သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလဆုံးဖြတ်ချက် စစ်အစိုးရလိုက်နာရန် ဂမ်ဘာရီတိုက်တွန်း


မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးနေတဲ့
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ
အီဘရာဟင်မ် ဂမ်ဘာရီ (Mr. Ibrahim Gambari) ရဲ့ မြန်မာနိုင်ငံခရီးစဉ် မအောင်မြင်
ဘူးလို့ သူ မယူဆတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
(Ban Ki-moon) က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ဒါပေမယ့် မစ္စတာဂမ်ဘာရီက အဲဒီခရီးစဉ်နဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ မနေ့က
ရှင်းလင်းတင်ပြရာမှာ မြန်မာစစ်အစိုးရက ကုလသမဂ္ဂရဲ့ အကြံပြုချက်တွေကို လိုက်နာ
ဆောင်ရွက်တာ မရှိဘူးလို့ တင်ပြပါတယ်။ အကြောင်းစုံကို ဒေါ်ခင်စိုးဝင်းက စုစည်း
တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သူမျှော်မှန်းထားသလို မြန်မာနိုင်ငံမှာ
နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မတွေ့ရလို့ အများနည်းတူ သူလည်း အားမလို အားမရ
ဖြစ်ရတယ်၊ လူ့အခွင့်အရေး တိုးတက်ကောင်းမွန်တာတွေ အပါအဝင် ဘက်ပေါင်းစုံက
ပါဝင်သင့်တဲ့ အဖွဲ့အစည်းတွေ အားလုံးပါဝင်ပြီး အထူးသဖြင့် စစ်အစိုးရအနေနဲ့
ယုံကြည်ကိုးစားထိုက်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေအတွက် ရေရာသေချာတဲ့ ခြေလှမ်း
တွေလှမ်းတာကို တွေ့မြင်လိုတဲ့ဆန္ဒရှိတယ်လို့ မနေ့က ကုလသမဂ္ဂ ဌာနချုပ်မှာကျင်းပ
တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီရဲ့ ခရီးစဉ်
မအောင်မြင်ဘူးလို့ အများက သုံးသပ်ကြတာနဲ့ ပတ်သက်ပြီး မစ္စတာဘန်ကီမွန်းက
အခုလိုပြောပါတယ်။

"မြန်မာနိုင်ငံနဲ့ပတ်သက်ရင် လူတိုင်း အားမလိုအားမရ ဖြစ်နေကြသလိုပဲ ကျနော်လည်း
ဖြစ်ရပါတယ်။ ဒါပေမယ့် မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ် မအောင်မြင်ဘူးလို့တော့ ကျနော်
မယူဆပါဘူး။ သူ့အနေနဲ့ ဖြစ်နိုင်တဲ့ သံရေးတမန်ရေး လမ်းကြောင်းတွေ အားလုံးကနေ
ဆက်မလုပ်တော့ဘဲ သူ့ရဲ့လုပ်ငန်းတွေ ရပ်ပစ်လိုက်ပြီဆိုရင်တော့ ဒါဟာ သူမအောင်မြင်
ဘူးလို့ ပြောရမှာပါ။

"ကုလသမဂ္ဂ အထွေထွေညီလာခံက မစ္စတာဂမ်ဘာရီကို ပေးအပ်ထားတဲ့ တာဝန်
အတိုင်း တိုးတက်အောင်မြင်တဲ့အထိ ကျနော်တို့ ဆက်ကြိုးစားသွားကြမှာပါ။ မနက်ဖြန်
မွန်းလွဲပိုင်းမှာ မြန်မာ့မိတ်ဆွေများ နိုင်ငံတွေရဲ့ အဖွဲ့ဝင်တွေနဲ့ သံအမတ်ကြီးအဆင့်
ဆွေးနွေးပွဲတခု ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံအပေါ် သြဇာညောင်းတဲ့ အဲဒီအဖွဲ့ရဲ့
အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ ကျနော်ဆက်ပြီး ဆွေးနွေးသွားဦးမှာပါ။"

မစ္စတာဘန်ကီမွန်းရဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပနေတဲ့ တချိန်တည်းမှာပဲ သူ့ရဲ့ မြန်မာ
နိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် အီဘရာဟင်မ် ဂမ်ဘာရီကလည်း မြန်မာနိုင်ငံခရီး
စဉ်နဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစီရင်ခံ တင်ပြခဲ့ပါတယ်။

နာဂစ်ဆိုင်ကလုံးမုန်တိုင်းအပြီး ကုလသမဂ္ဂနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့သလိုပဲ
မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာလည်း အလားတူ ပူးပေါင်းဆောင်ရွက်
ဖို့အတွက် မြန်မာစစ်အစိုးရကို သူအကြံပြုခဲ့တယ်လို့ မစ္စတာဂမ်ဘာရီက ပြောပါတယ်။

"မြန်မာအစိုးရက ကျနော့်ရဲ့ခရီးစဉ်ကို လက်ခံခဲ့ပေမယ့် ဒီခရီးစဉ်အတွင်း ကျနော့်ရဲ့
အဆိုပြုချက်တချို့နဲ့ နောက်ဆုံးတခေါက် ခရီးစဉ်အတွင်း ကျနော်အဆိုပြုခဲ့တဲ့ အချက်
တွေကို မျှော်မှန်းထားတဲ့အတိုင်း မြန်မာအစိုးရက ပြည့်မီအောင် ဆောင်ရွက်ဖို့ အတော်
လိုနေပါသေးတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အစိုးရနဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးပြောဆိုဖို့ ဆိုတဲ့အချက်တွေ မလုပ်ဆောင်ခဲ့ပါဘူး။
ဒါကြောင့် ကျနော်တို့ အဓိက စိုးရိမ်မကင်း ဖြစ်ရတာတွေနဲ့ အကြံပြုတာတွေကို မြန်မာ
အစိုးရအနေနဲ့ ဒီအချိန်မှာ မဖြစ်မနေ ဆောင်ရွက်ပေးရပါလိမ့်မယ်။"

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက သူ့ရဲ့ နောက်ဆုံးတခေါက် ခရီးစဉ်
အတွင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော စစ်အစိုးရ
ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ပါ မတွေ့ခဲ့ရလို့ အားလုံး စိတ်ပျက်ကြတဲ့
အကြောင်း ပြောကြတယ်လို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေ
အနေကိုလည်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေအားလုံးက စိတ်ပူနေကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဒီတခေါက် သူ့ကို ဘာဖြစ်လို့ လက်ခံမတွေ့တာလဲလို့
သတင်းထောက်တွေက မေးရာမှာတော့ …

"ရိုးသားစွာဝန်ခံရရင် ဘာကြောင့်မှန်းမသိပါဘူး။ အရင်ခရီးစဉ်တွေမှာ ကျနော်နဲ့
ဆက်ဆံခဲ့တုန်းက ပြောခဲ့တာတွေနဲ့ ကွဲလွဲနေခဲ့ပါတယ်။ ကျနော် ဒေါ်အောင်ဆန်း
စုကြည်နဲ့ ၇ ကြိမ် တွေ့ခဲ့ပြီးပါပြီ။ ခရီးစဉ် ၅ ခေါက်မှာ တခေါက်က ၂ ကြိမ်တွေ့ခဲ့ရပါ
တယ်။ သူနဲ့အစိုးရကြား ဆွေးနွေးကြတဲ့နေရာမှာ ကုလသမဂ္ဂက အချက်အချာကျကျ
ပါဝင်တာကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံထားပါတယ်။ နောက် သုံးပွင့်ဆိုင်
ဆွေးနွေးပွဲ ကျင်းပရေးကိုလည်း လိုလားပါတယ်။

"ကျနော့်ကိုတွေ့ဖို့ ငြင်းတာ၊ သူ့ရှေ့နေကလွဲလို့ ဘယ်သူနဲ့မှ မတွေ့ဖြစ်ဘူးဆိုတာ
ဘာ့ကြောင့်လဲ မသိရပေမယ့် အားလုံးလိုပဲ သူလည်း အားမလိုအားမရ ဖြစ်သင့်တယ်
ဆိုတာ သဘောပေါက်ပါတယ်။ သူ့ကို ဆက်လက်ထိန်းသိမ်းထားတာ ဥပဒေကြောင်း
အရ ခုခံကာကွယ်ဖို့ ကြိုးစားနေတာကိုလည်း ကျနော်တို့ နားလည်ပါတယ်။"

မြန်မာစစ်အစိုးရရဲ့ လက်ရှိအနေအထားကိုရော အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်တွေ၊ စိုးရိမ်မကင်း ဖြစ်ရတာတွေကိုပါ သူ လုံခြုံရေးကောင်စီ
ကို တင်ပြခဲ့တယ်လို့ မစ္စတာဂမ်ဘာရီက ပြောပါတယ်။

"အန်န်အယ်လ်ဒီ အမှုဆောင်လူကြီးတွေနဲ့ ဒုတိယအကြိမ်တွေ့တော့ စစ်အစိုးရနဲ့
ကျနော် ဆွေးနွေးမယ့် ၅ ချက်အနက် ၄ ချက်ကို သူတို့ သဘောတူပေမယ့် ရွေးကောက်
ပွဲအချက်ကို သူတို့ သဘောမတူဘူးလို့ ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲဟာ ဥပဒေ
ကြောင်းအရ တရားမဝင်တာကြောင့် အန်န်အယ်လ်ဒီက လက်မခံဘူးလို့ ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း လက်မခံဘူးဆိုတဲ့ သူတို့ရဲ့အမြင်ကိုလည်း လုံခြုံရေး
ကောင်စီကို တင်ပြထားပြီး ဖြစ်ပါတယ်။

"ဒါပေမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်အရ
ရွေးကောက်ပွဲအတွက် နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေပေးဖို့ တာဝန်ရှိပါတယ်။
ဒါပေမယ့် အဲဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့ အန်န်အယ်လ်ဒီရဲ့ စိုးရိမ်မကင်း ဖြစ်ရတာ
တွေကို အချိန်ကာလ အတိုင်းအတာတခု သတ်မှတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ
အကြား ညှိနှိုင်းဆွေးနွေးနိုင်ကြလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။"

မစ္စတာဂမ်ဘာရီအနေနဲ့ ဒီလုပ်ငန်းစဉ်ကြီးကို ဆက်ပြီးလုပ်ဆောင်နေသေးသရွေ့ သူ့ရဲ့
လုပ်ငန်းတွေ မအောင်မြင်ဘူးလို့ မပြောနိုင်တဲ့အကြောင်း မစ္စတာဂမ်ဘာရီက ဖြေဆို
သွားပါတယ်။ ဒါပေမယ့် မစ္စတာဂမ်ဘာရီ မြန်မာ့အရေး ကြိုးစားနေတာ မအောင်မြင်လို့
တခြားလူတယောက်နဲ့ အစားထိုးနိုင်တယ်ဆိုတဲ့ သတင်းတွေကတော့ ထွက်ပေါ်နေဆဲ
ပါပဲ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG