အမေရိကန်ပြည်ထောင်စုမှာ အကြွေးတွေနဲ့ ရင်ဆိုင်နေရတဲ့ ဘဏ်တွေ ငွေကြေး အဖွဲ့အစည်းတွေရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အဖွဲ့အစည်းတရပ် ဖန်တီးဖို့ သမ္မတ ဘုရှ် အစိုးရက တိုက်တွန်းထားပါတယ်။ Wall Street ဘဏ္ဍာရေး အသိုင်းအ၀ိုင်းမှာ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး အခက်အခဲတွေ ပြေလည်အောင် အားထုတ်မှုလည်း ဖြစ်ပါတယ်။ အခွန်ထမ်းပြည်သူတွေရဲ့ ဘဏ္ဍာငွေ သိန်းပေါင်း သန်းနဲ့ ချီပြီးတော့ ဘဏ်တွေ အပေါင်ဆုံး အကြွေးတွေကို ၀ယ်ယူဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။ ဗွီအိုအေ သတင်းထောက် ဘယ်ရီ ၀ု(ဒ်) ရဲ့ သတင်းလွှာကို မညိုညိုလွင် က တင်ပြထားပါတယ်။
လက်ရှိ အခြေအနေမှာ ငွေကြေးစနစ်တခုလုံးဟာ မကြုံဖူးတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်နေရကြောင်း ပြောကြားရင်း ငွေကြေး ဈေးကွက် ပြန်လည် တည်ငြိမ်လာအောင် အစိုးရက ၀င်ရောက် စွက်ဖက်ရမှာ ဖြစ်တယ်လို့ သမ္မတ ဘုရှ် က ပြောကြားခဲ့ပါတယ်။ ဒီအတွက် အရေးပေါ် ဥပဒေကြမ်းကို ဥပဒေပြု အမတ်များရဲ့ ရှေ့မှောက် နောက် နှစ်ရက်မှာ တင်ပြမယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဟင်နရီ ပေါ်လ်ဆင်န် က ဆိုပါတယ်။
“ကျနော်တို့ရဲ့ ငွေကြေးစနစ်က အခက်အခဲတွေကို ဖယ်ရှားပစ်နိုင်ဖို့အတွက် ဒီဥပဒေကြမ်း အတည်ဖြစ်လာအောင် ကွန်ဂရက် လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကျနော် မျှော်လင့်နေပါတယ်။ ဒီအခက်အခဲတွေကို ကျော်လည်း ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ နောက်လုပ်ငန်းစဉ်ကတော့ ငွေကြေးအဆောက်အဦ ရဲ့ နည်းစနစ်တွေကို ပိုမိုကောင်းမွန်အောင် ပြုလုပ်ဖို့နဲ့ အဓိက ဖြစ်ခဲ့တဲ့ အလွန်အကျွံ ကိစ္စတွေ ထပ်မံမဖြစ်ပွားစေဖို့ပဲ ဖြစ်ပါတယ်။”
သူတို့ရဲ့ အစီအစဉ်နဲ့ပတ်သက်လို့ ၀န်ကြီး ပေါ်လ်ဆင်န် နဲ့ အမေရိကန် ဗဟိုဘဏ် ဥက္ကဌ ဘန်း ဘန်နက်ကီ တို့က ကွန်ဂရက် ခေါင်းဆောင်တွေကို ကြာသပတေးနေ့ က ရှင်းပြခဲ့ကြပါတယ်။ နောက်တပတ်ကျရင် ကွန်ဂရက် က ဒီဥပဒေကြမ်းကို အတည်ပြုမယ် လို့လည်း ဘဏ္ဍာရေးဝန်ကြီးက မျှော်လင့်နေပါတယ်။ သူတို့ရဲ့ အစီအစဉ်အတိုင်းဆိုရင် ဆုံးရှုံးနေတဲ့ အကြွေးအားလုံးတိုင်းကို ၀ယ်ယူနိုင်တဲ့ အစိုးရ ဆိုင်ရာ အဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းဖို့ပဲ ဖြစ်ပါတယ်။ အလားတူ အဖွဲ့အစည်းတရပ် ဖြစ်တဲ့ Resolution Trust Corporation (RTC) ကို ၁၉၈၉ ခုနှစ်က အိမ်ခြံမြေ ချေးငှားမှု ကိစ္စမှာ ဆုံးရှုံးနေတဲ့ အကြွေးတွေကို ကိုင်တွယ်ဖို့အတွက် ဖန်တီးခဲ့ဖူးပါတယ်။ အဲဒီ RTC အဖွဲ့ဟာ အခွန်ထမ်း အမေရိကန် ပြည်သူတွေရဲ့ ဘဏ္ဍာငွေ သန်းပေါင်း ၁၅၀,၀၀၀ ကို သုံးစွဲခဲ့ရပါတယ်။
အခုလောလောဆယ် ဆုံးရှုံးနေတဲ့အကြွေးတွေကို ကိုင်တွယ်ဖို့ ဖွဲ့စည်းမယ့် အဖွဲ့ဟာ အဲဒီ ငွေကြေးပမာဏထက် အဆပေါင်း မြောက်များစွာ ပိုမိုသုံးစွဲရလိမ့်မယ်လို့ ပေါ်လ်ဆင်န် က တွက်ပါတယ်။
“ကျနော်တို့ ပြောနေတာက ဒေါ်လာ သန်းပေါင်း သိန်းသန်းချီပြီး ပြောနေတာ ဖြစ်ပါတယ်။ တကယ် အပြောင်းအလဲ ဖြစ်နိုင်အောင် ပြဿနာကို ထဲထဲဝင်ဝင် ကိုင်တွယ်ဖြေရှင်းနိုင်အောင် များပြားတဲ့ ငွေကြေးပမာဏ လိုအပ်ပါတယ်။”
ဘဏ္ဍာရေး ပြဿနာနဲ့ပတ်သက်ပြီး အခုတပတ်အတွင်း သုံးကြိမ်မြောက် ရှင်းလင်းပြောကြားရာမှာ သမ္မတ ဘုရှ် က အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေး အများအပြား နဲ့ စွန့်စားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးနေ့မှာတော့ ဒီငွေကြေးတွေကို ပြန်ရဖို့ သူ မျှော်လင့်တယ်လို့ ပြောသွားပါတယ်။ တကယ်လို့ အစိုးရကသာ ဒီလို ၀င်ရောက် မဆောင်ရွက်ဘူးဆိုရင် ငွေကြေးယန္တရား တခုလုံး ရပ်ဆိုင်းသွားမယ့် အန္တရာယ် ရှိတယ်လို့လည်း ဆိုပါတယ်။ ဒီလုပ်ရပ်ကြောင့် အစုရှယ်ယာ ဈေးကွက် အညွှန်းကိန်းတွေ မြင့်တက်လာတဲ့အတွက် Wall Street ဘဏ္ဍာရေး အသိုင်းအ၀ိုင်းက ကြိုဆိုပါတယ်။ ဒီတပတ် စောစောပိုင်းက ရင်နှီးမြှုပ်နှံရေး ဘဏ်တိုက်ကြီးတခု ပြိုပျက်ပြီး အာမခံ ကုမ္ပဏီကြီး တခုကို အစိုးရက လွှဲပြောင်း ယူလိုက်ရတဲ့အတွက် အစုရှယ်ယာ ဈေးတွေဟာ အဆမတန် ကျဆင်းခဲ့ရတာပါ။
အမေရိကန်ပြည်ထောင်စု အစိုးရအနေနဲ့ အမေရိကန်ရဲ့ နံမည်အကြီးဆုံး ဘဏ္ဍာရေး အဆောက်အဦ အချို့ကို ၀ယ်ယူဖို့ အတွက် ဒေါ်လာ သန်းပေါင်း ၆ သိန်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။