သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စမ်းချောင်း အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေကို လွှတ်ပေးရန် အိုင်အယ်လ်အို တောင်းဆို


အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား အဖွဲ့ကြီးနဲ့ဆက်သွယ်တယ်ဆိုပြီး စမ်းချောင်းမြို့ နယ် အဲန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေကို စစ်အစိုးရက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကြီးက ပြောဆိုပါတယ်။ တချိန်တည်းမှာ ဦးသက်ဝေကို လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဦးသက်ဝေကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပန်းပဲတန်းတရားရုံးက ဝတ္တရားနှောင့်ယှက်မှုနဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဦးသက်ေ၀ ဟာ လွန်ခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က တကိုယ်တော် ဆန္ဒပြသူ ဦးအုန်းသန်းရဲ့ အမှုကို သွားပြီး နားထောင်တဲ့အချိန် သူ့ကိုယ်ပေါ်မှာ အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ကြီးနဲ့ ဆက်သွယ်တဲ့ ကွန်ပျူတာသုံး Memory Stick တခုကို အာဏာပိုင်တွေ သိသွားခဲ့ရာက တရားစွဲဆိုခံခဲ့ရတာ ဖြစ်ပါတယ်။ အရင် အာမခံ ငွေ ၅၀၀,၀၀၀ နဲ့ လွှတ်ထားခဲ့ပြီး စက်တင်ဘာလ ၁၆ ရက်နေ့ကမှ တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဂျနီဗာမှာရှိတဲ့ အိုင်အယ်လ်အို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ မစ္စတာ ကာရီ တပီအိုလာ (Kari Tapiola) ကတော့ ဦးသက်ေ၀ ကို အခုလို စစ်အစိုးရက ထောင်ချလိုက်တာနဲ့ ပတ်သက်ပြီး အခုလို ပြောဆိုပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ အထူးပဲစိုးရိမ်တဲ့အကြောင်း မြန်မာစစ်အစိုးရကို အကြောင်းကြားထားသလို ကျနော်တို့ ဒေါသလည်း ဖြစ်မိပါတယ်။ ဦးသက်ဝေရဲ့ ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ စောင့်ကြည့်နေခဲ့တာ ကြာပါပြီ၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကျနော် မြန်မာနိုင်ငံကို သွားခဲ့တဲ့အချိန် မြန်မာစစ်အစိုးရနဲ့ ကျနော် ဆွေးနွေးခဲ့ပါတယ်။ အဲဒီအချိန်က ဦးသက်ဝေကို အိုင်အယ်လ်အိုနဲ့ ဆက်သွယ်တဲ့အတွက် ဖမ်းဆီးခဲ့တာတွေနဲ့ပတ်သက်လို့ စစ်အစိုးရဘက်က သူတို့ စွပ်စွဲထားတဲ့ ပစ်မှုတချို့ ကို ပြန်ရုတ်သိမ်းပေးခဲ့ပါတယ်။ အိုင်အယ်လ်အိုနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာဟာ မသင့်တော်ဘူးလို့ ကျနော်တို့ဘက်က ပြောခဲ့တာပါ။”

စက်တင်ဘာလ ၁၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အိုင်အယ်လ်အိုရဲ့ ကြေညာချက်မှာတော့ ဦးသက်ဝေဟာ အဓမ္မလုပ်အားပေး ခိုင်းစေခံရသူတွေရဲ့ အမှုတွေအပါအဝင်၊ စစ်တပ်ထဲကို အတင်းအကြပ် ဝင်ခိုင်းခံခဲ့ရတဲ့ အသက်ငယ်တဲ့ ကလေးစစ်သားတွေရဲ့ ကိစ္စတွေကိုလည်း တိုင်ကြားခဲ့သူ ဖြစ်တဲ့အကြောင်း၊ သူ့ရဲ့ တိုင်ကြားချက်တွေကိုလည်း အရင်က အောင်အောင်မြင်မြင် ဖြေရှင်း ပေးနိုင်ခဲ့တဲ့အကြောင်းတွေကို ဖော်ပြထားပါတယ်။ ဒီလို အဓမ္မစေခိုင်းမှုတွေနဲ့ ခလေးစစ်သားတွေရဲ့ ကိစ္စတွေကို ဖြေရှင်းပေးရေးဟာ အိုင်အယ်လ်အိုနဲ့ စစ်အစိုးရအကြား သဘောတူညီချက် ဖြစ်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ ကာရီ တပီအိုလာ ကတော့ ဦးသက်ေ၀ အပေါ် စွပ်စွဲထားတဲ့ အမှုတွေကို ရုတ်သိမ်းပြီး ဝတ္တရားနှောင့်ယှက်မှုနဲ့ ထောင်ချခဲ့ပေမယ့် ဒီလို ဖမ်းဆီးတာဟာ မဖြစ်သင့်ဘူးလို့ အခုလိုပြောပါတယ်။

“စွပ်စွဲထားတဲ့ ပြစ်မှုတချို့ ကို ရုတ်သိမ်းပေးပေမယ့် အခြား ပြစ်မှုတွေ ရှိနေသေးတယ် ဆိုတာကတော့ အထင်အရှားပါပဲ၊ ဦးသက်ေ၀ အနေနဲ့ အခြားပြစ်မှုတွေနဲ့လည်း တရားစွဲဆိုခံရဖို့ မသင့်ပါဘူး၊ ထောင်ဒဏ် အပြစ်ဒဏ်ချမှတ် ခံသင့်တယ်လို့လည်း ကျနော်တို့ မယုံကြည်ပါဘူး။ ကျနော်တို့အနေနဲ့ ဦးသက်ဝေကို ချက်ချင်းလွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။”

စစ်အစိုးရအနေနဲ့ ဦးသက်ဝေကို လွှတ်ပေးဖို့အပြင် အိုင်အယ်လ်အိုနဲ့ သဘောတူထားတဲ့ နားလည်မှု သဘောတူညီချက် တွေကို လိုက်နာခြင်း မရှိမရှိ မေးခွန်းထုတ်ရလိမ့်မယ် လို့လည်း အိုင်အယ်လ်အိုရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အိုင်အယ်လ်အိုနဲ့ သဘောတူညီချက်အရ အဓမ္မစေခိုင်းမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားသူတွေကို အာဏာပိုင်တွေဘက်က လက်တုန့်ပြန်တာမျိုး၊ အရေးယူတာမျိုးတွေမလုပ်ဘဲ အကာအကွယ်ပေးရမှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG