သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း ယာယီ အစိုးရက အရေးပေါ် အုပ်ချုပ်ရေးကို ပြန်လည် ရုပ်သိမ်း


ထိုင်းနိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေ ပေါ်ပေါက်ပြီးတဲ့နောက် အရေးပေါ် အုပ်ချုပ်ရေး ဥပဒေ ပြဋ္ဌာန်းထားတာကို အခုအခါမှာ အစိုးရက ပြန်လည် ရုပ်သိမ်းလိုက်ပါပြီ။ အတိုက်အခံတွေရဲ့ တောင်းဆို ဆန္ဒပြမှုတွေကြားက ဝန်ကြီးချုပ်ဟောင်း ရာထူးက ဆင်းပေးခဲ့ရသလို၊ ဒီလို အရေးပေါ် အခြေအနေတွေကို ပြန်လည် ရုပ်သိမ်းလိုက်လို့ အခြေအနေ တချို့ တည်ငြိမ်သလို ရှိလာခဲ့ပေမယ့်လည်း ဒါဟာ နိုင်ငံရေး ပြဿနာတွေ အဆုံးသတ် ပြေလည်သွားမယ့် လက္ခဏာတော့ မဟုတ်သေးဘူးလို့ နိုင်ငံရေး အကဲခတ်တွေက ရှုမြင်နေကြဆဲပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ထိုင်း အိမ်စောင့်အစိုးရရဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားတဲ့ မစ္စတာ ဆွန်မ်ချိုင်း ဝေါင်ဂ်ဆဝတ် (Somchai Wongsawat) က အရေးပေါ် အုပ်ချုပ်ရေး ကြေငြာထားတာကို အဆုံးသတ်လိုက်တဲ့ အကြောင်းနဲ့ နိုင်ငံရေး ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အားလုံးက ဝိုင်းဝန်း ဖြေရှင်းကြဖို့ ဒီကနေ့ပဲ ဘန်ကောက်မြို့မှာ ပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့ ရက်တွေအတွင်း ဆန္ဒပြသမားတွေက ထွက်ပေးဖို့ တောင်းဆိုနေတဲ့ ဝန်ကြီးချုပ်ဟောင်း ဆမတ် ဆွန်ဒရာေ၀ နှုတ်ထွက် သွားတာ၊ အခုလ ၂ ရက်နေ့ကတည်းက ကြေငြာထားခဲ့တဲ့ အရေးပေါ် အခြေအနေတွေ ရုပ်သိမ်း လိုက်တာတွေကြောင့် လတ်တလော အခြေအနေတွေဟာ အေးဆေးသယောင် ရှိနေတယ်လို့လည်း ထိုင်းနိုင်ငံက သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဒါတွေဟာ လနဲ့ချီ ဖြစ်နေတဲ့ ထိုင်းနိုင်ငံရေး ပြဿနာတွေ အဆုံးသတ်သွားပြီလို့တော့ မမှတ်ယူနိုင်ကြောင်း ထိုင်းနိုင်ငံက နိုင်ငံရေး အကဲခတ် တဦးဖြစ်တဲ့ ကိုဝင်းမင်း က ဆိုပါတယ်။

“စစ်တပ်ရဲ့ အရေးပေါ် ဥပဒေကို စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်းလိုက်တာက အဓိက အချက် ၂ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ တချက်က လက်ရှိအစိုးရအနေနဲ့ နိုင်ငံတကာက နိုင်ငံရေး ဧည့်သည်တွေ လာတာ နည်းသွားတဲ့အတွက် နိုင်ငံခြား ဧည့်သည်တွေ ပြန်လာနိုင်ဖို့ နိုင်ငံရေး တည်ငြိမ်သွားတာကို ပြချင်တဲ့အတွက် အခုလိုမျိုး မြန်မြန်ဆန်ဆန် စစ်ဥပဒေကို ရုပ်သိမ်းလိုက်တဲ့ သဘောရှိပါတယ်။ နောက်တခုက စစ်တပ်အနေနဲ့က လက်ရှိပြဿနာကို နိုင်ငံရေးအရ အဖြေရှာစေချင်တဲ့အတွက် စစ်ဥပဒေ ထားထား တာကို သူကိုယ်တိုင်က မကျေလည်တဲ့ သဘောရှိပါတယ်။ အဲဒီ နှစ်ခုအောက်မှာ စစ်ဥပဒေ လတ်တလော ရုပ်သိမ်းသွားတာ ဖြစ်တဲ့အတွက် ပြဿနာတွေ ပြေလည်သွားပြီလို့တော့ ချက်ချင်းပြောရ ခက်ပါသေးတယ်။ ဆိုးလာဖို့ အလားအလာ ရှိနေသေးတယ်လို့ သုံးသပ်ကြည့်လို့ ရပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဏာရ ပီပီပီ ပါတီအနေနဲ့က ပြန်စာရင်းတင်သွင်းတဲ့ ဝန်ကြီးချုပ်အသစ်က အထူးသဖြင့် ဝန်ကြီးချုပ် တက်ဆင်နဲ့ အရမ်းနီးစပ်ပြီးတော့ ပီပီပီ ပါတီမှာ ဝန်ကြီးချုပ် တက်ဆင်ရဲ့ ကြိုးဆွဲမှုကို ခံရတဲ့သဘော နောက်ကွယ်ကနေပြီးတော့ ထောက်ခံမှုပေးတဲ့သဘောမျိုးရှိတယ်ဆိုရင်တော့ တော်တော်များများကတော့ ကျေနပ်ကြမှာ မဟုတ်ဘူးလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ အထူးသဖြင့် ဆန္ဒပြသူတွေ အနေနဲ့ကလည်း ပီပီပီ ပါတီက ဘယ်သူပဲ တက်လာတက်လာ ဆန္ဒပြမယ်ဆိုတော့ ကျွန်တော့် အမြင်ကတော့ ပြဿနာတွေ လုံးဝဖြေရှင်းသွားလိမ့်မယ့် အနေအထားမျိုးကတော့ ကျွန်တော့်အနေနဲ့ မတွေ့ရသေးပါဘူး။”

လတ်တလောမှာတော့ လက်ရှိ ဝန်ကြီးချုပ်တာဝန်ယူထားတဲ့ မစ္စတာ ဆွန်မ်ချိုင်း က သူ့ရဲ့ ပြည်သူ့အာဏာပါတီ (PPP) ထဲက ကျန် ၂ ယောက်ထက် အသာရနေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (PAD) က ဒီပါတီထဲက ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုရင် လက်မခံနိုင်ဘူးဆိုပြီး သတိပေးထားတာတွေ ရှိနေသလို ဝန်ကြီးချုပ်သစ် အဖြစ် ရွေးချယ်ဖို့ ထိပ်ကပြေးနေတဲ့ မစ္စတာ ဆွန်မ်ချိုင်း ကိုယ်တိုင်ရဲ့ နိုင်ငံရေး နောက်ခံအရ လက်မခံနိုင်ဖွယ်ရာတွေ ရှိနေလို့ ပြဿနာတွေ အေးသွားစရာ မမြင်ရသေးဘူးလို့လည်း ကိုဝင်းမင်း က ယူဆပါတယ်။

“သူကိုတော့ တော်တော်များများ အထူးသဖြင့် ဆန္ဒပြတဲ့သူတွေအတွက်ဆိုရင် ဝန်ကြီးချုပ် တက်ဆင်နဲ့ အရမ်းနီးစပ်တယ်လို့ ယူဆကြမှာဖြစ်တယ်၊ ယုံကြည်ကြမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဝန်ကြီးချုပ်ဟောင်း တက်ဆင်ရဲ့ ညီမကို ယူထားတဲ့ ယောက်ဖဖြစ်နေတာကိုး။ သူ့အနေနဲ့က တော်တော်လေး နီးစပ်မှုရှိနေတဲ့အတွက် ဝန်ကြီးချုပ်ဟောင်း ဆမတ်ကို ဆန္ဒပြတဲ့ ရည်ရွယ်ချက်ကလည်း ဝန်ကြီးချုပ်ဟောင်း တက်ဆင်နဲ့ နီးစပ်ခဲ့တဲ့အတွက် ဖြစ်တာကြောင့် ဆန္ဒပြပွဲတွေက ပိုပြီး ဆက်ပြီး ဖြစ်နေဖို့ များပါတယ်။ ပြဿနာတွေ ပြေလည်သွားဖို့ အလားအလာ နဲပါတယ်။ ဒါပေမယ့် မစ္စတာ ဆုံချိုင်းအနေနဲ့က အရင် တရားသူကြီး လုပ်ခဲ့စဉ်ကာလက မှတ်တမ်းကောင်းခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်ဟောင်း တက်ဆင် အာဏာရလာပြီးတဲ့နောက် တရားရေး ဝန်ကြီး ဌာနမှာ ပိုပြီးတော့ အရေးပါတဲ့ နေရာကနေ လုပ်လာရတဲ့အတွက် အဲဒီကာလမှာတော့ ဝန်ကြီးချုပ် တက်ဆင်နဲ့ နီးစပ်ခဲ့တဲ့အတွက် အများစုကတော့ သူ့ကို ဝန်ကြီးချုပ် တက်ဆင်နဲ့ နီးစပ်ခဲ့တယ်လု့ိ သုံးသပ်ကြမှာဖြစ်ပါတယ်။”

ရာထူးက ပြုတ်ကျသွားတဲ့ ဝန်ကြီးချုပ်ဟောင်း ဆမတ် ရဲ့ နေရာကို အစားထိုးဖို့ အတွက်ကိုတော့ လက်ရှိ ညွန့်ပေါင်း အစိုးရက ဒီတပတ်ထဲမှာပဲ ရွေးချယ် အမည် စာရင်းတင်သွင်းရမှာ ဖြစ်ပြီးတော့ လာမယ့် ဗုဒ္ဓဟူးနေ့ကျရင် လွှတ်တော်ထဲမှာ မဲခွဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ဖို့ ဖြစ်ပေမယ့် (PPP) ပါတီက မစ္စတာ ဆမတ် ကိုပဲ နောက်ထပ် အမည်စာရင်း တင်သွင်းခဲ့ရာက ကန့်ကွက် သပိတ်မှောက်မှုတွေ ဖြစ်ခဲ့အပြီး အခုလို နောက်တကြိမ် ရွေးချယ်ဖို့ ဖြစ်လာခဲ့တာပါ ခင်ဗျာ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG