သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ပြင်ပအစာ လက်မခံတာ သုံးပတ်မြောက်ပြီ


နေအိမ်မှာ အကျယ်ချုပ် ကျခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ကို ပုံမှန်အပတ်စဉ် ပို့ပေးနေတဲ့ အစားအစာတွေကို လက်မခံတာ အခုဆိုရင် ၃ ပတ်ကျော်လာပါပြီ။ ဒီ့အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကြားမှာ စိုးရိမ်ပူပန်မှုတွေလည်း တိုးများလာပါတယ်။ ဒါနဲ့ပတ်သက်လို့ ကိုသားညွှန့်ဦး က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစာငတ်ခံ ဆန္ဒပြနေတယ်၊ ကျန်းမာရေး မကောင်းဘူး စသဖြင့် အတည်မပြုနိုင်ဘဲ သတင်းအမျိုးမျိုး ထွက်နေတာကြောင့် အများပြည်သူ ကြားထဲမှာရော ဒီမိုကရေစီအင်အားစုတွေ ကြားထဲမှာရော စိုးရိမ်စရာ သတင်းတခု ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ ပုံမှန် ဈေးဝယ်ပို့ပေးနေတဲ့သူကို လက်မခံတော့တာ သုံးပတ်ရှိပြီ ဆိုတဲ့သတင်းကိုတော့ သက်ဆိုင်ရာတွေ က အတည်ပြုနိုင်ကြပေမယ့် သူ့ရဲ့ ကျန်းမာရေး အခြေအနေကိုတော့ ဘယ်သူမှ ခန့်မှန်းလို့မရ ဖြစ်နေပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုလို ပုံမှန် အစာလာပို့သူကို လက်မခံတာ သုံးပတ်ကြာပြီ ဖြစ်တာကြောင့် ဒီအခြေအနေအပေါ်မှာ စိုးရိမ်မိတယ်လို့ မနေ့ကတော့ အရေးပေါ် ထုတ်ပြန်ချက်အနေနဲ့ သူတို့က ထုတ်ပြန်ခဲ့ပါတယ်။ ဒီထဲမှာ အခုလို အစာလက်မခံတာ အကြောင်း သုံးချက် ရှိတယ်လို့ ထောက်ပြပါတယ်။ တခုကတော့ ဥပဒေ နဲ့ညီညွတ်မှုမရှိဘဲ သူမကို ဆက်လက် ဖမ်းဆီးထားတာ၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ရှိနေတဲ့ ဒေါ်ခင်ဝင်း နဲ့ သမီးဖြစ်သူတို့ကိုပါ ကန့်သတ်မိန့်သဘော သက်ရောက်နေတာ၊ နောက်ဆုံးတခုကတော့ ဆရာဝန် နဲ့ တလတကြိမ် တွေ့ခွင့်ရမယ်လို့ ကတိပေးထားပေမယ့် ပြီးခဲ့တဲ့ ဇန်နဝါရီလကနေပြီးတော့ သြဂုတ်လအထိ ဆရာဝန် နဲ့ တွေ့ဆုံခွင့် မရခဲ့တာတွေကြောင့်လို့ ဆိုထားပါတယ်။ ဒီအခြေအနေအပေါ်မှာ အာဏာပိုင်တွေဖက် က တာဝန် အပြည့် ယူရလိမ့်မယ်လို့လည်း အဲန်အယ်လ်ဒီ ရဲ့ ကြေညာချက်မှာ ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့နိုင်ငံရေး လုပ်ငန်းစဉ်တွေ နဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မလွဲမသွေ ပါဝင်ရမယ်လို့ အဲန်အယ်လ်ဒီ အနေနဲ့ ခံယူတာကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ကန့်သတ်မိန့် နဲ့ အကျုံးမဝင်တာတွေကို ရုတ်သိမ်းဖို့ လက်ရှိ ကန့်သတ်မိန့် ထုတ်ထားတာ ဟာလည်း ဥပဒေ နဲ့ ညီညွတ်ခြင်း မရှိဘူး လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ဒီ အရေးပေါ် ကြေညာချက်မှာ ဖော်ပြပါတယ်။ ရန်ကုန်မြို့ခံတဦးကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သတင်းတွေနဲ့ပတ်သက်ပြီးတော့ အများပြည်သူတွေကြားထဲမှာ စိတ်ဝင်စားမှုတွေ ရှိနေတယ်လို့ အခုလို ပြောပြပါတယ်။

အားလုံးကတော့ အများသောအားဖြင့် ကျနော် ရောက်တဲ့နေရာတွေမှာ အားလုံးက စိုးရိမ်နေကြတာပေါ့။ အစာအငတ်ခံ ဆန္ဒပြတာ လိုလို ဘာလိုလိုတွေ ကြားပြီးတော့ စိုးရိမ်နေကြတယ်။ အဲဒီအတွက် သူ့ အသက်အန္တရာယ် လည်း စိုးရိမ်နေကြတာပေါ့ဗျာ။ hunger strike လုပ်တာဆိုရင် သူတို့တွေကလည်း ဘယ်လို အထောက်အပံ့ ဖြစ်အောင် လုပ်ရမလဲ၊ ဘာလဲ အဲဒါမျိုးတွေ လူတွေက ဘာလုပ်ရမှန်း မသိဘူး ဖြစ်နေတယ်။ ကျနော်နဲ့ တွေ့တဲ့သိတဲ့သူတွေ က အကုန်လုံးကတော့ သူ့အတွက် ကျန်းမာရေးကို စိုးရိမ်ကြတယ်။ hunger strike တို့ဘာတို့ ပြောကြတာကိုး။ ဒါတွေကတော့ လူတွေရဲ့ ထင်မြင်ချက်တွေနဲ့ တူပါတယ်။ ဒါပေမယ့် အခုဟာက ဆက်ပြီးတော့ နောက်ထပ် ဘယ်လောက်ထိအောင် ရိက္ခာ အခြောက် က ရှိဦးမှာလဲ ဆိုတာ ကျနော်တို့ ခန့်မှန်းလို့ မရဘူး။”

ပြီးခဲ့တဲ့ စက်တင်ဘာလ ကမှ ဖွဲ့စည်းခဲ့တဲ့ Generation Wave လို့ခေါ်တဲ့ လူငယ်အဖွဲ့ က ကိုမိုးသွေး ကလည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ရှိ အခြေအနေ နဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ စိုးရိမ်ပူပန်မိတယ်လို့ ပြောပြပါတယ်။

“ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုရဲ့ ခေါင်းဆောင်အနေနဲ့ရော၊ ကျနော်တို့ ဗိုလ်ချုပ်ရဲ့ သမီးအနေနဲ့ရော လူတယောက် အနေနဲ့ပါ သူ့ရဲ့ ကျန်းမာရေးအတွက် ကျနော်တို့ အများကြီး စိုးရိမ်ပါတယ်။ အပြင်က ပို့ပေးတဲ့ အစာအစာကို လက်မခံတာ သုံးပတ်တောင် ကြာသွားပြီ ဆိုတော့ တကယ်တမ်းဆိုရင် သူ့ရဲ့

စားရေးသောက်ရေးမှာ အများကြီး အခက်အခဲ ရှိနေနိုင်တယ်လို့ မြင်ပါတယ်ခင်ဗျ။ သတင်းတွေ ရသလောက်ပေါ့နော်။ အန်တီ စု အနေနဲ့ သူ တောင်းဆိုထားတယ် ဆိုတဲ့ဟာတွေက တကယ်တော့ မတရား တောင်းဆိုထားတာ တခုမှ မတွေ့ရပါဘူး။ သူ တကယ် ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို တောင်းဆိုထားတာပါ။ တကယ်တမ်း သူ့ကို ဖမ်းဆီးထားတယ် ဆိုတာကလည်း တရားဝင် ထိန်းသိမ်းပိုင်ခွင့်ထက် ကျော်လွန်နေပြီ ဆိုတဲ့အခါကျတော့ သူ့အနေနဲ့ ဒီတောင်းဆိုချက်တွေကို တောင်းဆိုခွင့် ရှိတယ်လို့ ကျနော်တို့ မြင်ပါတယ်။”

ဒါကတော့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့ကို ပုံမှန် အပတ်စဉ် ပို့ပေးနေတဲ့ အစားအစာတွေ လက်မခံတာ သုံးပတ်ကျော် ရှိလာတာနဲ့ ပတ်သက်လို့ ဒီမိုကရေစီ အင်အားစုတွေ အများပြည်သူတွေရဲ့ စိုးရိမ်ချက်တွေ နဲ့ တုံ့ပြန်ချက်တွေပါ။

AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး လှုပ်ရှားတဲ့ အာဆီယံ အမတ်များအဖွဲ့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံဖို့ ဆိုပြီးတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နဲ့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင့် အတွင်းရေးမှူးချုပ် ဆူရင်းပစ်ဆူဝမ် တို့ကို စာရေးပြီးတော့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG