မြန်မာ ပြည်သူ တရပ်လုံးက ဒီမိုကရေစီလိုလားတဲ့ အကြောင်း ၁၉၈၈ခုနှစ်က
နိုင်ငံတ၀ှမ်းလုံး ပြသခဲ့ကြတဲ့ လူထု ဆန္ဒပြပွဲတွေကို စစ်တပ်က အကြမ်းဖက်
ဖြိုခွဲခဲ့ပြီး တိုင်းပြည်ကို အာဏာသိမ်း အုပ်ချုပ်ခဲ့တာ စက်တင်ဘာလ ၁၈
ရက်နေ့ကဆိုရင် နှစ် ၂၀ ပြည့်လာခဲ့ပါပြီ။
ဒီအချိန်ဟာ ပြီးခဲ့တဲ့နှစ် ၂၀၀၇ခု
ရွှေဝါရောင် တော်လှန်ရေး သံဃာ့လှုပ်ရှားမှု နှစ်ပါတ်လည် ကာလနဲ့ လည်း
တိုက်ဆိုင် နေတာမို့ နိုင်ငံတကာရောက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေက
အထိမ်းအမှတ်ပွဲတွေ ကမ္ဘာတ၀ှမ်းမှာ ကျင်းပခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာကတော့
စစ်တပ်ရဲ့ လုံခြုံရေး အထူး တင်းကျပ်မှုတွေ ရှိနေခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက်
မြန်မာတွေကတော့ ဘန်ကောက်မှာ ရှိတဲ့ မြန်မာ သံရုံးရှေ့မှာ စစ်တပ်ရဲ့
အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့
တောင်းဆိုခဲ့ပါတယ်။
မြန်မာ စစ်အစိုးရကတော့ ဒီမိုကရေစီ
နိုင်ငံအဖြစ် ပြောင်းလဲရေး ဆိုပြီး အချက် ၇ချက်ပါတဲ့
လမ်းပြ မြေပုံအတိုင်း လာမယ့် ၂၀၁၀ခုနှစ်မှာ နောက်ထပ် ရွေးကောက်ပွဲ တခုကို ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ ဒါပေမယ့်လည်း တဘက်မှာတော့ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်
သက်တမ်း ထပ်တိုးထားပြီး ဒီမိုကရေစီ လှုပ်ရှားသူတွေကို ထောင်နဲ့ချီပြီး
ဖမ်းဆီး ထောင်ချထားပါတယ်။ ဒီမိုကရေစီ အင်အားစုတွေကတော့ စစ်အစိုးရရဲ့  လမ်းပြ
မြေပုံဟာ တရားမျှတမှု မရှိဘူးဆိုပြီး ကန့်ကွက်နေကြပါတယ်။