သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်သမ္မတ ဇာဒါရီ သြဇာအကြီးဆုံး အရပ်ဖက် ခေါင်းဆောင် ဖြစ်လာမည်


လုပ်ကြံခံရတဲ့ အတွက် သေဆုံးသွားရတဲ့ ပါကစ္စတန်နိုင်ငံ ဝန်ကြီး ချုပ်ဟောင်း ဘနာဇီယာဘူတိုရဲ့ ခင်ပွန်းဖြစ်သူ အဆစ် အလီ ဇာဒါရီ ဟာ နိုင်ငံရဲ့ နောက် သမ္မတအဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ ပါတယ်။ ဒါနဲ့ပတ်သက်လို့ အပြည့်အစုံကို မညိုညိုလွင် က တင်ပြထားပါတယ်။

ပါကစ္စတန်နိုင်ငံရဲ့ ပြည်သူတွေအတွက် အင်အား အကောင်းဆုံး ခေါင်းဆောင်တဦး ဖြစ်လာလိမ့်မယ်လို့ ယူဆရတဲ့ အဆစ် အလီ ဇာဒါရီ ဟာ လွှတ်တော် ကိုယ်စားလှယ်တွေ ရဲ့ မဲအရေအတွက် ၇၀၂ မဲအတွင်း ၄၈၂ မဲရရှိပြီး အနိုင်ရခဲ့တာ ဖြစ်တဲ့အကြောင်းကို ဗွီအိုအေ သတင်းထောက် ဘယ်ရီ နယူးဟောက်(စ်) က အစ္စလာမ်မာဘတ်စ် မြို့ ကနေ သတင်းပေးပို့ထားတာပါ။

ပါကစ္စတန်နိုင်ငံရဲ့ လွှတ်တော်နှစ်ရပ်လုံးက မဲအများစုနဲ့ အစစ်ဖ် အလီ ဇာဒါရီ ဟာ သမ္မတ နေရာအတွက် အနိုင်ရရှိခဲ့တာပါ။ မြို့တော်ရဲ့ အမျိုးသားညီလာခံ ခမ်းမမှာ ပါကစ္စတန် ပြည်သူ့ပါတီက ထောက်ခံသူတွေဟာ ရွေးကောက်ပွဲ ကော်မရှင်က အဖြေကို မကြေညာခင်ကတည်းက ဝမ်းမြောက်ဝမ်းသာနဲ့ ဂုဏ်ယူဝင့်ကြွား နေကြတာပါ။

ပါတီအဖွဲ့ဝင်တွေထဲမှာ သူတို့ ဖခင်ရဲ့ အောင်မြင်မှုကို ဝမ်းမြောက်ကြောင်း ပြသကြတဲ့ အနေနဲ့ မိခင် ဘနာဇီယာဘူတို ရဲ့ ဓါတ်ပုံကို ကိုင်ဆောင်ရင်း သမီးဖြစ်သူနှစ်ယောက်လည်း ပါရှိခဲ့ပါတယ်။ အလွဲသုံးစားမှု၊ လူသတ်မှု တွေနဲ့ စွဲချက်တင်ခံရပြီး ထောင်ထဲမှာ ၁၁ နှစ် အကျဉ်းချခံရသူ ဇာဒါရီ ဟာ နိုင်ငံရေး အတိုက်အခံတွေ ကို အနိုင်ရပြီး သမ္မတ ရာထူးကို အနိုင်ရရှိခဲ့တာပါ။ သူရဲ့ အခုလို အနိုင်ရရှိမှုကြောင့် ၁၉၉၉ ခုနှစ်ကတည်းက နိုင်ငံကို အာဏာသိမ်းပြီး ဒီမိုကရက်တစ် လမ်းစဉ်ကနေ ဝေးကွာစေအောင် အုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း မူရှာရက်ဖ် ရဲ့ အုပ်ချုပ်မှုကိုလည်း တရားဝင် အဆုံးသတ်သွားစေပါတယ်။

ဇာဒါရီဟာ လုပ်ကြံခံရမှုတွေကြောင့် သေဆုံးသွားကြရတဲ့ ဇနီးဖြစ်သူနဲ့ သူမရဲ့ ဖခင်ဖြစ်သူကို ဂုဏ်ပြု ချီးမွမ်းခဲ့တယ်လို့ ဝန်ကြီးချုပ် နေအိမ်ကနေ သတင်းဌာနတွေက သတင်းဖော်ပြခဲ့ပါတယ်။

“ဘယ်လို အသက်ရှင်နေထိုင်ရမယ်ဆိုတာ သူမက သင်ကြားခဲ့ပါတယ်၊ ဘယ်လို နိုင်ငံရေး လုပ်ရမယ်ဆိုတာကို သူမက သင်ကြားခဲ့ပါတယ်၊ ကျနော်တို့ အားလုံး ပီပီပီရဲ့ အယူဝါဒ လမ်းစဉ်အတိုင်း၊ အာဇာနည် ဇူလ်ဖီကာ အလီ ဘူတိုရဲ့ အယူဝါဒ လမ်းစဉ်အတိုင်း သူတို့ အသက်ပေးပြီး ရယူခဲ့ရတဲ့ ဒီမိုကရေစီ လမ်းစဉ်အတိုင်း လိုက်နာဖို့ ရည်ရွယ်ထားပါတယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ ဇာဒါရီဟာ ဥပဒေပြု လွှတ်တော်မှာ အင်အားကောင်းတဲ့ နိုင်ငံရေး အထောက်အကူတွေ ပေးပြီး ပြည်သူလူထုရဲ့ အပြည့်အ၀ အာဏာပေးခံရတဲ့ သမ္မတ တဦး ဖြစ်နိုင်ပါတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးတဲ့နောက် သူရဲ့ အားနည်းချက်တွေအပေါ် ဖြေသိမ့် ပြောဆိုခဲ့တာကတော့ -

“ကျနော် ထပ်လောင်းပြောဆိုပါတယ်၊ ပါလီမန်ဟာ အချုပ်အခြာ အာဏာပါပဲ၊ သမ္မတ ဟာလည်း ပါလီမန် အတွက် အလုပ်အကြွေးပြု လုပ်ဆောင်ရမှာပါ။”

ဇာဒါရီရဲ့ အတိုက်အခံတွေက စနေနေ့ သူ့ အောင်မြင်အပေါ် ချီးမွမ်းစကား ပြောဆိုခဲ့ပေမယ့် သူ့အနေနဲ့ ပီပီပီ ပါတီတခုတည်းကိုပဲ ကြည့်နေတာ စွန့်လွှတ်ပြီး တိုင်းပြည်တခုလုံးကို ကြည့်ရှုဖို့ တိုက်တွန်း ပြောဆို ခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဟောင်း တဦးဖြစ်တဲ့ နဝါ့ ရှရစ်ဖ် ကတော့ ဇာဒါရီ ရဲ့ သက်တမ်းအတွင်း သမာသမတ် ကျတဲ့ သမ္မတအဖြစ် လုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီလိုပြောဆိုမှုကြားကပဲ ဇာဒါရီရဲ့ အောင်မြင်မှုက သမ္မတ ဟောင်း မူရှာရက်ဖ် လက်ထဲက နိုင်ငံအာဏာကို ပြန်လည် ရယူနိုင်ခဲ့တဲ့ နိုင်ငံရေးအရ အောင်မြင်မှုတခုပဲ ဖြစ်ပြီး သူ့ရဲ့ ပါတီကိုလည်း ပါကစ္စတန်မှာ အင်အား အကြီးမားဆုံး ပါတီတခုဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။

ပါကစ္စတန်နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ် ဇာဒါရီနဲ့ နိုင်ငံရေးအရ ပူးပေါင်း လုပ်ဆောင်နေတဲ့ သူတဦးလည်း ဖြစ်သူ ရှယ်ရီ ရေမင် က သတင်းထောက်တွေကို ပြောကြားတာကတော့ သူ့ရဲ့ အောင်မြင်မှုဟာ ပါကစ္စတန် နိုင်ငံရဲ့ ဒီမိုကရေစီရေး အောင်မြင်မှုပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

သူမရဲ့ ပါတီ သမ္မတ ရာထူးနေရာအတွက် အောင်မြင်မှုရခဲ့တာဟာ တရားမျှတမှု ရှိပါတယ်။ အခြေခံဥပဒေကို အလွဲသုံးစား လုပ်တာမျိုး ၊ ဖိအားပေးတာမျိုး မရှိပါဘူးလို့ သူမက ပြောဆိုသွားတာပါ၊ ခက်ခဲမှုတွေ အများကြီး ရှိနေတဲ့အချိန် ပီပီပီ ပါတီဟာ နိုင်ငံရဲ့ ပြဿနာတွေကို ပြေလည်အောင် လုပ်ဆောင်ပေးနိုင်မယ့် ပါတီ တခုပါပဲလို့လည်း သူမက ပြောဆိုခဲ့ပါတယ်။

ဒီအခက်အလဲတွေဆိုတဲ့ အထဲမှာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေ ယိမ်းယိုင်နေမှုတွေ၊ တာလီဘန် စစ်သွေးကြွတွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာတွေလည်း ပါဝင် ပါတယ်။ စနေနေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေ မဲပေးကြတဲ့အချိန် ပါရှာဝါ မှာရှိတဲ့ လုံခြုံရေး စစ်ဆေးရေး ဂိတ်နားမှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်၊ ဗုံးပေါက်ကွဲပြီး မကြာခင်မှာပဲ ပါကစ္စတန် တာလီဘန် စစ်သွေးကြွတွေက သူတို့ရဲ့ လက်ချက် ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG