမာန်တက်စေခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးတဦး ဖြစ်တဲ့ ပေလင်း အပေါ် ပရိတ်သတ်ရဲ့ တုန့်ပြန်မှုကတော့ မယုံနိုင်စရာပါပဲ" လို့ ပြောဆိုသွားပါတယ်။

အလက်စ္စကားပြည်နယ် အုပ်ချုပ်ရေးမှုး ဆာရာ ပေလင်း ကို သူ့ရဲ့ ဒု-သမ္မတအဖြစ် ရွေးချယ်ကြောင်း ဂျွန်မက္ကိန်း ကြေငြာချက်ကြောင့် လူအများ အံ့အားသင့် သွားခဲ့ပါတယ်။

ဂျွန်မက္ကိန်း ရဲ့ အခုလို ရွေးချယ်မှုဟာ ရီပါပလစ်ကန်ပါတီရဲ့ သက်တမ်းမှာ ပထမဦးဆုံး အမျိုးသမီး ဒုတိယ သမ္မတလောင်း ရွေးချယ်မှုပါ။ နိုင်ငံရေးလောကမှာ လူသိနည်းတဲ့ ဆာရာပေလင်း ဘယ်သူလ?

အသက် ၄၄ နှစ်အရွယ် ဆာရာပေလင်း ဟာ ကလေး ငါးယောက် မိခင်ဖြစ်ပါတယ်။ ဧပြီလ ၂၀၀၈ ကမှ မွေးဖွါးခဲ့တဲ့ သားအငယ်ဆုံးလေးဟာ အသက်ကြီးမှမွေးရင် သန္ဓေသားတွေမှာ ဖြစ်တက်တဲ့ ဉာဏ်ရည်ကြီးထွားမှု ချို့တဲ့ရောဂါ (Down syndrome) နဲ့ မွေးဖွားခဲ့သူပါ။ သူမ ကိုယ်ဝန်ဆောင်စဉ်က သန္ဓေသားရဲ့ အခြေအနေကို သိခဲ့ရပေမဲ့ ပေလင်း ဟာ ပဋိသန္ဓေဖျက်ချမှုကို ဆန့်ကျင်သူဖြစ်တဲ့သူ ဖြစ်တဲ့အတွက်ကြောင့် ခလေးကို အရမွေးခဲ့တာဖြစ်ပါတယ်။

မိသားစုတွေရဲ့ စည်းလုံးညီညွှတ်မှုတန်းဖိုးကို ပြရာမှာလည်း သူမ သမီးကြီး အိမ်ထောင်မရှိပဲ ကိုယ်ဝန်ရှိကြောင်း စက်တင်္ဘာ ၁ ရက်နေ့က လူအများသိအောင် ထုတ်ပြန်ခဲ့ရာမှာ သူ့သမီးနဲ့အတူ သူတို့ ဇနီးမောင်နှံ ရပ်တည်တဲ့အကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ဆာရာပေလင်း ရဲ့ ဘဝအစကတော့ သာမန်ပါလို့ သူကပြောပါတယ်။

"ကျမ အဖေ နဲ့ အမေ ဟာ မူလတန်းကျောင်းမှာ အလုပ်လုပ်ကြပါတယ်။ ကျမ နဲ့ ကျမခင်ပွန်းကလည်း အလုပ်လုပ်ပြီး ကြီးလာခဲ့ကြသလို တကယ်တော့လည်း ကျမက အလက်စ္စကားပြည်နယ်က သာမန်မိခင်တဦးပါ။"

သူကိုယ်သူ သာမန်လို့ ဆိုပေမဲ့ တကယ်တော့ သူက အထက်တန်းကျောင်း ဘက်စကက်ဘော အသင်းမှာ ချန်ပီယံ ဖြစ်သလို၊ နိုင်ငံရေး လောကထဲမဝင်မီ သူမဟာ ငါးဖမ်းလုပ်ငန်းပိုင်ရှင်လည်း ဖြစ်ခဲ့ပြီး ရုပ်သံလွှင့် အားကစားသတင်းထောက်လည်း ဖြစ်ခဲ့ပါတယ်။

သူဖခင်ဖြစ်သူက သူ့သမီးအကြောင်းကို ပြောရာမှာတော့ -

"သူဟာ သူစိတ်နဲ့သူပါပဲ။ သူမှန်တယ်ထင်ရင် သူ လုပ်တာပါပဲ။ အများအားဖြင့်လည်း သူကမှန်နေတာ တွေ့ရတယ်။"

ပေလင်း နဲ့ ပတ်သက်ပြီးတော့ သူ့ပြည်နယ်မှာနေထိုင်နေတဲ့ မြန်မာနွယ်ဖွား ဒေါက်တာစိန်မြင့်ကတော့

"Governor ပေလင်း ကတော့ ဒီ အလက်စ္စကားပြည်နယ်မှာ တော်တော်လေးကို လူချစ်လူခင်ပေါပြီး လူကြိုက်များတယ်။ သူရဲ့ Rating (ထောက်ခံမှု ရာခိုင်နှုန်း) က ရှစ်ဆယ်ကျော်လောက် ရှိတယ်။ သူက ငယ်လည်းငယ်တယ်၊ နောက်ပြီးတော့ လုပ်ရည်ကိုင်ရည်လည်း ရှိတယ်။ နောက်တခုက သူကအစောပိုင်းမှာ Wasilla မြို့ငယ်ကလေးမှာ မြို့ဝန်ဖြစ်လာခဲ့ပြီး အဲဒီကတဆင့် ပြည်နယ်အုပ်ချုပ်ရေး နိုင်ငံရေးဖက်ကို တစိုက်မတ်မတ် တက်လာခဲ့ပြီး တော်တော်လေး ရဲရဲရင့်ရင့် ရင်ဆိုင်ရဲတဲ့ သတ္တိရှိတယ်ဆိုတော့ သူကို လူတွေက ချီးကျူးကြတယ်။ နောက်ပြီးတော့ သူတက်လာပြီးမှလည်း သူဖြတ်သန်းလာခဲ့တဲ့ တိုတောင်းတဲ့ နိုင်ငံရေးခရီးစဉ်လေးအတွင်းမှာ အလက်စ္စကားမှာ သူထက် သက်တမ်းရင့်တဲ့ ရီပါပလစ်ကန်ပါတီ နိုင်ငံရေးသမားတွေကို ကျော်ပြီး Primary ရွေးကောက်ပွဲကို အနိုင်ရခဲ့နောက် Senior အများကြီးကျတဲ့ ပြိုင်ဖက် ဒီမိုကရက်တစ် Governor ဟောင်းကိုလည်း အနိုင်ရပြီး Governor ဖြစ်လာတယ်ဆိုတော့ သူက အတော်အရည်းအချင်းရှိတယ်။ အများအပြောအရ Reformer ပြန်ပြီးတိုးတက်တဲ့ ရီပါပလစ်ကန်အပိုင်းကပေါ့။ ဒါကြောင့်မို့လည်း သူကိုလူတွေက အတော်လေး ဒီ အလက်စ္စကားပြည်နယ်က လူတွေက အတော်လေး သဘောကျကြတယ်။"

ဆာရာပေလင်း ရဲ့ အသက် ၁၉ နှစ်အရွယ် သားအကြီးကလည်း စက်တင်္ဘာလ ၁၁ ရက်ဆိုရင် အီရတ်ကိုသွား စစ်မှုးထမ်းမှာ ဖြစ်တာကြောင့်လည်း သူဟာ အီရတ်မှာရောက်နေတဲ့ အမေရိကန်စစ်မှုးထမ်းတွေရဲ့ ထောက်ခံမှုကိုလည်း ရရှိနိုင်ပါတယ်။

နိုဝင်ဘာလရွေးကောက်ပွဲ မတိုင်မီတော့ မက္ကိန်း နဲ့ အတူ သူမဟာ မဲဆွယ်ပွဲတွေ လှုပ်ရှားရမှာ ဖြစ်ပြီး ဒီမိုကရက်တစ်ဖက်က ဒုတိယ သမ္မတလောင်းဖြစ်သူ အထက်လွှတ်တော်အမတ် ဂျိုး ဘိုင်ဒန် (Joe Biden) နဲ့လည်း ဒီလကုန် စကားစစ်ထိုးပွဲ (Debate) ကျင်းပမှာ ဖြစ်ပါတယ်။ ဒါကြောင့် အခုလာမဲ့ လတွေမှာတော့ သူရဲ့စွမ်းဆောင်နိုင်မှုကို အခြေခံပြီး အမေရိကန်နိုင်ငံရဲ့ အမျိုးသမီးများမဲကို သူရရှိအောင် ဆွဲဆောင်နိုင်ပါမလားကို စောင့်ကြည့်ရပါမည်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG