နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ဒါမှ မဟုတ် ကမ္ဘာ့ အပစ်အခတ် ရပ်ဆဲရေးနေ့အဖြစ်
ကုလသမဂ္ဂ အဖွဲ့ကြီးက သတ်မှတ် ထားတဲ့ ဒီနေ့မှာ မြန်မာနိုင်ငံကို တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး
ရနိုင်ဖို့ မျိုးချစ် မြန်မာ့ တပ်မတော်သားတွေ အနေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းကြဖို့
ထိုင်းအခြေစိုက် WLB အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံက တိုက်တွန်းလိုက်ပါတယ်။
ဒီတိုက်တွန်းချက်ဟာ လက်တွေ့ဖြစ်နိုင်ဖို့ ဘယ်လောက် ဖြစ်နိုင်သလဲဆိုတာကို WLBရဲ့ အထွေထွေ
အတွင်းရေးမှူး မနန်းရင်ကို မနော်ရှိုး က မေးမြန်းထားပါတယ်။
ပထမဆုံးအနေနဲ့ စစ်မှန်တဲ့
ငြိမ်းချမ်းရေးဆိုတာဟာ ဘယ်လို ငြိမ်းချမ်းရေးမျိုးကို ဆိုလိုပါသလဲလို့ မေးတဲ့အခါမှာ
မနန်းရင်က အခုလို ဖြေပါတယ်။
ကျမတို့ ပြောတဲ့ ငြိမ်းချမ်းရေး ဆိုတာက တန်းတူညီမျှမှုတွေ ဒီမိုကရေစီ
တည်ဆောက်မှုတွေ တကယ်ပဲ ရှိပြီး၊ လူထု ကိုယ်စားလှယ်တွေနဲ့ ကိုယ့်အမြင်တွေကို ပွင့်ပွင့်လင်းလင်း
ထုတ်ဖော်ပြသနိုင်တဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ ငြိမ်းချမ်ရေးမျိုးကို ဆိုလိုချင်တာပါ။
သုဿာန်တဆပြင်လို မလုံခြုံမှုတွေ၊ ကြောက်ရွံ့မှုတွေ ရှိနေရတဲ့ ငြိမ်းချမ်းရေးမျိုး၊ အပစ်အခတ်
ရပ်စဲမယ်၊ လက်နက်ချမယ်၊ သူတို့ ပြောတဲ့ ဘောင်တွေထဲမှာ လုပ်နေရတဲ့ ငြိမ်းချမ်းရေးမျိုးကို
ကျမတို့ ပြောချင်တာ မဟုတ်ဘူး။
မျိုးချစ် တပ်မတော်သားတွေကို ပြည်သူနဲ့ ပူးပေါင်းဖို့ တိုက်တွန်းတယ်ဆိုတာမှာ
၁၉၈၈ လူထု အုံကြွမှုဖြစ်တဲ့ အခါမှာတုန်း တပ်မတော်သားတွေ အနေနဲ့ ပြည်သူဘက်ကနေ ရပ်တည်တာမျိုးတွေ
ရှိခဲ့တယ်။ ဒါပေမယ့် တနှစ်ပြီးတနှစ် ကြာလာပြီး နှစ်ပေါင်း ၂၀ ရောက်တဲ့အခါမှာ တပ်မတော်နဲ့
ပြည်သူဟာ တကယ်ပဲ တိုင်းပြည်ကောင်းကျိုးအတွက် လက်တွဲ ပူးပေါင်းတာ အခုထိ မျက်ဝါးထင်ထင်
မတွေ့ရပိုင်းမှာ ရှိတယ်ဆိုတော့ မျိုးချစ် တပ်မတော်သားတွေကို ပြည်သူတွေနဲ့ ပူးပေါင်းဖို့
ထပ်ပြီး တိုက်တွန်းတဲ့ အပေါ်မှာ ဘယ်လိုများ မျှော်လင့်ချက်တွေ ရှိပါသလဲ။ မျှော်လင့်လို့ရော
ရမယ် ထင်ပါသလား။
တပ်မတော်သားတွေမှာ တကယ်ပဲ မျိုးချစ်စိတ်နဲ့ ပါချင်တဲ့ သဘောရှိတယ်။
ဒါပေမယ့် စစ်တပ်ဆိုတဲ့အတိုင်းက အမိန့်အောက်မှာ နေရတဲ့အခါမှာ ခက်ကောင်းခက်ပါလိမ့်မယ်။
ဒါပေမယ့် ကျမတို့ အားလုံးက အခု လက်ရှိ ဖြစ်နေတာ တွေဟာ စစ်တပ်ကြီးတခုလုံးက လုပ်နေတာဆိုတဲ့
အတွေးအခေါ်မျိုးမရှိဘဲနဲ့ ဒါတွေဟာ ထိပ်ပိုင်းမှာ ရှိနေတဲ့ အာဏာကို လက်မလွှတ်ချင်တဲ့ လူတစုကပဲ
လုပ်နေတာဖြစ်တယ်။ ငြိမ်းချမ်းရေးလို့ ပြောရင် စစ်တပ်က အရေးကြီးတယ် ဆိုတာ ဟုတ်ပါတယ်။
တပြိုင်နက်ထဲမှာ ကျမတို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။ အားလုံးကသာ တကယ်ပဲ
စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လက်ရှိဖြစ်နေတဲ့ ကျမတို့ နိုင်ငံငြိမ်းချမ်းရေးအတွက်
ဆိုပြီး ကျရာ ကဏ္ဍကနေ မကြောက်မရွံ့ဘဲ လုပ်နိုင်မယ် ဆိုရင် တပ်မတော်သားတွေဟာလည်း ကျမတို့
ဘက်မှာ ရပ်တည်နိုင်လာမှာ ဖြစ်ပါတယ်။ ကျမတို့ အားကောင်းလာတဲ့ အချိန်မှာ တပ်မတော်ဟာလဲ
ကျမတို့ဘက်မှာ ရပ်တည်လာမယ်လို့ ကျမတို့ ယုံကြည်ပါတယ်။
ကျမတို့ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွက်လာဖို့
အဓိကအဆင့်တွေက ဘာလဲဆိုတာကို မနန်းရင်ရဲ့ သဘောတာကို ပြောပြပါ။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရဖို့ ပထမဆုံးအနေနဲ့ စစ်အာဏာရှင် လူတစုကို ဖယ်ရှားပြစ်နိုင်ဖို့က အရေးကြီးတယ်။ နောက်ပြီး လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေဟာ ကောင်းကောင်းမွန်မွန် သေသေချာချာ မရှိခဲ့ရသေးတဲ့အတွက် တိုင်းရင်းသား ပေါင်းစုံ တွေ့ဆုံဆွေးနွေး သွားကြဖို့ ဆိုတဲ့ အဆင့်တွေကတော့ အများကြီးရှိပါတယ်။