ထိုင်းနိုင်ငံမှာ ၀န်ကြီးချုပ်သစ် ရွေးချယ်ရေးအတွက် ၀န်ကြီးချုပ်ဟောင်း ဆမတ် ကို လက်ရှိ အာဏာရပါတီက အမည်စာရင်း ပြန် တင်သွင်းတာကို ရုတ်သိမ်းလိုက်ပြီ ဆိုပြီး ထိုင်းလက်ရှိ အာဏာရ ပြည်သူ့အာဏာပါတီ (PPP) က ပြောပါတယ်။ ဒီနေ့ စောစောပိုင်းကတော့ ပီပီပီ ပါတီက မစ္စတာ ဆမတ် ကိုပဲ ၀န်ကြီးချုပ်အဖြစ် ပြန်ပြီး တင်သွင်းခဲ့တဲ့အတွက် အစိုးရညွှန့်ပေါင်း အဖွဲ့ဝင် ကျန်တဲ့ ငါးပါတီက ကန့်ကွက်ခဲ့သလို ပါလီမန်မှာ ၀န်ကြီးချုပ်သစ် မဲပေးရွေးချယ်မယ့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်း နဲ့ပတ်သက်လို့ နောက်ဆုံးအခြေအနေကို ဘန်ကောက်မြို့ကနေ Kate Pound Dawson နဲ့ Ron Corben တို့ သတင်းပေးပို့ထားတဲ့အတိုင်း ကိုသိန်းထိုက်ဦး က တင်ပြထားပါတယ်။
လောလောလတ်လတ် ၀န်ကြီးချုပ် ရာထူးကို စွန့်ခဲ့ရတဲ့ မစ္စတာ ဆမတ် ကို နောက်တကြိမ် ထိုင်းနိုင်ငံရဲ့ ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ဖို့ လက်ရှိ အာဏာရ ပြည်သူ့အာဏာပါတီ ပီပီပီ က အမည်စာရင်း တင်သွင်းခဲ့ပါတယ်။ ဒီကိစ္စကို မဲခွဲဆုံးဖြတ်ဖို့ ဒီနေ့ ပါလီမန်မှာ အစည်းအဝေး ကျင်းပခဲ့ပါတယ်။ အစည်းအဝေး က နာရီဝက်တောင် မကြာပါဘူး။ ထိုင်း လွှတ်တော်သဘာပတိ ချိုင်း ချိတ်ဒ်ချော့်ဘ် က ရုတ်တရက် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပြီလို့ ကြေညာပါတယ်။
ပါလီမန်မှာ တက်ရောက်တဲ့အရေအတွက် အလုံအလောက် မရှိတဲ့အတွက် ၀န်ကြီးချုပ်သစ် ရွေးချယ်ရေး ဟာ နှောင့်နှေးကြံ့ကြာဦးမယ်လို့ ထိုင်း လွှတ်တော် သဘာပတိက ပြောဆိုသွားတာပါ။
ဒီလို ရွှေ့ဆိုင်းလိုက်ပြီးတဲ့နောက် ရှေ့လာမယ့် သတင်းပတ် ဗုဒ္ဓဟူးနေ့မှာ ၀န်ကြီးချုပ်သစ်ကို ပါလီမန်မှာ မဲခွဲဆုံးဖြတ်ဖို့ စီစဉ်ထားပါတယ်။
ထိုင်း ၀န်ကြီးချုပ်ဟောင်း ဆမတ် ကို ၀န်ကြီးချုပ်အသစ်အဖြစ် ရွေးချယ်ရေး အမည်စာရင်း တင်သွင်းတာကို ထိုင်း အစိုးရ ညွှန့်ပေါင်း အဖွဲ့ထဲက ပါတီ ငါးပါတီက ကန့်ကွက်ပါတယ်။ ဒီလို ညွှန့်ပေါင်း အစိုးရအဖွဲ့ ပါတီတွေတင် မဟုတ်ပါဘူး၊ ထိုင်း လက်ရှိ အာဏာရပါတီထဲက အနည်းဆုံး အဖွဲ့ဝင် ၇၀ လောက်ကလည်း ကန့်ကွက်ပါတယ်။ ဒီလို မစ္စတာ ဆမတ် ကိုပဲ ၀န်ကြီးချုပ်အဖြစ် ပြန်လည်ရွေးချယ်မယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်းတွေ ပိုပြီး ဆိုးလာမှာကို စိုးရိမ်ပြီးတော့ အခုလို ကန့်ကွက်ကြတာပါ။
အတိုက်အခံ ဒီမိုကရက် ပါတီက ပါလီမန်အမတ်တဦးဖြစ်တဲ့ Kraisak Choonhavan ကတော့ လက်ရှိ ထိုင်းနိုင်ငံကို ဆန့်ကျင် ဆန္ဒပြနေကြတဲ့ သူတွေဟာ အာဏာရ ပီပီပီ ပါတီက ဘယ်သူ့ကို ၀န်ကြီးချုပ်အဖြစ် နောက်ထပ် အမည်စာရင်း ထပ်တင်မယ်ဆိုတာကို စောင့်ကြည့်နေကြတယ်လို့ ပြောပါတယ်။
လောလောဆယ် အခြေအနေမှာ အခြေအနေက ရှုပ်ထွေးမှုတွေ ရှိလာနေပါတယ်။ အာဏာရ ပီပီပီ ပါတီ ထဲမှာလည်း ဒီကိစ္စက သဘောထား ကွဲလွဲမှုတွေ ပေါ်လာနေတာက အဓိက အချက်တခုပါ။ ဒီနေ့ ၀န်ကြီးချုပ်သစ် ရွေးချယ်ရေး ပါလီမန် အစည်းအဝေး မအောင်မြင်ခဲ့တဲ့ ရလဒ်လို့လည်း ပြောရပါလိမ့်မယ်။
ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အကျပ်အတည်း တွေကြားမှာ ထိုင်း စီးပွားရေး ထိခိုက်ခဲ့ရတာတွေ ရှိပြီး၊ အထူးသဖြင့် ထိုင်းနိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသည်လုပ်ငန်း ထိခိုက်ခဲ့ရတာတွေကြောင့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအ၀ိုင်းက အခြား ၀န်ကြီးချုပ် အသစ်တယောက်ကိုပဲ အမည်စာရင်း တင်သွင်းဖို့ ပီပီပီ ပါတီကို တိုက်တွန်းနေပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက လက်ရှိ အာဏာရ ပီပီပီ ပါတီဟာ လာဘ်ပေးလာဘ်ယူမှု တွေနဲ့ ရုံးတင်စစ်ဆေးခံနေရတဲ့အချိန် ဗြိတိန်နိုင်ငံကို ထွက်ပြေးသွားတဲ့ ၀န်ကြီးချုပ်ဟောင်း တက်ခ်ဆင် ရှင်နာဝတ် အတွက် လုပ်ကိုင်ဆောင်ရွက်ပေးနေတယ်လို့ ပြောဆိုနေပါတယ်။
မစ္စတာ တက်ခ်ဆင် က သူဟာ အပြစ်မရှိဘူးလို့ ငြင်းဆိုထားသလို ထိုင်းရဲ့ တရားရေးစနစ်မှာ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။ အခု ၀န်ကြီးချုပ်ဟောင်း ဆမတ် ကိုပဲ ၀န်ကြီးချုပ်ပြန်ခန့်ဖို့ ကိစ္စကို မစ္စတာ တက်ဆင်ကပဲ ပီပီပီ ပါတီကို တိုက်တွန်းထားတာ ဆိုပြီးတော့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၇ နှစ် ၂၀၀၁ ခုနှစ်က မစ္စတာ တက်ခ်ဆင်ကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ခဲ့ပြီး ကတည်းက အကြီးအကျယ် သဘောကွဲလွဲမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ မစ္စတာ တက်ခ်ဆင်ရဲ့ လယ်သမားတွေကို ထောက်ပံ့ရေး နဲ့၊ စရိတ်နည်းနည်းနဲ့ ပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တဲ့ မူတွေကြောင့် ဆင်ခြေဖုံးနေ ဆင်းရဲသား လက်လုပ်လက်စားပြည်သူတွေ အများစုက ထောက်ခံခဲ့ကြပါတယ်။ အခု မစ္စတာ ဆမတ် ကို ထောက်ခံခဲ့သူတွေဟာလည်း အရင်က မစ္စတာတက်ခ်ဆင်ကို ထောက်ခံခဲ့တဲ့ လက်လုပ်လက်စားပြည်သူတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံရဲ့ အလယ်လတ်တန်းစား လူတန်းစားတွေ ကတော့ မစ္စတာ တက်ခ်ဆင်ဟာ အာဏာရှင်ဆန်ပြီး လာဘ်စားမှုတွေ ကျုးလွန်ခဲ့တယ်လို့ ပြောဆို စွပ်စွဲပါတယ်။ မစ္စတာ တက်ခ်ဆင်ဟာ ၂၀၀၆ ခုနှစ် က ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီး ရာထူးက ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။