သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုက်မုန်တိုင်းဘေး ကယ်ဆယ်ရေး ကိုယ်တွေ့ပြောပြချက်များ


အခု အိုက် ဟာရီကိန်း မုန်တိုင်းဒဏ်ခံရတဲ့ ဟူစ်တန်မြို့က နောက်ဆုံးအခြေအနေကို သိရအောင် အဲဒီမြို့မှာ နေထိုင်တဲ့ ဦးမောင်မောင်သန်းကို မသင်းသီရိ က ဆက်သွယ်မေးမြန်းထားပါတယ်။ ဟူစတန်မြို့က နောက်ဆုံး အခြေအနေကို ဦးမောင်မောင်သန်းက အခုလိုပြောပြပါတယ်။

“လောလောဆယ်ကတော့ ရေမြှုပ်တဲ့အဆင့်အထိ မရှိတော့ သူတို့အနေနဲ့ ဒုက္ခရောက်တဲ့ သူတွေကို စုတဲ့နေရာတော့ မကြားဖူးပါဘူးလေ။ ဒါပေမယ့် မုန်တိုင်းက ဂယ်လ်ဗက်စတန် ပေါ့လေ။ ဟူစ်တန် နဲ့ မိုင် လေး-ငါး ရာဝေးတဲ့ ကမ်းခြေ ကို
ဝင်တဲ့အခါမှာ ဟူစတန်မှာရှိတဲ့ အုပ်ချုပ်ရေးမှူး ကနေပြီးတော့ ဟူစ်တန်ကနေ မထွက်ဖို့ အိမ်ထဲမှာပဲ နေဖို့ ဆိုပြီးတော့ ရေဒီယို ကနေ သတိပေးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထွက်ရင်လည်း အန္တရာယ် ရှိလို့ပါ။ လောလောဆယ်တော့ ကျနော်တို့ ရုံးတွေကလည်း ပိတ်မယ်မပိတ်ဘူး ဆိုတာ ဘာမှ မကြေညာသေးဘူးပေါ့လေ။ တနင်္လာနေ့ လောက်မှ သိမယ်။ အကယ်၍များ ရုံးပြန်ဖွင့်ခဲ့လို့ မီးမလာသေးဘူး ဆိုရင် ကျနော်တို့က ဒီမြို့ကနေပြီးတော့ မီးစက်တွေ နဲ့၊ ဒီမှာကတော့ ပစ္စည်းတွေက ပေါတော့ - မီးစက်နဲ့ ရေခဲသေတ္တာ လည်လို့ ရမယ်။ နောက် ဂက်စ်အိုး မီးဖို နဲ့ ထမင်းချက်လို့ ရမယ်ပေါ့လေ။ အဲဒီလိုတော့ ကျနော် စီစဉ်ထားပါတယ်။”

မုန်တိုင်း တိုက်ခိုက်စဉ်အတွင်းနဲ့ မုန်တိုင်းလွန်ကာလ တွေအတွက် သက်ဆိုင်ရာ ဒေသခံ အရာရှိတွေက လုပ်ပေးနေတယ် ဆိုပေမယ့် တချို့ကိစ္စတွေမှာတော့ ပြင်ဆင်မှုတွေ အဆင်သင့်မဖြစ်သေးတာမို့ ပြဿနာအခက်အခဲ ရှိတယ်လို့ ပြောပါတယ်။

“ဒီမှာက ကျနော်တို့ အစိုးရက ဖွဲ့စည်းထားတဲ့ ကယ်ဆယ်ရေးအဖွဲ့ ရှိပါတယ်။ အဲဒီ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ National Guards တွေနဲ့ ပေါင်းပြီးတော့ အရင်အတိုင်းပဲပေါ့။ သူတို့မှာ အစီအစဉ် အေ၊ ဘီ၊ စီ ဆိုတာ ရှိပြီးတော့ အဲဒီအတိုင်းတော့ လုပ်နေတယ်လို့ ကျနော်တို့ ကြားပါတယ်။ ဟူစ်တန်မှာတော့ ကျနော်တို့ အားကစားရုံ တို့၊ ကျောင်း တို့ကတော့ အရေးပေါ် ဆိုရင် အဲဒါတွေ အားလုံးကတော့ အမြဲတမ်း ကျနော်တို့ အဆင်သင့် ရှိပါတယ်လေ။ ဒါပေမယ့် လောလောဆယ်ကတော့ မုန်တိုင်းက ရေတက်တယ်။ ဘာပဲဖြစ်ဖြစ် အားလုံးက အိမ်ပြိုတဲ့အဆင့် မရောက်တော့ တော်တော်များများ က ကိုယ့်အိမ်မှာပဲကိုယ် နေကြပါတယ်။ မီးမရှိတာ တခုပေါ့လေ။ ဓါတ်ဆီဆိုင်တွေမှာလည်း ဆီ မရှိဘူးပေါ့လေ။ ဆီ သည်တဲ့ကား မလာတော့။ မြန်မာအသိုင်းအဝိုင်းကတော့ အိမ်ခါ တယ်ပေါ့လေ။ အိမ်တွေ လဲ တယ်။ ကျနော်တို့ ဒီမှာလည်း မြန်မာဒုက္ခသည်တွေ ရှိတယ်လေ။ သူတို့ကိုလည်း ကျနော် ဆက်သွယ် မေးကြည့်တဲ့အခါမှာ သူတို့ ကားရပ်တဲ့နေရာတွေမှာ ရေတွေ မြှုပ်တယ်တဲ့။ သူတို့နေတဲ့ တိုက်ခန်းတွေ အပေါ်ထပ်တွေ ကတော့ ခေါင်းမိုးတွေ အမိုးလံ ပြီးတော့ ရေယိုတယ်ပေါ့လေ။ ဒါပေမယ့် ကျနာ်တို့ မြန်မာအသိုင်းအဝိုင်းမှာတော့ ဒုက္ခရောက်တဲ့သူတော့ ကျနော်တို့ မကြားပါဘူး။”

ဟူစ်တန်မြို့က ဦးမောင်မောင်သန်း ပြောပြတာပါ။ မြန်မာပြည်ကနေ ဟူစ်တန်မြို့က သားသမီး မြေးမြစ်တွေဆီ အလည်လာနေတဲ့ ရန်ကုန်မြို့ က ဆရာဝန်ကြီး တဦးကတော့ မုန်တိုင်း တိုက်ခတ်မယ် ဆိုတဲ့အတွက် မိသားစုနဲ့ အတူ ဂျော်ဂျီယာပြည်နယ်ဖက်ကို တိမ်းရှောင်နေရပြီး သူ့ရဲ့ မုန်တိုင်းအတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“ကြိုတင် ကြေညာတာကတော့ ၂ ရက် ၃ ရက် ကြေညာနေတာပဲ။ ဒါပေမယ့် တချို့လည်းပဲ Evacuate (ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်း) မလုပ်ဘူး၊ ဟိုတုန်းက မုန်တိုင်း ၂ ခု ၃ ခုမှာလည်း Evacuate လုပ်ပြီးတော့ နောက်ပိုင်းကျတော့ သိပ် မဖြစ်တော့ တချို့ကလည်း မယုံဘူးပေါ့လေ။ မယုံလို့ နေခဲ့ကြတာပေါ့။ အခု ပြန်ပြီး မေးကြည့်တော့လည်း ဒီလောက်ကြီးတော့လည်း မများဘူး ပြောတာပဲ။ အဲဒီ ဂယ်လ်ဗက်စတန် တို့ဘာတို့တော့ တော်တော် ဖြစ်တာကို တွေ့နေရတာပဲ။ ကြိုတင်ပြင်ဆင်မှု အနေနဲ့ကတော့ ဒီမှာကတော့ လွန်ခဲ့တဲ့ ၁ ပတ်လောက်ကတည်းက မုန်တိုင်းလာနေတာကို ဆက်တိုက် တွေ့နေရတယ်လေ။ အုပ်ချုပ်ရေးမှူးကနေ ပြီးတော့မှ နီးလာတဲ့အခါကျတော့ ဟူစ်တန်ကို တိုက်ရိုက် လာတော့မယ်။ အဲဒီတော့ လာတဲ့အချိန်မှာ သူ့ရဲ့ တိုက်တဲ့အားက ဘယ်လောက်၊ ရေအမြင့် အင်အားက ဘယ်လောက် အဲဒီလိုမျိုး ကြေညာပြီးတော့ အားလုံးကို Evacuate လုပ်ဖို့ တောင်းပန်တာပဲ။ အဲတော့ ကျနော်တို့ကလည်း ကျနော့် သမီးတို့ သားမတ် တို့နဲ့ ထွက်လာတာပဲ ဖြစ်တယ်။ အကြောင်းကြားထားတယ်၊ နောက်ပြီးတော့ ဘက်စ်ကား အစီး ၁,၃၀၀ လောက်ကို အဆင့်သင့် လုပ်ထားတယ်။ ကိုယ်တိုင် Self-evacuation မလုပ်နိုင်တဲ့သူတွေကို သူတို့ သတ်မှတ်ထားတဲ့နေရာမှာ သွားပြီး ကားလာစီးဖို့ ပြောတယ်။ တကယ်လို့များ Evacuate မလုပ်တဲ့သူက မလုပ်တဲ့သူရဲ့ တာဝန် ဖြစ်တယ်လို့ သူတို့ ကြေညာတယ်။ ဒီကြားထဲက မပြေးတဲ့သူလည်း ရှိပါတယ်။ ပြီးတော့ နောက်ဆုံး သူတို့ ပြည်နယ် အစိုးရ ကြေညာတာ ကြားလိုက်ရတာကတော့ သိပ်ပြီးတော့ နောက်ကျပြီး ရွှေ့ပြောင်းတဲ့သူတွေကို ကယ်ဆယ်ဖို့ကတော့ အခွင့်အလမ်း သိပ်နည်းတယ်တဲ့။ ဒီကြားမှာ သူတို့ ဟယ်လီကော်ပတာတွေလည်း မလွယ်ဘူးတဲ့။ ဘယ်လောက်အထိ ကြီးမယ် ဆိုတာ ကိုယ်လည်း မသိဘူးလေ။ ဘယ်လောက်လောက် ပျက်ဆီးတယ် ဆိုတာ ကျနော်တို့လည်း မသိဘူးလေ။ တီဗွီ က လာနေတာတော့ စောင့်ကြည့်နေရတုန်း။ ဒါပေမယ့် အသေအပျောက် ကတော့ မနေ့ညက ကြေညာတာတော့ သုံးယောက်တော့ သေသွားတယ် ပြောတာပဲ။”

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ မေလက နာဂစ် ဆိုင်ကလုန်း တိုက်ခိုက်ခဲ့တာမို့ အခု သူ တွေ့ကြုံနေရတဲ့ ဟာရီကိန်း အိုက်နဲ့ နာဂစ်မုန်တိုင်း အခြေအနေကို ပျက်ဆီးဆုံးရှုံးမှု အတိုင်းအတာကို အခုလို နှိုင်းယှဉ်ပြပါတယ်။

“ဒီမှာကတော့ အပျက်အဆီးကတော့ ရန်ကုန်လောက် မများဘူး ထင်တယ်။ မြစ်ဝကျွန်းပေါ်နဲ့ ရန်ကုန်ကတော့ အရမ်းများတာပေါ့။ ရွာတွေဘာတွေ မြှုပ်တာ တွေ့တယ်။ ဒီမှာကတော့ အဲဒီလောက်ကြီးတော့ ကျနော် မတွေ့ဘူး။ မြန်မာနိုင်ငံကတော့ အားလုံး သိတဲ့အတိုင်းပဲလေ။ လမ်းတွေ ဘာတွေ အကုန် ပိတ်သွားတယ်။ သစ်ပင်တွေ အကုန် ပြိုကျတယ်။ ဒီမှာလည်းပဲ ဓါတ်တိုင်ကတော့ မြန်မာပြည်လောက် မလဲဘူး၊ သစ်ပင်ကတော့ တော်တော်လေးတော့ ကျိုးနေတာ တွေ့တာပဲ။ မုန်တိုင်းကတော့ ဒီမှာက ဝင်တဲ့အချိန်မှာတော့ အဆင့် (၂) နဲ့ ဝင်တယ် ထင်တယ်။ မြန်မာပြည်ကတော့ ၁၂၅ မိုင်နှုန်း နဲ့ဆိုတော့ အဆင့် (၃) လောက်မှာ ရှိမယ်။ မြစ်ဝကျွန်းပေါ်မှာ ရှိတဲ့သူတွေကတော့ မသိဘူးပေါ့လေ။ ကျနော်တို့ ရန်ကုန်လူထု အနေနဲ့တော့ သိပါတယ်။ မြန်မာပြည်နဲ့တော့ အခြေအနေ က မတူဘူး။ မြန်မာပြည်ကတော့ ရွာလေးတွေ ဆိုတော့ ကမ်းနားမှာရှိတဲ့ တဲလေးတွေ ဆိုတော့ ရေကလည်း ပေ ၂၀ လောက် တက်လာတော့ အားလုံး မြှုပ်သွားတာပေါ့လေ။ ဒီမှာကတော့ ရေက ကမ်းနားမှာ ၂၀ လောက် တက်ပါတယ်။ ဒါပေမယ့် အဲဒီမှာတော့ မြန်မာပြည်လို တဲလေးတွေ ရှိတာလည်း မဟုတ်။ တိုက်တွေကလည်း အမြင့်ကြီး ဆိုတော့ မြန်မာပြည်လောက်တော့ မဖြစ်ဘူး ထင်တာပဲ။”

မြန်မာပြည်ကနေ ဟူစ်တန်မြို့ကို ရောက်နေတဲ့ မြန်မာနိုင်ငံက ဆရာဝန်ကြီးတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG