သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အစားအစာတွေ အစစ်အဆေးမရှိ နယ်စပ်ကျော်ဝင် နေဆဲ


တရုတ်နိုင်ငံအတွင်းမှာ ဘေးဖြစ်စေတဲ့ နို့မုန့်တွေကြောင့် ခလေးငယ်တွေ သေဆုံးတဲ့ သတင်းတွေ ထွက်နေပေမယ့် တရုတ်နိုင်ငံလုပ် နို့မုန့်နဲ့ အစားအသောက် တွေကတော့ နယ်စပ်ကို ဖြတ်ပြီး အစစ်အဆေးမရှိ ဝင်နေဆဲပဲလို့ တရုတ်နယ်စပ် သတင်းရပ်ကွက်တွေက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းကို ဘေးဖြစ်စေတဲ့ တရုတ် နို့မုန့်တွေကို တင်သွင်းမယ်ဆိုရင် သက်ဆိုင်ရာက အရေးယူမယ့် အကြောင်း ပြည်တွင်းထုတ် ဂျာနယ်တွေမှာ ဖော်ပြနေကြပါတယ်။ စစ်အစိုးရ သတင်းစာတွေမှာလည်း တရုတ်နိုင်ငံမှာ နို့မုန့် ကနေ ခလေးငယ်တွေ သေဆုံးရတာတွေ အပါအဝင် ကျန်းမာရေး ထိခိုက်လို့ ဆေးရုံတင်ရတဲ့ သတင်းတွေကို ဖော်ပြခဲ့ပါတယ်။

တရုတ်မြန်မာနယ်စပ် အခြေစိုက် ကချင် ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ဥက္ကဌ ဦးအောင်ဝါ ကတော့ ပြည်ပ သတင်းဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေကြောင့် တရုတ်နို့မုန့်တွေနဲ့ ပတ်သက်လို့ သတိထားမိတာတွေ ရှိပေမယ့် တရုတ်နိုင်ငံလုပ် အစားအသောက်တွေ မြန်မာနိုင်ငံအတွင်းကို နယ်စပ် ဖြတ်ပြီး အရင်လို ပုံမှန် ရောင်းဝယ်နေဆဲပဲ ဖြစ်တဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။

“တရုတ်ပြည်ဘက်က သွင်းတဲ့ ဟာတွေတော့ ရှိတာပေါ့။ ဒီဘက်မှာတော့ သုံးနေတဲ့ ဟာတွေ ရှိပါတယ်။ ဒီ နယ်စပ်ကတဆင့် သွားလာနေတာ။ သိပ်ပြီး သုံးတဲ့ အဆင့်တော့ မရှိပါဘူး။ ဒီမှာ ရေဒီယို တွေကနေ ကြားသလောက်ပဲ ရှိနေတယ်။ သိပ်ကြီး အစိုးရကလည်း လက်ရှိ အခြေအနေမှာ သိပ်ပြီး သတိပေးတဲ့အချက်တွေလည်း မရှိဘူး။ ဒီက လူထုတွေကတော့ ဒီဟာကို ရေဒီယိုထဲက ကြားတဲ့အတွက် သတိထားတာတော့ ရှိတယ်။ တရုတ်ပြည်ဘက်က အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်း ဆောက်လုပ်ရေး ပစ္စည်းတွေ တရုတ်ပြည်ဘက်က ဝင်တာများပါတယ်။ အဓိက တရုတ် ပြည်က သုံးနေရတဲ့ အဆင့်ဖြစ်တယ်လေ၊ ဆပ်ပြာက အစ၊ ဒီမှာက အစစ်အဆေးတော့ ဘာတော့ မရှိဘူး။ ဟိုကနေ ပို့နေတာတော့ သုံးနေတာပဲ။ ဒီမှာ စစ်ဆေးတဲ့ ဂိတ်တွေမှ မရှိတာ၊ ဒီအတိုင်းပဲ ဥဒဟိုသွားနေတာပဲ၊ ရောဂါ ဖြစ်တယ်။ ကျန်းမာရေး စစ်ဆေးတာ ဘာမှမရှိပါဘူး။ ဖြစ်ရင်လည်း လူထုက ခံယုံပဲ ရှိတာပဲ။”

တရုတ်-မြန်မာနယ်စပ် အခြေစိုက် ကချင် ဖွံ့ဖြိုးရေး ကွန်ယက်အဖွဲ့ ဥက္ကဌ ဦးအောင်ဝါ ပြောသွားတာပါ။ တရုတ်နိုင်ငံမှာ နို့မုန့်တွေကြောင့် ခလေးငယ်တွေ ဘေးအန္တရာယ် ကျရောက်တဲ့သတင်းတွေ ထွက်လာခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံက နို့နဲ့ နို့ထွက်ပစ္စည်းထုတ် Yashili နဲ့ Suncare ကုမ္မဏီတွေက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘရွန်ဒီ နိုင်ငံတွေကို တင်ပို့ခဲ့တဲ့ ပစ္စည်းတွေကို ပြန်လည်ရုတ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ နို့မှုန့်အများစုဟာ တရုတ်နိုင်ငံက နည်းမျိုးစုံနဲ့ တင်သွင်းလာတဲ့ နို့မှုန့်တွေက အများစုဖြစ်တဲ့အကြောင်း စားသုံးသူတွေက ပြောကြပါတယ်။ လူထုကြားမှာ အသုံးအများဆုံးက နွားတံဆိပ်ဖြစ်ပေမယ့် အခု ပြဿနာဖြစ်နေတဲ့ နို့မှုန့်ဗူးကတော့ အောက်ခြေက အဖြူရောင်ခံပြီးတော့ တဖြည်းဖြည်းနဲ့ အပေါ်ပိုင်းမှာ အပြာရောင် အဖျော့ကနေ ရင့်လာတဲ့ ဗူးဖြစ်ပါတယ်။ ဗူးအပြင်မှာ တရုတ်စာတန်းအပြင် ရင်ဘတ်ကို လက်အုပ်ထားတဲ့ မိခင်တယောက်ရဲ့ပုံကိုလည်း စက်ဝိုင်းအတွင်းမှာ ဖော်ပြထားပါတယ်။

အခု ပြဿနာတွေဖြစ်နေတဲ့ ဆန်းလု နို့မှုန့်ဟာ တခြား မြန်မာနိုင်ငံမှာ လူသုံးများတဲ့ နို့မှုန့်တွေထက် ဈေးနဲနဲ ပိုများတာကြောင့် သိပ်မတွင်ကျယ်လှပေမယ့် တရုတ် - မြန်မာ နယ်စပ်က ကုန်သည်တွေရဲ့ အဆိုအရကတော့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်ပြည်နယ်ထဲကို ဒီနို့မှုန့်တွေ တင်သွင်းတာကြောင့် မြန်မာနိုင်ငံထဲကိုလည်း မှောင်ခိုလမ်းက တင်သွင်းပြီး အနည်းနဲ့ အများဆိုသလို သုံးစွဲမှုတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အခု ဘေးအန္တရာယ်ဖြစ်ခဲ့တယ်ဆိုတဲ့ နို့မုန့် တံဆိပ်ဟာ မြန်မာနိုင်ငံအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးများတဲ့ တံဆိပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နယ်ခြားကျော်ပြီး မှောင်ခိုလမ်းကြောင်းနေ တရုတ်နို့မုန့် နဲ့ တရုတ်ပစ္စည်းတွေ မြန်မာနိုင်ငံထဲကို အစစ်အဆေးမရှိ ဝင်နေတဲ့အတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ အစားအသောက်တွေ ပါလာခဲ့ရင်လည်း ကြိုတင်သိဖို့ မလွယ်ကူတဲ့အကြောင်း နယ်စပ်သတင်း ရပ်ကွက်က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG