သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပိုမို လုပ်ဆောင်ဖို့ Betancourt က တိုက်တွန်း


ထိန်းသိမ်းခံ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ကုလသမဂ္ဂနဲ့တကွ နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီထက်ပို လုပ်ဆောင်ဖို့ တချိန်က ကိုလံဘီယာ သူပုန်တွေရဲ့ ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရသူ အင်းဂရစ် ဘတ်တန်ကုတ် က ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုအချိန်အထိ လွတ်မြောက် မလာနိုင် သေးတာဟာလည်း ဒီလို ကြိုးပမ်းလုပ်ဆောင်ဖို့ လိုနေတယ် ဆိုတာကို ပြသနေတာပါပဲလို့လည်း သူက ဆိုလိုက်ပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ရန်ကုန်မြို့ နေအိမ်မှာ အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဒီထက်ပို ကြိုးပမ်း လုပ်ဆောင်ဖို့ လိုနေသေးတဲ့အကြောင်း တချိန်က ကိုယ်တိုင်လည်း ကိုလံဘီယာက သူပုန်တွေရဲ့ လက်ထဲမှာ (၆) နှစ်ကြာ အကျဉ်းသား အဖြစ်နဲ့ နေထိုင်ခဲ့ရတဲ့ မစ္စ အင်းဂရစ် ဘတ်တန်ကုတ် (Ingrid Betancourt) က ပြောဆို လိုက်တာပါ။ နယူးယောက်ခ် ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ မနေ့က အင်္ဂါနေ့က ပြုလုပ်တဲ့ အကြမ်းဖက်ဝါဒရဲ့ သားကောင် ဖြစ်ကြရသူတွေ အတွက် ကမ္ဘာနဲ့အဝန်း ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးတဲ့ အခမ်းအနားမှာ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း နဲ့ အတူ တက်ရောက်ရင်း အခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အလေးထား ပြောဆို သွားခဲ့တာပါ။

“အထူးသဖြင့် ကျမ ဒီအချိန်အခိုက်အတန့်မှာ ဒေါ်အောင်ဆန်းစုကြည် ကို အမှတ်ရမိနေပါတယ်။ သူဟာ မကြာခင်ကစလို့ စတင် အစာငတ်ခံ ဆန္ဒပြနေပါတယ်။ သူ့အတွက် သေခြင်းတရားဟာလည်း အမြဲလို ရှိနေတာပါ။ ကျမတို့ အနေနဲ့ သူ့အတွက် အမြန်ဆုံး အဖြေရှာရပါမယ်။ အရေးတကြီး လုပ်ကိုင် ဆောင်ရွက်ရပါမယ်။”

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အခွင့်အရေးအတွက် အစာငတ်ခံ ဆန္ဒပြနေတယ် အစားအသောက်တွေ လက်မခံပဲ နေတယ်ဆိုတဲ့ သတင်းတွေ မကြာသေးခင်က ထွက်ပေါ်လာတာနဲ့အမျှ စိုးရိမ်ပူပန်သံတွေ ထွက်ပေါ် နေတာတွေလည်း ရှိပါတယ်။ ဒီလို အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ ရပ်တည်ပေးဖို့ လိုတယ်လို့လည်း မစ္စ ဘတ်တန်ကုတ် က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဟာ ကျမ အကျဉ်းကျခံခဲ့ရသလို ထောင်ကျနေတာပါ၊ အခုဆိုရင်လည်း အစာငတ်ခံ ဆန္ဒပြတာကို စတင်လိုက်ပါပြီ။ ကျမတို့အားလုံး သူ့အတွက် စိုးရိမ်ပူပမ်မိပါတယ်။ ကျမတို့ သူ့ကို တွေ့ဖို့၊ စကားပြောဆိုနိုင်ဖို့ လိုပါတယ်။ ကျမတို့ သူ့ကို အားပေးထောက်ခံမှုရှိနေတယ်၊ တသွေးတည်း တသားတည်း ရှိနေပါတယ် ဆိုတဲ့ သတင်းစကားကို မှာကြားနိုင်ဖို့လည်း လိုပါတယ်။ ဒါတွေအားလုံးထက် အရေးကြီးတာကတော့ ကျမတို့ သူ့ကို မေ့လျော့မထားဘူး ဆိုတာ သူသိအောင် လုပ်ဖို့ပဲ ဖြစ်ပါတယ်။”

ပြင်သစ်-ကိုလံဘီယာ နှစ်နိုင်ငံသူ မစ္စ ဘတ်တန်ကုတ် ဟာ ကိုလံဘီယာ ရဲ့ သမ္မတအဖြစ် ရွေးချယ်ခံဖို့ ကြိုးပမ်းနေစဉ် ၂၀၀၂ ခုနှစ်မှာ ကိုလံဘီယာနိုင်ငံရဲ့ လက်ဝဲဝါဒီ FARC သူပုန်တွေရဲ့ ပြန်ပေးဆွဲ ဖမ်းဆီးတာကို ခံခဲ့ရတာဖြစ်ပြီး ဒီနှစ် ဇူလိုင်လထဲမှာမှ အစိုးရ တပ်ဖွဲ့တွေက ပြန်လည် ကယ်တင် လွတ်မြောက်လာခဲ့တာပါ။ အထက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ် အဂတိလိုက်စားမှုတွေကို ဆန့်ကျင် လှုပ်ရှားသူလည်းဖြစ်တဲ့ မစ္စ ဘတ်တန်ကုတ် က ဒေါ်အောင်ဆန်းစုကြည် အတွက် သူ့အနေနဲ့ ကြိုးပမ်းဆောင်ရွက် သွားဦးမယ်လို့လည်း ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာ ရောက်နေတုန်း သတင်းထောက်တွေက ပြောပါသေးတယ်။ ဒါပေမယ့်လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင် ဂမ်ဘာရီ နောက်ဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ဆုံခွင့် မရခဲ့တာ၊ သူမရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီ ကလည်း ဒီခရီးစဉ်ဟာ အောင်မြင်မှု မရှိဘူးလို့ ပြောတာဆိုတာတွေကလည်း ရှိခဲ့တာပါ။ ဒီအတွက်ကြောင့် မို့လို့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်ရေးအတွက် ကုလသမဂ္ဂရဲ့ ကြိုးပမ်းချက်တွေကို ဝေဖန်သံတွေလည်း ထွက်ခဲ့တာပါ။ မစ္စ ဘတ်တန်ကုတ် ကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက် မလာသေးတာဟာ ဆိုရင် ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်း အပါအဝင် ကြိုးပမ်း ဆောင်ရွက်ချက်တွေဟာ လုံလောက်မှု မရှိသေးတဲ့ အဓိပ္ပါယ်ပါပဲလို့ ဆိုပါတယ်။

“သူလွတ်မြောက်လာမယ့် အချိန်ကာလ ရောက်တဲ့အထိ ကို ကျမတို့ ဒီထက်ပို လုပ်နိုင်တာတွေ ရှိပါတယ်။ သူ ပြန်လွတ် မလာသေးပဲ ရှိနေတာဟာ ကျမတို့ လုပ်ဆောင်သင့်သလောက် မလုပ်ကြသေးလို့ပဲ ဖြစ်ပါတယ်။ ကျမတို့သာ လိုအပ် သလောက် လုပ်ခဲ့ကြမယ်ဆိုရင် သူအခုဆို ပြန်လွတ်နေလောက်ပါပြီ။”

ကိုလံဘီယာက သူပုန်တွေရဲ့ လက်ထဲမှာ (၆) နှစ်ကြာ အကျဉ်းသား ဖြစ်ခဲ့တဲ့ မစ္စ အင်းဂရစ် ဘတ်တန်ကုတ် (Ingrid Betancourt) ဖြစ်ပါတယ်။ မနေ့တုန်းက ကုလသမဂ္ဂ ဌာနချုပ်ရုံးမှာတော့ အကြမ်းဖက်ဝါဒရဲ့ သားကောင် ဖြစ်ကြရသူတွေ အတွက် ဥပဒေကြောင်းအရ အကာအကွယ်တွေ ရနိုင်ဖို့ အပါအဝင် ကိစ္စတွေကို ပထမဆုံးအကြိမ်အဖြစ် ဆွေးနွေးရာမှာ မစ္စ ဘတ်တန်ကုတ်လည်း တက်ရောက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG