သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်စီးပွားရေး ခိုင်မာဆဲဟု သမ္မတဘုရှ် ယုံကြည်


အမေရိကန်ပြည်ထောင်စုရဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ်
အကြီးဆုံးဖြစ်တဲ့ လီမန် ဘရားသားစ် (Lehman
Brothers) ကုမ္ပဏီကြီး ဒေ၀ါလီခံခဲ့ရလို့ မနေ့က
ဝေါလ်စထရိ (Wall Street) အစုရှယ်ယာဈေးကွက်
ကမောက်ကမ ဖြစ်ခဲ့ရတာကြောင့် သမ္မတဘုရှ်
(Bush) က အမေရိကန် ဘဏ္ဍာရေးဈေးကွက်
အတွက် စိတ်အေးရအောင် ဆောင်ရွက်နေပါတယ်
လို့ အမေရိကန်လူထုကို ချွေးသိပ်လိုက်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ ဗွီအိုအေ အိမ်ဖြူတော်
သတင်းထောက် ပေါ်လာဝုဖ်ဆင် (Paula
Wolfson) သတင်းပေးပို့ထားတာကို ဒေါ်ခင်စိုးဝင်းက တင်ပြပေးထားပါတယ်။

အခုနောက်ဆုံး ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု သတင်းတွေက ကမောက်ကမဖြစ်နေပေ
မယ့် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးကတော့ တောင့်တင်းနေဆဲပါပဲလို့ သမ္မတ
ဘုရှ်က ပြောပါတယ်။ ရေတို အခိုက်အတန့်မှာတော့ ဘဏ္ဍာရေးဈေးကွက်ကြောင့်
အတော်လေး နစ်နာကြရမှာ ဖြစ်ပါတယ်။ အဲဒီကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားကြသူ
တွေရော၊ ကုမ္ပဏီရဲ့ ၀န်ထမ်းတွေပါ ထိခိုက်နစ်နာကြရမှာပါ။ ရေရှည်မှာတော့
အမေရိကန်ပြည်ထောင်စုရဲ့ မတည်ရင်းနှီးမြှုပ်နှံတဲ့ဈေးကွက်ဟာ ပျော့ပြောင်းတယ်၊
ခံနိုင်ရည်ရှိတယ်၊ အခုရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကိုလည်း ကိုင်တွယ်
ဖြေရှင်းနိုင်တယ်လို့ သမ္မတဘုရှ်က ချွေးသိပ်လိုက်ပါတယ်။

အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတခုဖြစ်တဲ့ လီမန် ဘရားသားစ် ကုမ္ပဏီကြီး
ဒေ၀ါလီခံလိုက်ရတဲ့အချိန်မှာ နောက်ကုမ္ပဏီကြီးတခုဖြစ်တဲ့ မာရယ်လ်လင့်ခ်ျ (Merrill
Lynch) ကုမ္ပဏီဟာ မနှစ်ကရှိခဲ့တဲ့တန်ဖိုးရဲ့ အစိတ်အပိုင်းလောက်သာရှိတဲ့ တန်ဖိုးနဲ့
Bank of America ကို အောက်ဈေးနဲ့ ရောင်းလိုက်ရပါတယ်။

ဒီရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေဟာ အမေရိကန် အိမ်ရောင်းဝယ်ရေး ငွေချေးတဲ့စနစ်
အကျပ်အတည်းနဲ့ ကြုံခဲ့ရတဲ့အဖြစ်နဲ့လည်း ဆက်စပ်နေပါတယ်။ အဲဒီကုမ္ပဏီကြီှးနှစ်ခုရဲ့
ရင်းနှီးမြှုပ်နှံသူတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေကို သမ္မတဘုရှ်က စာနာကြောင်းနဲ့ ဘဏ္ဍာ
ရေးစနစ်ကြီးတခုလုံးကိုခြုံပြီး အာရုံစိုက်နေတယ်လို့လည်း ပြောပြပါတယ်။

"ကျယ်ပြောလှတဲ့ စီးပွားရေးနယ်ပယ်မှာ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်ဖွံ့ဖြိုးရေး
အတွက် ဒီလို အနှောင့်အယှက်၊ အဟန့်အတားတွေ လျှော့ချနိုင်အောင်၊ ထိခိုက်မှုတွေ
နည်းနိုင်သမျှနည်းအောင် ကျနော်တို့ လုပ်နေကြပါပြီ။"

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဟင်နရီ ပေါလ်ဆင် (Henry Paulson) ကတော့
ဈေးကွက်ဟာ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်ကို ဖြတ်သန်းနေကြရပေ
မယ့် လူထုအနေနဲ့ အမေရိကန် ဘဏ္ဍာရေးစနစ်ရဲ့ အခြေခိုင်မာမှုနဲ့ ကြံ့ကြံ့ခံနိုင်ရည်ရှိမှု
ကို ယုံကြည်စိတ်ချသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

လာမယ့်သမ္မတရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးထွက်နေတဲ့ ဒီမိုကရက်သမ္မတ
လောင်း ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ ဒီအဖြစ်ကို အခုလို သုံးသပ်
ထားပါတယ်။

"အလုပ်ကို အပတ်တကုပ်ကြိုးစားရင်း ဘ၀ကို ရုန်းကန်နေကြရတဲ့ အမေရိကန်တွေက
အစ ဝေါလ် စထရိ စတော့ရှယ်ယာဈေးကွက်က ဧရာမ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတွေ
အဆုံး သာယာဝပြောမှုကို ဆောင်ကြဉ်းပေးရမယ့်အစား နစ်နာစရာတွေကို ဖြန့်ဝေ
ပေးနေတာပဲ တွေ့နေရပါတယ်။ ဒီနိုင်ငံအနေနဲ့ မအောင်မြင်တဲ့ အတွေးအခေါ်၊ အယူ
အဆတွေနဲ့ နောက်ထပ် ၄ နှစ်ဆက်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးဗျာ။"

ရီပတ်ဘလီကန်သမ္မတလောင်း ဂျွန်မက်ကိန်း (John McCain) ကတော့ အခုလက်ရှိ
ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းတွေကို ဆေးမြီးတိုနဲ့ ကုမယ့်အစား ပိုပြီး ပွင့်လင်းတဲ့
စနစ်သစ်နဲ့ အစားထိုးသင့်တယ်လို့ ပြောဆိုလိုက်ပါတယ်။

"အခုအဖြစ်ကို လူထုက သိပ်လန့်နေကြပါတယ်။ ကျနော်တို့ရဲ့ အခြေခံစီးပွားရေးက
တော့ ခိုင်မာနေဆဲပဲလို့ ကျနော်ယူဆပါတယ်။ ဒါပေမယ့် အခုအချိန်က သိပ်ကိုခက်ခဲတဲ့
အခိုက်အတန့်နဲ့ ကြုံနေရတာပါ။"

ဒီမိုကရက်တစ်ပါတီရဲ့ ဒု-သမ္မတလောင်း ဂျိုးဘိုင်ဒန် (Joe Biden) ကတော့ ဂျွန်မက်ကိန်း
ရဲ့ စီးပွားရေးအစီအစဉ်ဟာ သမ္မတဘုရှ်ရဲ့ ၈ နှစ်ကြာ မအောင်မြင်တဲ့စနစ်ကို ဆက်ပြီး
ချဉ်းကပ်မယ့်ပုံ ပေါ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရီပတ်ဘလီကန်
ဒု-သမ္မတလောင်း ဆာရာ ပေလင်း (Sarah Palin) ကတော့ ကော်လိုရာဒိုပြည်နယ်မှာ
စည်းရုံးရေးခရီးထွက်နေတုန်း သမ္မတလောင်း ဂျွန်မက်ကိန်းနဲ့ အတူတွဲပြီး အမေရိကန်
စီးပွားရေး တိုးတက်အောင် အကောင်းဆုံးသော နည်းလမ်းကတော့ အခွန်အတုပ်တွေ
လျှော့ပြီးကောက်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG