သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရ ကိုယ်စားပြုမှု ကန့်ကွက်လွှာ အထွေထွေ ညီလာခံ ဆုံးဖြတ်မည်


ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရရဲ့ ကိုယ်စားပြုမှုအပေါ် ကန့်ကွက်လွှာ တင်သွင်းထားတာနဲ့ပတ်သက်ပြီး မကြာခင် ကျင်းပမယ့် ၆၃ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ကိုင်တွယ်ရမှာဖြစ်တဲ့အကြောင်း ကုလသမဂ္ဂဘက်က မနေ့ကပြောလိုက်ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလို ပြောကြား လိုက်တာပါ။ ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ပုံမှန် သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တွေက မေးကြတာတွေကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မီရှဲလ် မွန်းတာ့စ်က ဖြေကြားခဲ့တာပါ။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့က ဒီစာကို အထွေထွေညီလာခံရဲ့ အဖွဲ့ဝင်နိုင်ငံတွေဆီ ပေးပို့တာပဲ လုပ်နိုင်ပါတယ်။ ကိုယ်စားပြုမှုအပေါ် ကန့်ကွက်တဲ့ ကိစ္စတွေကို အထွေထွေ ညီလာခံကပဲ ကိုင်တွယ်နိုင်ပါတယ်။ အခုကိစ္စမှာတော့ ၆၄ ကြိမ် မြောက် ညီလာခံကနေ ကိုင်တွယ်ရမှာပါ။ အထွေထွေညီလာခံတိုင်းရဲ့အစမှာ ကိုယ်စားပြုမှု တရားဝင်ခြင်းဆိုင်ရာ ကော်မတီရဲ့ အစည်း အဝေးကို ကျင်းပလေ့ရှိပါတယ်။”

ရွေးကောက်ပွဲကနေ တင်မြှောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေက တရားဝင်ကိုယ်စားပြုမှု တောင်းခံတဲ့အပေါ် အတွင်းရေးမှူးချုပ် က မှတ်ချက်တခုခု ပေး-မပေး မေးရာမှာတော့ မီရှဲလ် မွန်းတာ့စ်က အတွင်းရေးမှူးချုပ်က ဘာမှတ်ချက်မှ မပေးတဲ့အကြောင်း အထွေထွေညီလာခံကပဲ ကိုယ်တွယ်သွားရမယ့်အကြောင်း ဖြေခဲ့ပါတယ်။

ဒီကနေ့မှာတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဗရာဟင်မ် ဂမ်ဘာရီက သူ့ရဲ့ မြန်မာနိုင်ငံ နောက်ဆုံး ခရီးစဉ်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အစီရင်ခံဖို့ရှိပါတယ်။ ပြီးရင်တော့ သတင်းထောက်တွေနဲ့ တွေ့ဆုံရှင်းလင်းမယ့် အကြောင်းလည်း မီရှဲလ် မွန်းတာ့စ်က ပြောသွားပါတယ်။

မြန်မာအစိုးရဟာ လူထုက ရွေးကောက်တင်မြှောက်ထားတာမဟုတ်ဘဲ အာဏာသိမ်းယူပြီး တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ စစ်အစိုးရ ဖြစ်တာကြောင့် တရားမဝင်တဲ့အကြောင်း၊ ဒါ့ကြောင့် ၁၉၉၀ ပြည့်နှစ်မှာ လူထုက ရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေကသာ နိုင်ငံကို တရားဝင်ကိုယ်စားပြုခွင့်ရှိတဲ့အတွက် စစ်အစိုးရရဲ့ ကိုယ်စားပြုမှုကို ဖျက်သိမ်းပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို အသိအမှတ်ပြုဖို့ MPU ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ သမဂ္ဂရဲ့ ဒုဥက္ကဋ္ဌ ဒေါ်စန်းစန်း လက်မှတ်ထိုးပြီး အင်္ဂါနေ့ကပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီ စာပို့ခဲ့တာပါ။

အစောပိုင်းမှာတော့ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရက လက်မှတ်ထိုး တင်သွင်းဖို့ ဒီလှုပ်ရှားမှုကို ဦးဆောင်သူတွေက တင်ပြခဲ့ပေမယ့် NCGUB က လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာကြောင့် MPU အနေနဲ့ပဲ တင်သွင်း ခဲ့ကြတာပါ။

ဒီကိစ္စကို လှုပ်ရှားနေသူတွေကတော့ ဘယ်သူကပဲ လက်မှတ်ထိုး တင်သွင်းသည်ဖြစ်စေ အရေးကြီးတာကတော့ မြန်မာ စစ်အစိုးရ ဟာ နိုင်ငံကို တရားဝင်ကိုယ်စားပြုတဲ့ အစိုးရတရပ်မဟုတ်ဘူးဆိုတာ နိုင်ငံတကာကသိရှိဖို့ပဲဖြစ်ပါတယ်လို့ ပြောကြကြောင်းပါ ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG