သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမန် အမေရိကန် သံရုံးကို တိုက်ခိုက်မှု အယ်လ်-ကိုင်းဒါး လက်ချက် ဖြစ်နိုင်


ယီမန် နိုင်ငံ မြို့တော်၊ ဆနားက အမေရိကန် သံရုံးကို တိုက်ခိုက်တာဟာ လုံခြုံရေး အခိုင်အမာ စောင့်ကျပ်နေတဲ့ သံရုံးကို ချိုးဖောက်ချင်တဲ့ အကြမ်းဖက် သမားတွေရဲ့လုပ်ရပ် ဖြစ်ပုံရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောလိုက်ပါတယ်။ တိုက်ခိုက်တဲ့ ပုံကတော့ အယ်လ်-ကိုင်းဒါးအဖွဲ့ လုပ်ပုံကိုင်ပုံပဲလို့ တာဝန်ရှိသူတွေက ဆိုပေမယ့် ဘယ်သူဆိုတာကိုတော့ အတိအကျ ကောက်ချက်ချ မပြောပါဘူး။အပြည့်အစုံကို ဦးကျော်ကျော်သိန်းက တင်ပြထားပါတယ်။

သံရုံးရဲ့ နံရံမှာ အပေါက်ကြီး တခုဖြစ်သွားအောင် ဖောက်ခွဲပြီး အထဲက လူတွေကို သတ်ဖြတ်ဖို့ အကြမ်းဖက်သမားတွေက ကြိုးစားခဲ့တာကို တားဆီးနိုင်ခဲ့တဲ့အတွက် ယီမန် လုံခြုံရေး အစောင့်တွေကို အမေရိကန် နိုင်ငံခြားရေးဌာန တာဝန်ရှိ သူတွေက ချီးကျူး ပြောဆိုလိုက်ပြီး သံရုံး လုံခြုံရေးကို တိုးမြှင့်လိုက်တယ်လို့ ဗွီအိုအေ သတင်းထောက် David Gollust က သတင်း ပေးပို့ပါတယ်။

ဆနား က လာတဲ့ ကနဦး စုံစမ်း စစ်ဆေးမှုတွေအရ ဆိုရင် ဖြစ်ပုံက ဒီလိုပါ။ ပထမဆုံး ဗုံးတွေ တင်ထားတဲ့ ကားနှစ်စီးကို အမေရိကန် သံရုံး အဓိက ဝင်ပေါက် အပြင်ဘက်မှာ ဖောက်ခွဲပါတယ်၊ ဒုတိယ ဖောက်ခွဲမှုကြောင့် ကျိုးပေါက်သွားတဲ့ သံရုံး နံရံ အပေါက်ကနေ အတွင်းထဲကို သေနတ်သမားတွေက ခြေလျင် ဝင်တိုက်နိုင်မယ်လို့ မျှော်လင့်ထားခဲ့ကြတာပါ။
ဒါပေမယ့် ကွန်ကရိ တံတိုင်းဟာ ဖောက်ခွဲမှုကို ခံနိုင်ခဲ့သလို ယီမန် စစ်သားတွေက သေနတ်သမားတွေကို တိုက်ခိုက်နိုင်ခဲ့ပြီး နှစ်ဘက်စလုံးမှာ အသေအပျောက် ရှိခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ်က ယီမင်သမ္မတ အာလီ အဗ္ဗဒူလာ ဆားလားကို တယ်လီဖုန်းဆက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရတဲ့အပေါ် ဝမ်းနည်းပါကြောင်းနဲ့ လက်ရှိနဲ့ အနာဂတ်ကာလမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ယီမန် နိုင်ငံနဲ့ ပူးတွဲ ဆောင်ရွက် ရတဲ့အပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ သူတို့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်ဖို့ အပြစ်မဲ့သူတွေကို သတ်ဖြတ်မယ့် အစွန်းရောက် ဝါဒီတွေနဲ့ အမေရိကန် ပြည်ထောင်စုဟာ စစ်ဖြစ်နေဆဲပဲ ဆိုတာကို သတိပေးချက် တခုဖြစ်တယ်လို့ အီရတ်က အမေရိကန် တပ်မှူးဟောင်း ဗိုလ်ချုပ်ကြီး ဒေးဗစ် ပက်ထရေးယပ်စ်နဲ့ သမ္မတအိမ်ဖြူတော်ဆွေးနွေးပွဲတခုမှာ အမေရိကန်သမ္မတဘုရှ်က ပြောပါတယ်။ Bush

“ဒီ အစွန်းရောက် ဝါဒီတွေရဲ့ ရည်မှန်းချက် တခုကတော့ သတ်ဖြတ်ဖို့၊ အမေရိကန် ပြည်ထောင်စုကို ကြောက်ရွံ့သွားအောင် လုပ်ဖို့နဲ့ ကမ္ဘာ့ ဒေသတွေကနေ ဆုတ်ခွာသွားစေဖို့ ဖြစ်ပါတယ်။ ကျနော်တို့ ပြောချင်တာကတော့ အစွန်းရောက် ဝါဒီတွေရဲ့ ရန်ကနေ လွတ်မြောက်အောင် အစိုးရတွေကို ကျနော်တို့ ကူညီချင်တယ် ဆိုတာပါပဲ။ လူတွေကို ပုံမှန် ရှင်သန် နေထိုင်စေချင် ပါတယ်။ ပိုမိုကောင်း မွန်တဲ့ ကမ္ဘာကြီးရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်တွေကို ရယူ ခံစားနိုင်အောင် သားတွေသမီးတွေကို မိခင်တွေက ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်မှာ မြေတောင်မြှောက်ပေး နိုင်စေချင်ပါတယ်။”

ယီမန်နိုင်ငံဟာ လုံခြုံရေးအတွက် အမေရိကန် ပြည်ထောင်စုက အဓိက အာရုံစိုက်ရာ နိုင်ငံ တခုဖြစ်ခဲ့တာ ကြာပါပြီ။ ၂၀၀၀ ပြည့်နှစ်တုန်းက ယီမန် ဆိပ်ကမ်းမြို့ အေဒင်မှာ ဆိုက်ကပ်ထားတဲ့ အမေရိကန် ရေတပ် သင်္ဘော USS Cole ကို အယ်လ်-ကိုင်းဒါး အဖွဲ့ဝင်တွေက စပိဘုတ်နဲ့ ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် ရေတပ်သား ၁၇ ယောက် သေဆုံးခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း သံရုံး အိမ်ယာကို မော်တာ ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် သာမန် သံရုံး ဝန်ထမ်းတွေနဲ့ မှီခိုသူတွေကို ယီမန် နိုင်ငံကနေ အမေရိကန် ပြည်ထောင်စုဆီ ပြန်ခေါ်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့လကမှ သူတို့ကို ပြန်သွားခွင့် ပြုခဲ့တာပါ။

ယီမန် အစိုးရအနေနဲ့ လုံခြုံရေး တိုးမြှင့်မှုကို အကြီးအကျယ် လုပ်ခဲ့ပေမယ့် ပိုလုပ် နိုင်ပါသေးတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေး ဆိုခွင့်ရှိသူ ရှောင်န် မက်ကောမက်ကပြောပါတယ်။

“လုံခြုံရေး တာဝန်ရှိသူတွေနဲ့ စကားပြောပြီးတဲ့နောက် အသေအချာ ပြောနိုင်တယ်လို့ ကျနော် ထင်တာကတော့ ဒီတိုက်ခိုက်မှုဟာ အယ်လ်-ကိုင်းဒါးအဖွဲ့ လုပ်ပုံကိုင်ပုံအားလုံးနဲ့ တူနေတယ်ဆိုတာပါပဲ။ ကားဗုံးတွေ ဖောက်ခွဲတယ်၊ ခြေလျင် ဝင်တိုက်မယ့် လက်နက် ကိုင်တွေပါတယ်၊ သံရုံး ဝင်းကို ချိုးဖောက်ဖို့ ကြိုးစားတယ်၊ အထဲကို အရောက်ဝင်ပြီး နောက်ထပ် ပျက်စီးမှုတွေနဲ့ အသက်သေဆုံးမှု တွေဖြစ်အောင် ကြိုးစားတာပါပဲ။”

ဝန်ထမ်း အားလုံး ဘေးကင်း ရန်ကင်း ရှိနေပြီး သံရုံးကို ယာယီ ပိတ်ထားတယ်လို့ မက်ကောမက်က ပြောပါတယ်။
တိုက်ခိုက်မှုကို စုံစမ်း စစ်ဆေးနေတဲ့အပေါ် ပူးပေါင်း ဆောင်ရွက်ဖို့ ဌာနပေါင်းစုံက ကျွမ်းကျင်သူတွေပါတဲ့ အမေရိကန် အဖွဲ့တဖွဲ့ကို စေလွှတ်ထားပြီး လုံခြုံရေးဆိုင်ရာ လုပ်ဆောင်မှု အသစ်တွေအကြောင်း ပြောဖို့ရာကတော့ စောလွန်းပါသေးတယ်လို့ ရှောင်န် မက်ကောမက်က ပြောခဲ့ပါတယ် ခင်ဗျား။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG