ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် စစ်အစိုးရက
ကိုယ်စားပြုနေတာဟာ တရားမဝင်တဲ့
အတွက်ကြောင့်မို့လို့ ကန့်ကွက်ပယ်ဖျက်ပေးဖို့အတွက် Credential Challenge လို့ခေါ်တဲ့
တင်ပြတောင်းခံလွှာကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတချို့က အင်္ဂါနေ့မှာ ကုလသမဂ္ဂကို
တင်သွင်းလိုက်ကြပါပြီ။ ဒါပေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသား
ညွန့်ပေါင်းအစိုးရ (NCGUB) က လက်မှတ်ရေးထိုးပေးဖို့ ငြင်းဆန်ခဲ့တဲ့ကြားထဲကပဲ အခုလို
ကုလသမဂ္ဂကို တင်သွင်းလိုက်တာကြောင့်မို့လို့ ဒီတင်ပြ တောင်းခံလွှာရဲ့ ထိရောက်မှုက
ဘယ်လောက်များ ရှိနိုင်မှာပါလဲ။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
NCGUB ကလက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့ပေမယ့်
၁၉၉၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ
ထဲက ပြည်ပရောက်နေတဲ့ ကိုယ်စား လှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ MPU လွှတ်တော်ကိုယ်စား
လှယ်များသမဂ္ဂရဲ့ဒုဥက္ကဋ္ဌ ဒေါ်စန်းစန်းက လက်မှတ်ထိုးပြီး တင်သွင်းလိုက်ပြီလို့ ဒီလှုပ်ရှားမှုရဲ့
ကမ်ပိန်းညွှန်ကြားရေးမှူး ကိုကိုလေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“ဒီနေ့ ၁၁ နာရီမှာ ကျနော်တို့အနေနဲ့
Press Conference တခုကျင်းပခဲ့ပါတယ်။ အဲဒီ Press
Conference မှာ MPU ဒုဥက္ကဋ္ဌက လက်မှတ်ရေးထိုးထားတဲ့ စာတစောင်ကို ကျနော်တို့ ဘန်ကီ
မွန်း ရုံးခန်းကို တင်ခဲ့ပါတယ်။ အဲဒီဥစ္စာက Credential Challenge နဲ့ပတ်သက်ပြီးတော့ ကမ္ဘာ့
ကုလသမဂ္ဂမှာ စစ်အာဏာရှင်တွေကို ကိုယ်စားလှယ်အဖြစ်နဲ့ မထားတော့ဘဲနဲ့ စစ်မှန်တဲ့
ကိုယ်စားလှယ်တွေဖြစ်တဲ့ MPU က ကိုယ်စားလှယ်တွေကို ထားဖို့အတွက်ကို ကျနော်တို့
တောင်းဆိုခဲ့တာဖြစ်ပါတယ်။”
ကနဦးတုန်းကတော့ စင်ပြိုင်အစိုးရတရပ်ကလက်မှတ်ထိုးပြီး တင်မယ်ဆိုရင် ပိုထိရောက်မယ်
ဆိုပြီး NCGUB က လက်မှတ်ထိုးပေးဖို့ လှုပ်ရှားမှုဦးဆောင်သူတွေက တင်ပြခဲ့ကြတာပါ။ အခု
တော့ NCGUB ကလက်မှတ်မထိုးပေမယ့်လည်း MPU ဒုဥက္ကဋ္ဌက လက်မှတ်ထိုးပြီး တင်သွင်း
လိုက်ပြီဆိုတော့ ထိရောက်မှု ဘယ်လောက်ရှိမယ်ဆိုတာအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါ
တယ်။ ဒါနဲ့ပတ်သက်ပြီး ကိုကိုလေးက -
“ဒီ MPU ဆိုတာလည်း ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့
ကိုယ်စားလှယ်တွေဖြစ်ပါတယ်။
အဲဒီတော့ ကျနော်တို့က ကမ္ဘာ့ကုလသမဂ္ဂမှာ ပြောချင်တာက စစ်အာဏာရှင်တွေက မြန်မာ
နိုင်ငံကို ကိုယ်စားမပြုဘူး၊ ကျနော်တို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက မြန်မာပြည်သူ
လူထုကို ကိုယ်စားပြုတယ်ဆိုတာ ပြောချင်ပါတယ်။
“နောက်ပြီး ကျနော်တို့ ထိရောက်မှုဆိုတာကတော့ Government အနေနဲ့က Qualification
ပေါ့နော်။ ကျနော်တို့ ပြီးခဲ့တဲ့ Credential Challenge တွေမှာ Government to Government
Challenge လုပ်တာမျိုးတွေ ရှိခဲ့ပါတယ်။ အခု ဒီတခါကတော့ MPU တွေအနေနဲ့ လုပ်တာဆို
တော့ တမျိုးတမည်ပေါ့ဗျာနော်။”
NCGUB က လက်မှတ်မထိုးပေမယ့် ဒီကိစ္စကို စိတ်ဓာတ်ကျ စိတ်ပျက်စရာတခု အဖြစ်မမြင်ဘဲ
ပါဝင်မှုရှိလာအောင် ဆက်ကြိုးစားသွားမယ်လို့လည်း ကိုကိုလေးကပြောပါတယ်။
မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ ဒီလှုပ်ရှားမှုအပေါ်
သိပ်အကောင်းမမြင်ဘဲ အောင်မြင်
နိုင်ခြေနည်းတဲ့လှုပ်ရှားမှုအဖြစ် ဝေဖန် ပြောဆိုသူကတော့ မြန်မာ့အရေးသုံးသပ်သူ ဂျော့ဂျ်
တောင်းတက္ကသိုလ်က အာရှဒေသရေးရာ လေ့လာရေးဌာန ညွှန်ကြားရေးမှူး ပါမောက္ခ David
Steinberg ပါ။
“ဒါက သရုပ်ဖော်ဇာတ်လမ်းသက်သက်ပါဗျာ၊ မူဝါဒအားဖြင့် အလေးအနက်မရှိပါဘူး။ ဒါ
ဖြစ်လာမှာလည်းမဟုတ်ပါဘူး။ အမေရိကန်က ဖြစ်ချင်တယ်ဆိုရင်တောင်မှ တရုတ်ကအဖြစ်ခံ
လိမ့်မယ်လို့ထင်လား၊ မဖြစ်နိုင်ဘူးဗျ။ ရလဒ်ကဘာဖြစ်မလဲ ဆိုတော့ သူတို့က ဒီလို အရိပ်
လက္ခဏာပြလိမ့်မယ်၊ အဲဒီအရိပ်လက္ခဏာက၊ ဟုတ်ပါပြီ၊ မြန်မာအစိုးရကို ကျနော်တို့မကြိုက်
ပါဘူး၊ ဒါပေမယ့် ကျနော်တို့ လုပ်နိုင်တာ ဘာမှမရှိပါဘူးဆိုတာမျိုး ဖြစ်ပါလိမ့်မယ်။”
အခု တရားဝင်ကိုယ်စားပြုမှုအပေါ် ကန့်ကွက်တဲ့စာကို တင်သွင်းရတဲ့ ကုလသမဂ္ဂကော်မတီရဲ့
အဖွဲ့ဝင်နိုင်ငံတွေဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလို ဗီတိုအာဏာသုံးပိုင်ခွင့်မရှိတဲ့
အတွက် ကော်မတီအနေနဲ့ ဒါကို လက်ခံစဉ်းစားရမယ်၊ ကုလသမဂ္ဂ အထွေထွေညီလာခံကို
လိုအပ်သလို ဆက်ပြီး တင်သွင်းရလိမ့်မယ်လို့ လှုပ်ရှားသူတွေဘက်ကပြောထားဖူးပါတယ်။
ပါမောက္ခစတိုင်းဘာ့ဂ်က ဒီအချက်ကိုလက်ခံပေမယ့်
ဇင်ဘာဘွေနိုင်ငံကို သူကထောက်ပြခဲ့ပါ
တယ်။ ဇင်ဘာဘွေနိုင်ငံက အခြေအနေတွေကို နိုင်ငံအများအပြားက မကြိုက်ကြပေမယ့်
ကုလသမဂ္ဂထဲကနေ ဇင်ဘာဘွေကို မောင်းမထုတ်နိုင်ကြပါဘူးတဲ့။
ဒီအခြေအနေဟာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေအတွက် စိတ်ပျက်စရာပါပဲလို့လည်း သူက
ပြောပါတယ်။
“တစိတ်တပိုင်း ဒဏ်ခတ် အရေးယူတာမျိုးတွေ ရနိုင်ပါတယ်။ အမေရိကန်က ဒဏ်ခတ်အရေး
ယူမှု ချမှတ်ထားပါတယ်၊ ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမှု ချမှတ်ထားပါတယ်။ ဒါပေမယ့်
ဒါတွေက ပြည့်စုံမှုမရှိပါဘူး။ ဆိုတော့ ဒီကိစ္စကိုလုပ်ဆောင်ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူ
တွေ၊
တိုင်းပြည်နဲ့လူထု ဒီကနေ့ကြုံတွေ့နေရတဲ့ အခြေအနေပေါ်မှာ အားမလိုအားမရ မချင့်မရဲ
ဖြစ်နေကြသူတွေအတွက်တော့ အတော့်ကို စိတ်ပျက်စရာဖြစ်မယ်ဆိုတာ သေချာပါတယ်။
ဒါပေမယ့် အခုချိန်ထိတော့ သူတို့ ထိထိရောက်ရောက်လုပ်နိုင်တာ နည်းနည်းလေးပဲရှိပါ
သေးတယ်။”
မြန်မာ့အရေးသုံးသပ်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ်က ကုလမဂ္ဂမှာ မြန်မာအစိုးရကိုယ်စား
ပြုမှုအပေါ် ဒီမိုကရေစီရေးလှုပ်ရှားသူတွေ စိန်ခေါ် ကန့်ကွက်နေကြတဲ့ လှုပ်ရှားမှုနဲ့ပတ်သက်
ပြီး ဝေဖန်ပြောဆိုသွားတာပါ။