သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အယူခံမှု မျှော်လင့်ချက်နည်း


ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိန်းချုပ်ကန့်သတ်ထားတာတွေကို ရုပ်သိမ်းဖို့ အယူခံတဲ့
အပေါ် ရှေ့နေဦးကြည်ဝင်းက မျှော်လင့်ချက်ထားနေပါတယ်။ ဒီခံယူချက်အတိုင်း
စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ပဲ လွှတ်ပေးနိုင်တယ်လို့ ထင်ပါသ
လား။ ဦးကြည်ဝင်းရဲ့ ပြောကြားချက်အပေါ် ဦးကျော်ဇံသာက သုံးသပ် တင်ပြထား
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ချုပ်နှောင်ထားတာကို ရုပ်သိမ်းပေးဖို့ အယူခံ
ဝင်တဲ့ကိစ္စ ရှေ့နေကြီး ဦးကြည်ဝင်းက ဒီကိစ္စကို မျှော်လင့်ချက်ထားတယ်လို့ ပြောဆိုပေ
မယ့် ဒါဟာ ဥပဒေကြောင်းသက်သက်ကိုကြည့်ပြီး သွေးရိုးသားရိုး ဆောင်ရွက်ကြမယ်
ဆိုရင် မျှော်လင့်နိုင်ခြင်းဖြစ်တယ်လို့ ပြောတာသာ ဖြစ်ပါလိမ့်မယ်။

ဦးကြည်ဝင်းရဲ့ ပြောကြားချက်ကို အသေးစိတ်ပြန်ကြည့်ရင် ဒီအယူခံကိစ္စမှာ အဖုအထစ်
တွေ ရှေနေသေးတဲ့အကြောင်း ပေါ်လွင်နေတာ တွေ့ရပါတယ်။

"ကျနော်တို့က အယူခံတင်ဖို့ ပြင်တဲ့လူတွေဆိုတော့ ကျနော်တို့ မျှော်လင့်ချက်ရှိတယ်
လို့ပဲ ကျနော် ပြောချင်တယ်။ သိပ်လည်း အစွမ်းကုန်ကြီး ပြောလို့မသင့်ဘူးပေါ့ဗျာ။
အဲတော့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ မျှော်လင့်ချက်ထားတယ်။ အထူးသဖြင့်တော့ ဒီအယူ
ခံမျိုးက သာမန်ပြောရင်တော့ မျှော်လင့်ချက်ဆိုတာမျိုး ထားလို့မရတဲ့ အယူခံမျိုးဗျ။

"ဘာဖြစ်လို့လဲဆိုတော့ အယူခံရမှာက အစိုးရအဖွဲ့၊ Council of Ministers ပေ့ါ၊ အဲဒီကို
အယူခံရမှာ။ အဲတော့ အဲဒီအစိုးရအဖွဲ့ဆိုတဲ့ ပုဂ္ဂိုလ်တွေကပဲ ပုဒ်မ ၁၄ အရ ဒီတားဆီး
အမိန့်ကို တနှစ်ပြီးတနှစ် သူတို့က တိုးပေးနေတဲ့ပုဂ္ဂိုလ်တွေ။ တနည်းအားဖြင့်ပြောရင်
ဒီလိုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေဆီမှာပဲ ကျနော်တို့က အယူခံရမယ်ဆိုတာကြီးက
တော်တော်လေး ပြင်းနေတယ်လို့ ပြောရမှာပေါ့။"

ရှေ့နေကြီး ဦးကြည်ဝင်းကတော့ ဗမာပြည်ထဲကနေပြီး အရေးအကြီးဆုံး အမှုသည်
တယောက်ရဲ့ အတိမ်းအစောင်း လုံးဝမခံနိုင်တဲ့ အမှုကိစ္စတခုကို ဆောင်ရွက်နေရတဲ့
ဥပဒေပညာရှင်တယောက်အနေနဲ့ ပြောသွားတဲ့စကား ဖြစ်ပါတယ်။

ပြင်ပမှာရောက်နေတဲ့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကတော့ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ အယူခံမှု အလားအလာကို အခုလို သုံးသပ်ပါတယ်။

"ပြဋ္ဌာန်းထားတဲ့ နိုင်ငံတော် နှောင့်ယှက်ဖျက်ဆီးသူများ၏ အန္တရာယ်မှ ကာကွယ်
စောင့်ရှောက်တဲ့ ဥပဒေမှာ ပထမဦးဆုံး နိုင်ငံသားတဦး၏ မူလအခွင့်အရေးကို
ကန့်သတ်တာက ဗဟိုအဖွဲ့ဖြစ်ပါတယ်။ အဲဒီဗဟိုအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌ၊
ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးတို့က အဖွဲ့ဝင်အဖြစ်ပါတဲ့ ဗဟိုအဖွဲ့ကနေပြီး
စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလအခွင့်အရေးကို ကန့်သတ်တာဖြစ်တယ်။

"ဒါပေမယ့် အဲဒီလို ကန့်သတ်တဲ့ဥစ္စာ အချိန်ကာလ အပိုင်းအခြား ရှိပါတယ်။ သူတို့
ကန့်သတ်ထားတဲ့ အချိန်ကာလ ကျော်သွားပြီဆိုရင် ဆက်ပြီးတော့ တားမြစ်ကန့်သတ်ဖို့
အတွက် ဗဟိုအဖွဲ့ကို တင်ပြပြီး ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဆက်ပြီးတားမြစ်ရတာဖြစ်တယ်။
အခု ဆက်လက်တားမြစ်ထားတဲ့ကာလက အလွန်ဆုံး ၅ နှစ်ပဲဖြစ်ရမယ်ဆိုတော့ အခု
၅ နှစ်ပြည့်နေပြီဖြစ်တယ်။ အဲဒီ ၅ နှစ်ကာလမှာ တိုးပြီးသတ်မှတ်တဲ့ကာလတွေကလည်း
ဗဟိုအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ကန့်သတ်ခဲ့တာတွေဖြစ်တယ်။

"အခုအယူခံရမယ်ဆိုတာကလည်း ဗဟိုအဖွဲ့ကိုပဲ ပြန်ပြီး အယူခံရမယ်ဆိုတော့ သူတို့
ချမှတ်ထားတဲ့အမိန့်ကို သူတို့ကိုယ်တိုင် ပြန်ဖျက်မလား၊ ဒါကလည်း ကျနော်တို့ သိပ်
မယုံမရဲ ဖြစ်စရာကိစ္စဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ကတော ဒီကိစ္စရပ်မှာ
သိပ်ပြီး မျှော်လင့်ချက်ရှိနိုင်မယ်လို့တော့ မထင်ဘူး။ ဝန်ကြီးအဖွဲ့အနေနဲ့ကလည်း ဒီကိစ္စ
ကို အမှန်တကယ် စေတနာရင်းအမှန်နဲ့ စီမံဆောင်ရွက်ပေးဖို့ ဆန္ဒရောရှိရဲ့လား၊
ဒါကလည်း သံသယဖြစ်စရာဖြစ်တယ်။

"နောက်တခါ ဝန်ကြီးအဖွဲ့ရဲ့ အဆုံးအဖြတ်ကို မကျေနပ်လို့ တရားရုံးချုပ်အထိ
ဆက်တက်ဦးမယ်ဆိုရင်လည်း ကျနော်တို့ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်မှာ တရား
ရုံးချုပ်က ဝန်ကြီးအဖွဲ့ရဲ့အောက်မှာ ရောက်နေတယ်ဆိုတာ သက်သေသာဓက
မြောက်မြားစွာ တွေ့ခဲ့ရပြီးဖြစ်တဲ့အတွက် မျှော်လင့်လို့မရနိုင်တဲ့ အခြေအနေ ဖြစ်နေ
တယ်ဆိုတာ တွေ့နေရပါတယ်။

"တကယ်တမ်းသာ ဥပဒေအတိုင်း စီမံဆောင်ရွက်ပေးမယ်ဆိုရင်တော့ ဒီဥစ္စာက
လျှင်လျှင်မြန်မြန်နဲ့ ဖြစ်သွားဖို့ကောင်းတယ်။ ဒီလောက်ထိလည်း ချုပ်ထားဖို့မလိုဘဲနဲ့
သူတို့ရဲ့ ဥပဒေပါအတိုင်းဆိုရင် ကန့်သတ်ထားတဲ့ အခြေခံမူတွေအရကို အနိမ့်ဆုံး၊
ကာလအတိုဆုံး ချုပ်နှောင်ထားရမယ်ဆိုတာ ဖြစ်တယ်။ အဲဒီ ပုဒ်မပြဋ္ဌာန်းထားတဲ့
အချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဆောင်ရွက်ထားတဲ့အတွက် ဒီဥစ္စာက
မျှော်လင့်ချက် သိပ်မရှိနိုင်ဘူးလို့ ပြောဆိုရခြင်းဖြစ်တယ်လို့ ထင်ပါတယ်။"

အဓိကအားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားတာက နိုင်ငံရေးအရ
ဖမ်းထားတာသာ ဖြစ်ပါတယ်။ ဥပဒေတွေဆိုတာက လူကြားကောင်းအောင်
လျှောက်ပြောနေတာလို့ပဲ ဆိုရပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စဖမ်းတုန်းက
သူမရဲ့လုံခြုံရေးအတွက် ထိန်းသိမ်းထားရတာပါဆိုပြီး ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီးက
ဆိုခဲ့ပါတယ်။

တကယ်တော့ နိုင်ငံခြားရေးဝန်ကြီးတွေကလည်း အာဆီယံလို အစည်းအဝေးကျရင်
ဒေါ်အောင်ဆန်းစုကြည်မေးခွန်းကို ဖြေရမှာ အတော်လေး ရင်လေးပြီးတော့
ကြောက်ရွံ့နေကြပုံ ပေါက်ပါတယ်။ သူတို့ခမျာ မင်းတို့ ဘယ်လိုပြောခဲ့ဆိုတာ အထက်က
တိတိကျကျ ညွှန်ကြားချက်လည်း ပါလာခဲ့ပုံ မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို တကယ်ဖမ်းထားရမလား၊ လွှတ်ပေးရမလားဆိုတာ အဓိက
အဆုံးအဖြတ်ပေးရမယ့်လူကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အာဏာရှင်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG